Pathein Catholic Diocese Untitled Document
Untitled Document
ဖာသာရ် အန္ဒြူးစိုးဝင်းနှင့် နာဂစ်မုန်တိုင်း ၁၄ နှစ်ပြည့်အောက်‌မေ့သတိရခြင်း

“မပြန်လို့မဖြစ်ဘူး။ ‌‌ကျောင်းမှာ ကျောင်းအိပ်ကျောင်းစားကလေးတွေကျန်ခဲ့တယ်။စိတ်မချဘူး။ ပြန်မှဖြစ်မယ်။“

မေလ ၂ ရက်နေ့ဟာ မြန်မာပြည်သူများအတွက် အထူးသဖြင့် ဧရာဝတီးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးရှိပြည်သူများအတွက် သမိုင်းဝင်နေ့တစ်နေ့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့က နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြီးရန်ကုန်တိုင်းဒေသကြီးနဲ့ဧရာဝတီတိုင်းဒေသကြီးတို့ကို တိုက်ခိုက်ခဲ့တယ်။ ဒီကနေ့ မေလ၂ ရက်နေ့ဆိုရင် ၁၄ နှစ်တိုင်တိုင်ပြည့်ခဲ့ပါပြီး။

နာဂစ်မှာဘာဖြစ်သလဲလို့မေးရင် လူပေါင်းများစွာသေခဲ့ရသလို အိမ်ခြေပေါင်းများစွာ လည်းပျက်စီး ဆုံးရှုံးခဲ့ကြရတယ်။ သေသွားကြသူတွေထဲမှာ ရဟန်းရှင်လူများစွာပါဝင်ခဲ့ကြပါတယ်။ ပါဝင်ခဲ့ကြ သူတွေထဲမှ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ ဖာသာရ် အန္ဒြူးစိုးဝင်းလည်း တစ်ပါးအပါ အဝင်ဖြစ်ခဲ့ပါတယ်။

ဖာသာရ်အန္ဒြူးစိုးဝင်းဟာဆိုရင် လတ်ပွတ္တာမြို့နယ် ယခုလပွတ္တာခရိုင်၊ ပြင်စလူမြို့နယ် ပင်လယ်ကက် သလစ်သာသနာမှာ သာသနာပြုခဲ့တဲ့ ကျောင်းထိုင်တစ်ပါးလည်းဖြစ်ခဲ့ပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့မှာ ပိန္နဲကုန်းဆိုတဲ့ရွာက မင်္ဂလာဆောင်မဲ့စုံတွဲတွေကို ဘုရားစကားသင်ကြားပေးဖို့ ဓမ္မဆရာမကို သွားပို့ခဲ့ပါတယ်။ အဲဒီနေ့ဟာဆိုရင် တစ်တိုင်းပြည်လုံးနီးပါး မိုးအုပ်ဆိုင်းနေခဲ့ပါတယ်။ မိုးတွေအုပ်ဆိုင်းလာတဲ့အခါမှာ ဘာသာတူတွေကဘုန်းကြီးကို ရွာမှာအိပ်ပြီးမှ သူ့ကျောင်းရှိရာ အိုင်မရွာကိုပြန်ဖို့အကြုံပြုခဲ့ကြပါတယ်။

ဘုန်းတော်ကြီးက “မပြန်လို့မဖြစ်ဘူး။ ‌‌ကျောင်းမှာ ကျောင်းအိပ်ကျောင်းစားကလေးတွေကျန်ခဲ့ တယ်။စိတ်မချဘူး။ ပြန်မှဖြစ်မယ်လို့ “ သူကပြန်ပြောခဲ့တယ်။ သူ့ရဲ့သိုးထိန်းကောင်းပီသတဲ့စိတ်ဓာတ် ကိုပေါ်လွင်စေပါတယ်။

ဘာသာတူတွေက ဘုန်းကြီးကို မပြန်ဖို့အကြံပြုလို့မရတဲ့အခါမှာ ဘုန်းကြီးရဲ့ စိတ်သဘောအတိုင်း လိုက်လျောပေးခဲ့ကြတယ်။

အသက်ရှင်ကျန်ခဲ့တဲ့ ဘုန်းကြီးရဲ့စက်လှေမောင်းသမား စောအာလဖုန်းရဲ့ ပြောပြချက်အရ မေလ ၂ ရက် နေ့လည်ဆွမ်းစားပြီးလို့ စက်လှေနဲ့ (‌ဒေသအခေါ်ပဲ့ထောင်နဲ့) မွန်းလွဲ ၁၂ နာရီ တစ်ချက်လောက်မှာ ပိန္နဲကုန်းရွာကနေ ပြန်ထွက်ခဲ့ကြတယ်။ စထွက်တဲ့အချိန်မှာ မိုးတွေရွာနေပြီလို့ပြောပါတယ်။ ပြန်လာလို့ ညောင်တစ်ပင်ချောင်းဝအရောက်မှာ မိုးကတအားရွာလာတယ်။ မိုးနဲ့အတူလေပါ‌ ပါလာတော့ သင်္ဘောကမောင်းလို့ရှေ့ဆက်မတက်တော့ဘူး။ မျက်နှာလည်း လေဒဏ် မိုးဒဏ်မခံနိုင်တော့ဘူး။ အဲဒီအချိန်မှာ ဘုန်းကြီးက သူ့မှာပါလာတဲ့ မျက်မှန်ယူလာပြီးတတ်ပေးခဲ့တယ်။ အဲဒါနဲ့လည်း ဘာမှမမြင်ရဖြစ်နေတော့ ဆက်မမောင်းတော့ပဲ ခဏရပ်ထားဖို့ ဘုန်းကြီးကပြောတာနဲ့ ခဏကမ်း ကပ်ထားလိုက်တယ်။ စက်လှေကို ခဏကြိုးချည်ထားလိုက်တယ်။

မိုး‌လေးနည်းနည်းစဲသွားတော့ ထပ်ထွက်ခဲ့တယ်။ ဒိုးကုန်းအဝရောက်တဲ့အခါမှာတော့ ဘယ်လိုမှဆက် မောင်းလို့မရတော့ဘူး။ လေကြီး၊မိုးရွာ၊လှိုင်းကလည်းပါတော့ စက်လှေထဲရေတွေဝင်လာတယ်။ အဲဒါနဲ့ ဘုန်းကြီးက ပြန်လှည့်ခိုင်းပြီး ခဏကမ်းကပ်ခိုင်းတယ်။

စောအာလဖုန်းက နောက်ပြန်လှည့်ပြီး ပိန္နဲကုန်းရွာဘက်ကို ပြန်လှည့်မောင်းရင်ကောင်းမလားလို့ ဘုန်းကြီးကို လျှောက်တင်ခဲ့တဲ့အခါ ဘုန်းကြီးက “မင်းကလည်းကွားကြောက်တတ်လိုက်တာ၊ တ‌အောင့်နေရင်ငြိမ်သွားလိမ့်မယ်လို့” ပြန်ပြောခဲ့တယ်။ အချိန်က ညနေ ၅ နာရီကျော်ကျော် လောက်ရှိပြီလို့ဆိုပါတယ်။

ပြန်လှည့်မောင်းရင် အေးဆေးမှီတယ်လို့ အာလဖုန်းကပြောပါတယ်။ ရေစုန်လေစုန်ဖြစ် နေလို့ပြန်လှည့်မောင်းရင် မြန်မှမြန်ပဲလို့ ဆိုပါတယ်။ တက်ရေလည်းဖြစ်နေတယ်။

အဲဒါနဲ့ ရောက်တဲ့နေရာမှာကြိုးချည်ထားလိုက်တယ်။ လေကတော့ ကြာလေကြမ်းလာလေပဲ။ ကြိုးကတစ်ချောင်းတည်းချည်ထားတာစိတ်မချလို့ ဆင်းပြီးတော့ နောက်တစ်ချောင်းသိုင်းပြီး ကြိုးကိုထိန်းထားတဲ့အချိန်မှာဘုန်းကြီးလည်းမနေဘူး စက်လှေအပြင်ထွက်လာခဲ့တယ်။ သူကကျွန်တော့နောက်ကနေဖိထားပြီးဝိုင်းကိုင်ထားပေးခဲ့တယ်။ ကြာလေ မိုးကြီး လေကြီးလာလေပဲ။ သိပ်မကြာခင်မှာပဲ ကြိုးကထောင်းကနဲဆိုတစ်ချောင်းပြတ်ထွက်သွားတယ်။ တစ်ချောင်းပြတ်ထွက် သွားပြီးဆိုနောက်တစ်ချောင်းကမခိုင်တော့ဘူး။ ကျွန်တော်လည်း စက်လှေပေါ်ပြေးတက်ပြီး ဂေါက်ကိုကိုင်လိုက်တယ်။ စက်နှိုးမလို့လည်းလုပ်ရော နောက်တစ်ချောင်းကပြတ်ရော။ နှစ်ချောင်းစလုံးပြတ်ထွက်ရော။ ဂေါက်လှည့်မလို့လည်းလုပ်‌ရော ကျွန်တော်လည်းပြုတ်ကျပါလေရော။ ပြုတ်လည်းပြုတ်ကျရောပြန်သတိရလိုက်တာက တက်မကို သွေးထားတယ်။ ပိုက်တွေဘာတွေ ကျော်တဲ့အခါပြတ်သွားအောင်လို့။ အဲဒါပြန်သတိရတော့ အောက်ကို ထိုးငုတ်လိုက်တာလွှတ် ရုံလေးပဲရှိခဲ့တယ်။ ပြန်လည်းပေါ်လာရော သင်္ဘောက လွင့်တာအဝေးကြီးရောက်သွားပြီ။ အဲဒီအချိန်က ဘုန်းကြီးက စက်လှေဦးမှာပဲရှိနေခဲ့သေးတယ်။

ရေကထိုးတက်လာတော့ အရပ်က မမှီတော့ဘူး။ထိုးငုတ်လိုက်လို့လွှတ်ရုံပဲရှိတယ်။ မဟုတ်ရင် လည်ပင်းပြတ်တယ် တကယ်လို့အဲဒီတက်မ နဲ့ထိရင်ပေါ့။ ပြန်ပေါ်လာတဲ့အခါကြည့်လိုက်တော့ ဘိုးအာလိုက်စီနဲ့ အီညာစီအူးတို့က စက်လှေထဲမှာ ရေပက်နေကြတာကိုတွေ့ရတယ်။ ဘုန်းကြီးကတော့ စက်လှေဦးမှာပဲ ကားယား ကားယားနဲ့။ ကျွန်တော်လည်းတစ်ချက်လောက် ရေကူးပြီးသူတို့စီ သွားအုံးမလို့ပဲ။ ကူးရင်လည်းမမှီနိုင်ဘူး။ ကူးလိုက်ရင်အကုန်ခြေလွတ်လက်လွတ်ဖြစ်ကုန်မှာ။ ကျွန်တော်က ရေမကူးတော့ပဲ ထိရာမိရာအပင်ကို ဆွဲဖက်ထားလိုက်တာ။ အဲဒီဖက်ထားတဲ့ အပင်ကပဲ ဗြောင်းကနဲဆို ကျိုးကျသွားရော။ အငုတ်တိုလေးပဲကျန်ခဲ့တယ်။ အဲဒီအငုတ်တိုလေးက ရေမြုတ်သွားတော့အဲဒီလိုပဲခံနေရတယ်။ အဲလိုပဲ ပေခံနေတာ။ လှိုင်းတက်ရင်မြုပ်သွားတယ်။ လှိုင်းပြန်ကျရင်တော့ ခေါင်း‌လေးတာ့ပေါ်လာတယ်။

“မှောင်လည်းမှောင်သွားရော ကျွန်တော်လည်းတွေးလိုက်တယ်။ သူတို့လည်းသူတို့ အန္တရာယ် သူတို့ကြည့် ကာကွယ်မှာပါ။ ကျွန်တော်လည်းသစ်ငုတ်တိုလေးဖက်ထားရင် မှောင်လာတော့ ဘာကိုမှမြင်ရတော့ဘူးလို့,”အာလဖုန်းကဆိုပါတယ်။

“မနက်မိုးလင်းတော့ လိုက်ရှာတာတစ်ယောက်မှမတွေ့တော့ဘူး။ ရှာတာတစ်ယောက်မှ မတွေ့တော့ခြေထောက်ကြွက်တွေတက်နေခဲ့တယ်လို့လည်း” ပြောပါတယ်။

မုန်းတိုင်းက‌တော့ တစ်ညလုံးတော့မတိုက်ခဲ့ဘူး။ ည ၉ နာရီ ၁၀ နာရီလောက်မှာ ငြိမ်သွားခဲ့တယ်။ မနက်မိုးလင်းတော့လိုက်ရှာတာ အဘိုးအာလိုက်စီတစ်ယောက်ပဲတွေ့ခဲ့တယ်။ ဘုန်းကြီးလည်းရှာမတွေ့တော့ဘူး။ အဲဒီမှာ အတော်စိတ်ဓာတ်ကျပြီးထိုင်နေခဲ့တယ်။

 “အဘိုးရေ..ဘယ်လိုလုပ်မလဲ။” ကိုယ်လည်းဗိုက်တွေအရမ်းဆာနေပြီး။

အဘိုးကအသက်ကြီးပေမဲ့အတော်မာသေးတယ်။ ပိုပြီးသန်မာအားရှိစေဖို့ တွေ့တဲ့ အုန်းသီးတွေကို ဖောက်ပြီးသူ့ကိုတိုက်လိုက်သေးတယ်။ အဲဒါသူသောက်ပြီးတော့ ကျွန်တော်ကသူ့ကို မေးလိုက်တယ်။ “အဘိုးရေ..ဘယ်လိုလုပ်မလဲ” အာလဖုန်းကမေးတော့ ဘိုးအာလိုက်စီက “အေ..ငါလည်းမလုပ်တတ် တော့ဘူးလို့” ပြန်ဖြေခဲ့တယ်။

“မလုပ်တတ်တော့ဘူးဆိုရင်တော့ ဒီအနီးနားက ညောင်တစ်ပင်ရွာကို လျှေက်လို့ရမယ်လို့” အာလဖုန်းကပြောတော့.. ”အေကွား..မင်းသဘောပေါ့လို့” အဘိုးအာလိုက်စီကပြန်ပြောခဲ့တယ်။

အဲဒါနဲ့ ကျွန်တော်တို့ နှစ်ယောက်နဲ့ ပြင်စလူက အမျိုးသားတစ်ယောက်၊ လေယဉ်ကွင်းရွာက တစ်ယောက်၊ နောက်တော့ ကြာကန်ရွာက ထင်းသမားတစ်ယောက် ထင်းလာသယ်ရင်း သားရော၊မယားရော၊ စက်လှေရောအကုန်ကုန်တာပဲ။ သူတစ်ယောက်ပဲကျန်ခဲ့တယ်။

အဲဒါနဲ့အဖော် ၅ ယောက် ညောင်တစ်ပင်ရွာကို ကုန်းကြောင်းလျှောက်ခဲ့ကြတယ်။ မနက် ၈ နာရီထိုးလောက်မှာ စလျှောက်တာ ညမိုးချုပ်မှရောက်တယ်။ ညောင်တစ်ပင်လည်းရောက်ရော ချောင်းဖြတ်ကူးကြတော့ ကျွန်တော်တို့လူငယ်တွေက ကူးတာဟိုဘက်ကမ်းရောက်နေပြီး။ အဘိုးကြီးက အနောက်မှာ ကျန်ခဲ့တယ်။ အဘိုးလာလေလို့လှမ်းခေါ်လိုက်တော့ “ငါရေမကူးတတ်ဘူးကွ” လို့ အဘိုးကပြန်ပြောတော့ “ဟား...ရေမကူးတတ်တဲ့သူက ရှင်သေးတယ်နော်” လို့ အာလဖုန်းက အံ့အားသင့်စွာနဲ့ပြန်ပြောခဲ့တယ်။ အဲဒါနဲ့ အခြားတစ်ဖက်ကမ်းကိုရောက်အောင် တစ်ခါသူ့ကိုပြန်တွဲကူးခဲ့ရသေးတယ်။

သူကဘယ်လိုအသက်ရှင်ကျန်ခဲ့လည်းလို့ မေးတဲ့အခါမှာ‌တော့ အဘိုးအာလိုက်စီ‌ပြောပြတာကတော့ သူနဲ့အီညီစီအူးက သင်္ဘောက လှိုင်းတစ်ချက်လည်းရိုက်ရောမြုပ်ပါလေရော။ ဒါပေမဲ့ ငါးရံ့ပြေးလေးတော့ပေါ်သေးတာပေါ့။ အဲဒါနဲ့ သူတို့အပြင်ထွက်ပြီးတော့ လှေနံကိုကိုင်ထားကြတယ်။ နောက်တစ်ချက်လည်း လှိုင်းလာရော ရေကလည်းစီးတော့ အဘိုးကအပေါ်ကို လျှံတက်သွားတာ။ ဟိုကောင်လေးက အောက်ကနေဝင်တော့ သင်္ဘောက ချာလပတ်လည်ပြီး ဒလိန့်တုံးလိုဖြစ် သွားတာ‌ ပေါ့။ အီညာစီအူးကိုလည်း သူရှာမတွေ့တော့ဘူး။

“အဘိုးကျတဲ့နေရာကလည်း ဆူးခြုံပေါ်မှာဖြစ်နေတော့ နေရာကလည်း ကောင်းမှကောင်းပဲ။ သူတင်တဲ့နေရာလေးကို သူကျွန်တော့်ကိုသွားပြတော့ အပျော့ခံလေးဖြစ်နေတယ်” လို့ အာလဖုန်းကပြောပြပါတယ်။

“ဆက်ကူးရင်လည်း ငါသေဖို့ပဲရှိ‌တော့တယ်။ ဘယ်ကိုကူးလို့ကူးရမှန်းလည်းမသိဘူး။ အဲလိုပဲမြုပ်လိုက်ပေါ်လိုက်နေခဲ့ရတယ်” လို့ အဘိုးအာလိုက်စီကပြန်ပြောပြလို့သိခဲ့ရတယ်။

ပဲ့ထောင်မှောက်တဲ့နေရာနဲ့ သူကျတဲ့နေရာက သိပ်မဝေးဘူး။ ဘာကြောင့်လည်းဆိုရင် ပဲထောင်ရဲ့နောက်ထိုင်က အဲဒီနေရာမှာပဲ အတွဲလိုက်ပြုတ်ကျကျန်နေခဲ့လို့ပဲ။ ပဲ့ထောင်ပဲ လွှင့်သွားခဲ့တယ်။ စက်နဲ့အထိုင်က မြေကြီးအောက်ကိုမရောက်ပဲ ဆူးခြုံပေါ်မှာတင်ကျန်ခဲ့လို့ အောက်ရောက်အောင် မနဲသွားခုတ်ချခဲ့ရတယ်လို့ အသက်ရှင်ကျန်ခဲ့သူ အာလဖုန်းကဆိုပါတယ်။

 “ပဲ့‌‌ထောင်ကိုယ်ထည်က ဟိုးသစ်ပုတ်ရွာအရှေ့ဘက်ကိုရောက်သွားခဲ့တယ်။ ပဲ့ထောင်ကိုယ်ထည်ကို တော့ ကူညီကယ်ဆယ်‌ရေးမှာပါဝင်ခဲ့တဲ့ ကက်သလစ်ဘုန်းကြီးတစ်ပါးရဲ့ လက်မှတ်နဲ့ပြန်ရခဲ့တယ်။ ဘာ့ကြောင့်လည်းဆိုရင် ဘုန်းကြီးရဲ့ ပဲ့ထောင်မှန်း ကျေးရွာဥက္ကဌက သိခဲ့လို့ပဲဖြစ်တယ်လို့” အာလဖုန်းကပြောပါတယ်။  

ပဲ့‌ထောင်ကတော့ အမိုးနဲ့ဖင်ပိုင်းပျက်စီးသွားခဲ့တယ်။ ကျန်တာကတော့ အကောင်းတိုင်းပါပဲ။ ပဲ့ထောင်က လှိုင်းကြောင့် နှစ်နာရီမောင်းရတဲ့ ခရီးဝေးကိုရောက်သွားခဲ့တယ်။ ရေကလည်း အရမ်းကိုစီးနေတော့ လိုက်ကူးလို့မရဘူး။ လိုက်ကူးရင်လည်း သေဖို့ပဲရှိတယ်လို့ဆိုပါတယ်။

ဖာသာရ် အန္ဒြူးဟာဆိုရင် ရေကောင်းကောင်းကူးတတ်တယ်လို့လည်း အာလဖုန်းကပြောပါတယ်။ ဘယ်လောက်ကူးတတ်သလဲဆိုရင် ဝါခယ်မမြို့နယ်၊ မြစ်ကလေးရွာက ချောင်းကို ဟိုဘက်ကမ်း ဒီဘက်ကမ်းကူးနိုင်ခဲ့တယ်။

မုန်းတိုင်းတိုက်ခိုက်စဉ်အတွင်းမှာလည်း တစ်ယောက်နဲ့တစ်ယောက်စကား အော်ပြီးပြောတာတောင် မကြားခဲ့ရဘူး။ အရမ်းပြင်းထန်ခဲ့တယ်။ မျက်လုံးတွေတောင်အကြာကြီးဖွင့်ထားလို့မရခဲ့ဘူး။

စက်လှေမောင်းသမားစောအာလဖုန်း ယူဆချက်အရ ဘုန်းတော်ကြီးဟာ ရေကောင်းကောင်းကူး တတ်ပေမဲ့ ပြုတ်ကျတဲ့အခါ ရေထဲမှာတစ်ခုခုနဲ့ မျက်လုံးထိုးမိလို့ ရေမကူးနိုင်ဖြစ်ပြီး အသက် ဆုံးရှုံးရတာြဖစ်နိုင်တယ်။ ဘုန်းတော်ကြီးရဲ့  ရုပ်အလောင်းပြန်တွေ့တဲ့အခါမှာတော့ မျက်လုံးတစ်လုံး မရှိတော့ဘူးလို့သိရပါတယ်။ ဘုန်းတော်ကြီးရဲ့ အသက်မဲ့ခန္ဓာဟာဆိုရင် ရက်အနည်းငယ်ကြာမှ ပြန်တွေ့တဲ့အတွက် ပုပ်ပွလျှက်ရှိနေပြီလို့ပြောပါတယ်။

စောအာလဖုန်းဟာ ဘုန်းကြီးအသက်ရှိထင်ရှားရှိစဉ်က သူ့ဆရာဘုန်းကြီးရဲ့ ခြေသည်းတွေကို မကြာခဏညှပ်ပေးခဲ့ရတဲ့အတွက် ခြေသည်းကိုကြည့်ပြီး ဘုန်းကြီးအလောင်းဖြစ်ကြောင်း အသေအချာပြောနိုင်ခဲ့တယ်လို့ဆိုပါတယ်။

ဘုန်းကြီးရဲ့ ရုပ်အလောင်းကိုတော့ ပင်လယ်သာသနာဘုရားကျောင်းအတွင်းရှိ ပလ္လင်အောက်တွင် မြုပ်နှံထားပေးပါတယ်။

ဖာသာရ် အန္ဒြူးစိုးဝင်းဟာဆိုရင် အသက်ထင်ရှားရှိစဉ်က အလုပ်လုပ်ရာမှာ စည်းစနစ်ကျတဲ့ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးဖြစ်ခဲ့တယ်လို့ ဘာသာတူအချို့ရဲ့ပြောပြချက်ကနေသိရပါတယ်။ သာသနာ့အကျိုးတော်ဆောင်များနဲ့အစည်းဝေးလုပ်တဲ့အခါတိုင်း အစည်းအဝေးမှတ်တမ်းရေးသူ တစ်ဦးသီးသန့်ထားပြီး အစည်းအဝေးမှတ်တမ်းတွေကို ရေးမှတ်ပြုစုစေတယ်လို့ သူနဲ့အတူ အလုပ်လုပ်ခဲ့ဖူးသူအသက် ၅၀ ကျော် ၆၀ အရွယ်အမျိုးသားတစ်ဦးကပြောဖူးပါတယ်။

သာသနာအတွင်းမယ်တော်တမန်တော်လုပ်ငန်းကိုလည်း တစိုက်မတ်မတ်အားပေး လုပ်ဆောင်ပေး ခဲ့တယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် သာသနာရဲ့မိခင်အသင်းကိုလည်း ကိုယ်တိုင်ကိုယ်ကျ အားပေးကူညီလမ်းညွှန် လုပ်‌ဆောင်ပေးခဲ့တယ်လို့ သာသနာအတွင်းရှိမိခင်အချို့ထံမှ ထပ်မံသိရှိရပြန်ပါတယ်။

ဒါတင်ပဲလားဆိုတော့ မကသေးပါဘူး။ သူ့ခေတ်သူ့အချိန်ကအုပ်ချုပ်သူ အစိုးရလူကြီးတွေနဲ့လည်း ရင်းနှီးခင်မင်ခဲ့တဲ့ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးလည်းဖြစ်ခဲ့တယ်။ အစိုးရလူကြီးတွေနဲ့ ဘယ်လောက်ပဲ ရင်းနှီးခင်မင်သူဖြစ်ပါစေ ကြွားဝါတတ်ခြင်းမရှိခဲ့ဘူးလို့ မှတ်ချက်ပြုခံခဲ့ရပါတယ်။

ဘုန်းတော်ကြီးဟာ အခြားဂိုဏ်းအုပ်သာသနာမှာ တာဝန်ကျစဉ်က မင်းသားရှုံးလောက်အောင် ဝတ်စားဆင်ယင်တတ်တဲ့သူဖြစ်တယ်လို့ အများပြောစကားအရသိရပေမဲ့ ပင်လယ်သာသနာမှာ သာသနာအမှုတော်ကို ထမ်းရွက်စဉ်မှာတော့ ‌ဒေသခံများနည်းတူ ဝတ်စားဆင်ယင် နေထိုင်သွား ခဲ့တာတွေ့ရတယ်လို့ ဒေသခံအချို့ရဲ့ ပြောပြချက်ကနေ သိရပါတယ်။

ဖာသာရ် အန္ဒြူးစိုးဝင်းဟာဆိုရင် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ မေရီလန်းရွာတွင် ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ မွေးဖွားခြင်းခံခဲ့ရပါတယ်။ ကက်သလစ်ရဟန်းသိက္ခာကိုတော့ ၁၉၈၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၉ ရက်နေ့မှာ ခံယူခဲ့ပါတယ်။

ဖာသာရ် အန္ဒြူးစိုးဝင်းဟာဆိုရင် ရှမ်းပြည်နယ်ရှိ ကျိုင်းတုန်ကက်သလစ်သာသနာတွင်လည်း သာသနာအမှုတော်ကို ထမ်းဆောင်ခဲ့သေးတယ်လို့လည်း သိရပါတယ်။

မိခင်ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာအတွင်းရှိ ပင်လယ်သာသနာမှာ သာသနာ့တာဝန်များကို ထမ်းဆောင်ရင်း နာဂစ်မုန်တိုင်း သဘာဝဘေးဆိုးကြောင့် ‌ဒေသခံများနဲ့အတူ အသက်ဆုံးပါးသွားခဲ့ ရပါတယ်။ ဒီကနေ့ဆိုရင် ၁၄ တိုင်တိုင်ရှိခဲ့ပါပြီး။ အောက်မေ့သတိရလျှက်ရှိနေတုန်းပါပဲ။

“ကောင်းသောသိုးထိန်းသည် သိုးများအတွက် မိမိအသက်ကို စွန့်တတ်၏”(ရှင်ယောဟန် ၁၀း၁၁)။

နာဂစ်မုန်တိုင်းအတွင်း ဖာသာရ် အန္ဒြူးစိုးဝင်းနဲ့အတူသေလွန်သွားသောသူတို့၏ အသက်ဝိညာဉ် တို့သည် အသနားတော်မြတ်ခံရ၍ ငြိမ်းချမ်းသာယာစွာရှိပါစေသော်။ အာမင်။

အသက်ရှင်ကျန်ခဲ့သူစက်လှေမောင်းသမား စောအာလဖုန်းနဲ့ ဘာသာတူအချို့ကို စာရေးသူကိုယ်တိုင် လူတွေ့သွားရောက်မေးမြန်းထားချက်များကို ပြန်လည်ရေးသားဝေမျှပေးလိုက်ခြင်းသာဖြစ်ပါတယ်။

မပြည့်စုံမှုနဲ့ အားနည်းချက်တွေရှိနေရင် စာ‌‌ရေးသူရဲ့ မပြည့်စုံမှုနဲ့အားနည်းချက်သာဖြစ်ပါကြောင်း အသိပေးပါရစေ။

 

စာရေးသူ

ရေမွန်မန်းကျော်

မေလ ၂ ရက်၊ ၂၀၂၂။

 

 

features