Pathein Catholic Diocese

နတ်ဆိုးလူမဟုတ်၊ ဘုရားလူ
ချစ်လှစွာသောဓမ္မမိတ်ဆွေတို့…
ဒီကနေ့ဟာ ဇွန်လရဲ့ ပထမနေ့ရက်ဖြစ်သလို ဒီလဟာဆိုရင် ကက်သလစ်ခရစ်ယန်များဖို့ ယေဇူးရွှေနှလုံးတော်ကို ပိုမိုသဒ္ဒါကြည်ညိုရတဲ့လလည်းဖြစ်ပါတယ်။ ဦးစွာပထမ ယေဇူးရွှေနှလုံးတော်ရဲ့ သနားကြင်နာခြင်း တွေရရှိပြီး မိမိတို့လိုရာဆုကျေးဇူးများယေဇူးရွှေနှလုံးတော်ထံမှ အပြည့်အဝရရှိခံစားရပါစေလို့ ဆုတောင်း ပေးပါတယ်။
ဒီကနေ့ ဧဝံဂေလိကျမ်းစာထဲမှာသခင်ယေဇူးခရစ်တော်က ဒီလောကမှာဆက်ရှိနေအုံမဲ့ သူ့တပည့်တော်ကြီး တွေအတွက်အထူးဆုတောင်း ပေးတယ်ဆိုတာကို ကြားရပါတယ်။
“သန့်ရှင်းမြင့်မြတ်တော်မူသောအဖ၊ အကျန်ုပ်အား ကိုယ်တော်အပ်နှံ ထားသောသသူတို့သည် အကျန်ုပ်တို့ကဲ့သို့ တစ်လုံးတစ်ဝတည်း ရှိကြစေရန်ကိုယ် တော်၏ နာမတော်၌ စောင့်ရှောက်တော်မူပါ…ကိုယ်တော်သည်သူတို့ကိုဤလောကအတွင်းမှထုတ်ဆောင်တော်မူရန်အကျန်ုပ်မတောင်းလျှောက်ပါ။ သို့သော်သူတို့ကိုနတ်ဆိုး၏လက်မှကင်းလွှတ်စေတော်မူပါမည့်အကြောင်းအကျန်ုပ်တောင်းလျှောက်ပါ၏။” လို့ဆုတောင်းပေးတာကိုတွေ့ရတယ်။
သူဒီလောကနေထွက်ခွာသွားပြီးတဲ့နောက် သူ့တပည့်တွေဟာ သူ့အပေါ်မှာဆက်လက်သစ္စာရှိဖို့၊ သမ္မာတရား၌ခိုင်မြဲကြဖို့ဆုတောင်းပးတယ်။ သူစိုးရိမ်တဲ့ပုံပေါ်တယ်။ တပည့်တွေအပေါ်မှာထားတဲ့ ဆရာသခင်ရဲ့ မေတ္တာကရုဏာတွေကို ပေါ်လွင်စေပါတယ်။ ဘယ်ဆရာကမှ တပည့်တွေဖရိုဖရဲပြိုကွဲသွားကြတာကိုမလိုချင်ကြပါဘူး။ တပည့်တော်တွေစည်းလုံးတာ တစ်လုံးတစ်ဝတည်းရှိတာကိုပဲ တွေ့ချင်မြင်ချင်လိုချင်ကြတယ်။ ဒါဟာဆရာကောင်းတွေရဲ့ လက္ခဏာတစ်ရပ်ဖြစ်တယ်လို့ထောက်ရှုစဉ်းစားမိပါတယ်။
သခင်ယေဇူးက သူ့တပည့်တော်ကြီးတွေကို Divine person မြင့်မတ်တဲ့ပုဂ္ဂိုလ်တွေဖြစ်စေချင်သလို Divine Community not Demoniac Community နတ်ဆိုးအဖွဲ့အစည်းမဟုတ်ပဲ မြင့်မြတ်တဲ့အဖွဲ့အစည်းသို့မဟုတ် ဘုရားအဖွဲ့အစည်းဖြစ်စေချင်ခဲ့တယ်။ နတ်ဆိုးအဖွဲ့အစည်းက တစ်ဦးကောင်းတာလုပ်တာကို တစ်ဦးက ဖျက်လိုဖျက်စီးလုပ်တယ်။ အားမပေးဘူး။ အသိအမှတ်မပြုဘူး။ မြင့်မြတ်တဲ့အဖွဲအစည်း သို့မဟုတ် ဘုရားအဖွဲ့အစည်းက သူများကောင်းတာလုပ်တာကို မကူညီနိုင်ရင်တောင် အသိအမှတ်ပြုလက်ခံပေးတယ်။ အားပေးတိုက်တွန်းမှုတွေလုပ်ပေးတယ်။
ဒီတော့ တရားဟောနေတဲ့ ကျန်ုပ်အပါအဝင် ကျန်ုပ်တို့ ကိုယ့်ကိုယ်ကို ပြန်လည်စမ်းစစ်ကြရအောင်။ သခင်ယေဇူးလိုလားတဲ့သမ္မာတရားကို လက်ကိုင်ထားပြီး မြင့်မြတ်တဲ့သူ Divine Person ဖြစ်ပြီး သူများကောင်းတာလုပ်တာကို အသိအမှတ်ပြုလက်ခံပေးတတ်တဲ့သူလာ။ ဒါမှမဟုတ်ဒါနဲ့ဆန့်ကျင်ဘက်ဖြစ်နေသလားပြန်လည်စမ်းစစ်ကြပါစို့။
Fr. Raymond
