Pathein Catholic Diocese

သန့်ရှင်းသောဝိညာဉ်တော်သည် အဘယ်သူနည်း။
၁။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် ပုဂ္ဂိုလ်တစ်ပါး ဖြစ်သည်။
၁။ (က)သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် ပုဂ္ဂိုလ်တစ်ပါး ဖြစ်သည့်အတွက် ခံစားချက်ရှိသည်။ ဝမ်းနည်းတတ်သည်။ ဒေါသထွက်တတ်သည်။ စော်ကားခံရသည်။ ကျိန်ဆဲခြင်း၊ ကျိန်ဆိုခြင်းခံရနိုင်သည်။
သူတို့သည်လည်း ပုန်ကန်၍ သန့်ရှင်းသော ဝိညာဉ်တော်ကို နာစေကြ၏။ (Isa 63:10)
ဝိညာဉ်တော်မြတ်အား ထိခိုက်ပြောဆိုသောသူ မည်သူမျှ ယခုဘဝ၌သော် လည်းကောင်း၊ နောင်ဘဝ၌သော် လည်းကောင်း ခွင့်လွှတ်ခြင်း ခံရလိမ့်မည် မဟုတ်။ (Mat 12:31)
အရေဖျားလှီးခြင်း မခံထားသော စိတ်နှလုံးနှင့် နားတို့ဖြင့် ခေါင်းမာကြသောသူတို့၊ သင်တို့သည် ဝိညာဉ်တော်မြတ်ကို အစဉ်မပြတ် ဆန့်ကျင်ဘက် ပြုကြ၏။ သင်တို့၏ ဘိုးဘေးများ ပြုလုပ်ခဲ့ကြသည့်အတိုင်း သင်တို့သည်လည်း ပြုလုပ်ကြ၏။ (Act 7:51)
ကယ်တင်ခြင်း ခံရမည် နေ့ရက်အတွက် သင်တို့ကို တံဆိပ်ခတ်နှိပ်ပေးတော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်မြတ်ကို စိတ်ကြေကွဲစေရန် မပြုလုပ်ကြနှင့်။ (Eph 4:30)
ထိုသို့ဆိုလျှင် ဘုရားသခင်၏ သားတော်ကို ရှုတ်ချပြီး မိမိအား သန့်စင်စေသော ပဋိညာဉ်တရား၏သွေးကို ညစ်ညူးစေလျက် ကျေးဇူးတော်ကို ပေးတော်မူသည့် ဝိညာဉ်တော်အား ထိခိုက်စော်ကားသောသူသည် မည်မျှလောက်ပို၍ ကြီးလေးသော အပြစ်ဒဏ်ကို ခံထိုက်ပါသနည်း။ (Heb 10:29)
(ခ)သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် ပုဂ္ဂိုလ်တစ်ပါး ဖြစ်သည့်အတွက် ရည်ရွယ်ချက် ရှိသည်။ ညွှန်ပြစေခိုင်းနိုင်သည်။ လုပ်ကိုင်နိုင်သည်။ ချစ်နိုင်သည်။ ဆက်သွယ်ပြောဆိုနိုင်သည်။ သက်သေခံနိုင်သည်။ သင်ကြားပြသနိုင်သည်။ ဆုတောင်းနိုင်သည်။
သူတို့အား သွန်သင်စရာအဖို့ ကောင်းသော ဝိညာဉ်တော်ကို ပေးတော်မူ၏။ (Neh 9:20)
ခမည်းတော်ဘုရားထံမှ သင်တို့ထံသို့ ငါစေလွှတ်မည့် ကူညီစောင်မသူ တည်းဟူသော သမ္မာတရားနှင့် သက်ဆိုင်သည့် ဝိညာဉ်တော်သည် ခမည်းတော်ထံမှ ထွက်ပေါ်လာ၍ ကြွလာတော်မူသောအခါ သူသည် ငါ၏အကြောင်းကို သက်သေခံလိမ့်မည်။ (Joh 15:26)
သူတို့သည် သခင်ဘုရားကို ဝတ်ကိုလျက် အစာရှောင်ကြစဉ် ဝိညာဉ်တော်မြတ်က ငါရွှေးချယ်သော အမှုတော်ကို ထမ်းဆောင်ရန် ဆောလုနှင့် ဘာနဘတို့အား ငါ့အတွက် သီးခြားထားပေးကြလော့ဟု မိန့်တော်မူ၏။ (Act 13:2)
ထိုနည်းတူ ဝိညာဉ်တော်သည်လည်း ငါတို့၏ အားနည်းချက်ကို ကူညီစောင်မတော်မူ၏။ အကြောင်းမူကား ငါတို့သည် မည်ကဲ့သို့ ဆုတောင်းသင့်သည်ကို မသိကြ။ သို့သော် ဝိညာဉ်တော်သည် စကားလုံးဖြင့် မဖော်ပြနိုင်သော ညည်းတွားသံဖြင့် ငါတို့အတွက် ဘုရားသခင်ထံတော်သို့ ကိုယ်တော်တိုင် အသနားခံပေးတော်မူ၏။ (Rom 8:26)
လူတို့၏ စိတ်နှလုံးများကို စစ်ကြောသိမြင်တော်မူသော သခင်သည်လည်း ဝိညာဉ်တော်၏ စိတ်သဘောကို သိတော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် ဘုရားသခင်၏ အလိုတော်နှင့်အညီ သန့်ရှင်းသော သူတို့အဖို့ အသနားခံတော်မူသောကြောင့် ဖြစ်၏။ (Rom 8:27)
ညီအစ်ကိုတို့၊ သင်တို့သည် ငါနှင့်အတူ ကြိုးစားအားထုတ်၍ ငါ့အတွက် ဘုရားသခင်ထံ ဆုတောင်းပတ္ထာနာ ပြုပေးကြပါရန် ငါတို့၏သခင် ယေဇူးခရစ်တော်နှင့် ဝိညာဉ်တော်၏ မေတ္တာကရုဏာတော်ကို အမှီပြု၍ သင်တို့ကို ငါတောင်းဆိုပါ၏။(Rom 15:30)
ဤဆုကျေးဇူးများကို ပေးသနားတော်မူသော အရှင်ကား ဝိညာဉ်တော် တစ်ပါးတည်းသာ ဖြစ်တော်မူ၏။ ကိုယ်တော်သည် လူတစ်ဦးစီအား မိမိအလိုရှိသည့်အတိုင်း ဆုကျေးဇူးကို ပေးတော်မူ၏။ (1Co 12:11)
၂။ ယေဇူးခရစ်တော်၏ လောကအသက်တာတွင် သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် တည်ရှိနေသည်။
ထိုအခါ ကောင်းကင်တမန်တော်က ဝိညာဉ်တော်မြတ်သည် သင်အပေါ်သို့ ဆင်းသက်လိမ့်မည်။ အမြင့်ဆုံးသော အရှင်၏ တန်ခိုးတော်သည်လည်း သင့်ကိုလွှမ်းမိုးတော်မူလိမ့်မည်။ ထိုကြောင့် သင်မှ ဖွားမြင်လတံ့သော သူငယ်သည် သန့်ရှင်းမွန်မြတ်ပြီး ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်ခြင်း ခံရလိမ့်မည်။ (Luk 1:35)
ယေဇူးသည်လည်း ဝိညာဉ်တော်မြတ်နှင့် ပြည့်ဝလျက် ဂျော်ဒန်မြစ်မှ ပြန်ကြွတော်မူစဉ် ဝိညာဉ်တော်သည် ကိုယ်တော့်ကို တောကန္တာရသို့ ခေါ်ဆောင်သွားတော်မူ၏။ (Luk 4:1)
ယေဇူးသည် ဆေးကြောခြင်း ခံတော်မူပြီး ရေထဲမှတက်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်သည် ပွင့်လာပြီးလျင် ဘုရားသခင်၏ ဝိညာဉ်တော်သည် မိမိအပေါ်သို့ ချိုးငှက်သဏ္ဍန်ဖြင့် ဆင်းသက်လာသည်ကို ကိုယ်တော် မြင်တော်မူ၏။ (Mat 3:16)
၃။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် ယုံကြည်သူတို့၏ အသက်တာတွင် အသက်ရှင် လုပ်ဆောင်လျက်ရှိသည်။
ငါသည် ခမည်းတော်အား တောင်းလျှောက်သဖြင့် ကိုယ်တော်သည်လည်း သင်တို့နှင့်အတူ အစဉ်ထာဝရ ရှိနေမည့် ကူညီစောင်မသူ နောက်တစ်ပါးဖြစ်သော သမ္မာတရား၏ ဝိညာဉ်တော်ကို သင်တို့အား ပေးတော်မူလိမ့်မည်။ (Joh 14:16)
ထိုအရှင်ကို ဤလောကသည် လက်မခံနိုင်။ အဘယ်ကြောင့်ဆိုသော် ဤလောကသည် သူ့ကို မြင်လည်းမမြင်၊ သိလည်း မသိသောကြောင့် ဖြစ်၏။ သင်တို့မူကား သူ့ကို သိကြ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် သင်တို့နှင့်အတူ စံပယ်တော်မူပြီး သင်တို့၌ တည်နေတော်မူမည် ဖြစ်သောကြောင့်တည်း။ (Joh 14:17)
မြေကြီးသည် အဆင်းသဏ္ဍန်မရှိ လွတ်လပ်လဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ ဝိညာဉ်တော် သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏။ (Gen 1:2)
ဝိညာဉ်တော်နှင့် မင်္ဂလာသတို့သမီးတို့ ကြွလာတော်မူပါဟု ဆိုကြ၏။ ကြားသောသူသည်လည်း ကြွလာတော်မူပါဟု ဆိုပါစေ။ ရေငတ်သောသူသည်လည်း လာပါစေ။ ရေငတ်သောသူသည် အသက်ရေကို အဖိုးအခ မပေးဘဲ ယူပါစေ။ (Rev 22:17)
သူသည် အမိဝမ်းထဲကပင် ဝိညာဉ်တော်မြတ်နှင့် ပြည့်ဝလိမ့်မည်။ (Luk 1:15) ယောဟန်
ထိုအခါ ဧလိဇဘက်သည် ဝိညာဉ်တော်မြတ်နှင့် ပြည့်ဝလျက်၊ (Luk 1:41)
သူ၏အဖ ဇာခရိသည်လည်း ဝိညာဉ်တော်မြတ်နှင့် ပြည့်ဝလျက် မြွက်ဆိုသည်ကား (Luk 1:67)
ယေဇူးသည်လည်း ဝိညာဉ်တော်မြတ်နှင့် ပြည့်ဝလျက် ဂျော်ဒန်မြစ်မှ ပြန်ကြွတော်မူစဉ် ဝိညာဉ်တော်သည် ကိုယ်တော့်ကို တောကန္တာရသို့ ခေါ်ဆောင်သွားတော်မူ၏။ (Luk 4:1)
သူတို့အားလုံးသည်လည်း ဝိညာဉ်တော်မြတ်နှင့် ပြည့်ဝကြလျက် ဝိညာဉ်တော်သည် ဟောပြောနိုင်သော တန်ခိုးအစွမ်းကို သူတို့အား ပေးတော်မူသည့်အတိုင်း သူတို့သည် အခြားသော ဘာသာစကားများဖြင့် စတင်ပြောဆိုကြလေ၏။ (Act 2:4)
ဟောထားချက်သည်ကား ဘုရားသခင် မိန့်တော်မူသည်မှာ နောက်ဆုံးသော နေ့ရက်တို့၌ လူမျိုးတကာတို့ အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ (Act 2:17)
သို့သော် သူသည် ဝိညာဉ်တော်မြတ်နှင့် ပြည့်စုံလျက် ကောင်းကင်သို့ မျှော်ကြည့်စဉ် ဘုရားသခင်၏ ဘုန်းတော်ကို လည်းကောင်း၊ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ရပ်နေသော ယေဇူးကို လည်းကောင်း မြင်တွေ့ရ၏။ (Act 7:55)
သို့သော် ပေါလုဟု အမည်တွင်သော ဆောလုသည် ဝိညာဉ်တော်မြတ်နှင့် ပြည့်ဝလျက် သူ့ကိုစေ့စေ့ကြည့်ပြီးမှ၊ (Act 13:9) နတ်ဝိဇ္ဇာအတတ်သမားကို
၄။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် ခရစ်ယာန် တရားဟောဆရာများအားဖြင့် အသက်ရှင် လုပ်ဆောင်လျက်ရှိသည်။
ထိုအရှင် ကြွလာတော်မူသောအခါ ဤလောကအား အပြစ်အကြောင်း၊ ဖြောင့်မတ်ခြင်းအကြောင်းနှင့် တရားစီရင်တော်မူခြင်း အကြောင်းတို့ကို ထင်ရှားစွာ ထုတ်ဖော်ပြတော်မူလိမ့်မည်။ (Joh 16:8)
ကိုယ်တော်က ခမည်းတော်သည် မိမိ၏ တန်ခိုးအာဏာဖြင့် စီမံထားတော်မူသည့် အချိန်အခါနှင့် နေ့ရက်တို့ကို သင်တို့ သိပိုင်ခွင့်မရှိ။ (Act 1:7)
သို့ရာတွင် ဝိညာဉ်တော်မြတ်သည် သင်တို့အပေါ်သို့ ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကျေးဇူးတော်ကို ခံယူကြရလိမ့်မည်။ ထိုအခါ သင်တို့သည် ဂျေရုဆလင်မြို့မှစ၍ ဂျူဒေးယပြည်၊ ဆမာရိယပြည်နှင့် ကမ္ဘာမြေကြီးစွန်းတိုင်အောင် ငါ့ကို သက်သေခံသောသူများ ဖြစ်ကြလိမ့်မည်ဟု သူတို့အား မိန့်တော်မူ၏။(Act 1:8)
၅။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ တန်ခိုးတော်သည် ဘဝအသက်တာကို ပြောင်းလဲပေးစေသည်။
ဝိညာဉ်တော်မြတ်သည် သင်တို့အပေါ်သို့ ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကျေးဇူးတော်ကို ခံယူကြရလိမ့်မည်။ (Act 1:8)
သို့ဖြစ်၍ ဆိုးမိုက်သော သင်တို့ပင်လျင် ကောင်းသောအရာများကို သင်တို့၏ သားသမီးများအား ပေးတတ်ကြပါက ကောင်းကင်ဘုံရှင်၊ သင်တို့၏ အဖသည် မိမိထံ တောင်းလျှောက်သူတို့အား ဝိညာဉ်တော်မြတ်ကို ပို၍ပင် ပေးတော်မူမည် မဟုတ်လောဟု မိန့်တော်မူ၏။ (Luk 11:13)
က။ ခရစ်တော်၏ အသွင်သဏ္ဍန်တော်နှင့် ကျွနု်ပ်တို့ကို ပို၍ တူညီစေသည်။
အကြောင်းမူကား ယေဇူးခရစ်တော်၌ ရှိနေသော အသက်ပေးသည့် ဝိညာဉ်တော်၏ ပညတ်တရားသည် ငါ့ကို အပြစ်နှင့် သေခြင်း၏ လက်အောက်မှ လွှတ်မြောက်စေခဲ့သောကြောင့် ဖြစ်၏။ (Rom 8:2)
ခ။ ဘုရားသခင်အား သက်သေခံရန် ကျွနု်ပ်တို့အား တန်ခိုးကျေးဇူးတော်ကို ပေးတော်မူသည်။
သို့ရာတွင် ဝိညာဉ်တော်မြတ်သည် သင်တို့အပေါ်သို့ ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကျေးဇူးတော်ကို ခံယူကြရလိမ့်မည်။ ထိုအခါ သင်တို့သည် ဂျေရုဆလင်မြို့မှစ၍ ဂျူဒေးယပြည်၊ ဆမာရိယပြည်နှင့် ကမ္ဘာမြေကြီးစွန်းတိုင်အောင် ငါ့ကို သက်သေခံသောသူများ ဖြစ်ကြလိမ့်မည်ဟု သူတို့အား မိန့်တော်မူ၏။(Act 1:8)
ဂ။ သမ္မာတရား ရှိရာသို့ ကျွနု်ပ်တို့ကို လမ်းပြခေါ်ဆောင်တော်မူသည်။
သူသည် သမ္မာတရားအကြောင်း အလုံးစုံတို့ကို သင်တို့အား သွန်သင်တော်မူလိမ့်မည်။ (Joh 16:13)
ဃ။ အပြစ်တရား၏ ကြီးလေးသော အပြစ်ဒဏ်ကို ဖော်ပြပေးသည်။
ထိုအရှင် ကြွလာတော်မူသောအခါ ဤလောကအား အပြစ်အကြောင်း၊ ဖြောင့်မတ်ခြင်း အကြောင်းနှင့် တရားစီရင်တော်မူခြင်း အကြောင်းတို့ကို ထင်ရှားစွာ ထုတ်ဖော်ပြတော်မူလိမ့်မည်။ (Joh 16:8)
င။ ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို ကျွနု်ပ်တို့အား ဖော်ပြပေးသည်။
ကျမ်းရှိသမျှတို့သည် ဘုရားသခင်၏ နိုးဆော်ခြင်း ခံခဲ့ရ၍ သွန်သင်ခြင်း၊ ဆုံးမပြစ်တင်ခြင်း၊ အမှားကို ပြုပြင်ပေးခြင်းနှင့် ဖြောင့်မတ်ခြင်း၌ လမ်းညွှန်ခြင်း စသည်တို့ကို ပြုလုပ်ရန် အသုံးဝင်၏။ (2Ti 3:16)
စ။ ယုံကြည်သူများနှင့် စည်းလုံးညီညွတ်စေသည်။
ယုံကြည်သူတို့၏ အစုအဝေးသည် စိတ်နှလုံး တစ်လုံးတစ်ဝတည်း ရှိကြ၍ မည်သူမျှ မိမိပိုင်ဆိုင်သော ဥစ္စာပစ္စည်းကို မိမိပိုင်သည်ဟု မသတ်မှတ်ဘဲ ဥစ္စာပစ္စည်းရှိသမျှကို အများပိုင်အဖြစ် ထားရှိကြ၏။(Act 4:32)
