Pathein Catholic Diocese Untitled Document
Untitled Document
ကိုယ်ကျိုးမငဲ့ ပရ အတွက်အမျိုးသမီး

ကိုယ်ကျိုးမငဲ့ ပရအတွက်အမျိုးသမီးရဲ့နာမည်က နန့်နိုရင်းနီနီဝင်းဖြစ်ပါတယ်။ သူမဟာ ရန်ကုန်မြို့မှာရှိတဲ့ ဆရာဝန်တော်တော်များများနဲ့ သိကျွမ်းနေသူတစ်ယာက်ဖြစ်ပါတယ်။ ဆရာဝန်တော်တော်များများနဲ့သိကျွမ်းနေသူလို့ပြောလိုက်လို့ တလွဲတော့မတွေးလိုက်ပါနဲ့။ ဆရာဝန်တော်တော်များများနဲ့ရင်းနှီးကျွမ်းဝင်ရတဲ့အကြောင်းရင်းကတော့ နန့်နိုရင်းဟာ လူမမာကိစ္စအတွက် သူ့စီအကူအညီတောင်းခံလာတဲ့သူတိုင်းကို ဆရာဝန်တွေနဲ့ ဆက်သွယ်ချိတ်ဆက်ပေးရုံသာမက သူကိုယ်တိုင်လည်း လူမမာတွေကို ဆရာဝန်တွေစီခေါ်ဆောင်ပေးကာ ကူညီပေးနေလို့ပဲဖြစ်ပါတယ်။ အထူးသဖြင့် ဆေးကုသဖို့ငွေကြေးအခက်အခဲဖြစ်တဲ့သူတွေကို ဆက်သွယ်ပို့ဆောင်ပေးလို့ဖြစ်ပါတယ်။ သူမ ရင်နှီးကျွမ်းဝင်တဲ့ ဆရာဝန်တွေနဲ့ ချိတ်ဆက်ခေါ်သွားပေးတဲ့လူနာတွေဟာ ဆရာဝန်စမ်းသခ အခမဲ့ ဖြစ်သွားရပါတယ်။ လူနာပေါင်းများစွာကို ဆေးရုံဆေးခန်းတွေစီ၊ဆရာဝန်တွေစီကို ခေါ်ဆောင်သွားကာ အကူအညီများပေးခြင်းဖြင့် လူမှုကူညီရေးလုပ်ငန်းများကို တတ်စွမ်းသမျှ အညီးမညူ ကူညီလုပ်ဆောင်ပေးနေသူတစ်ဦးဖြစ်ပါတယ်။ စာရေးသူကိုယ်တိုင်လည်း ကျန်းမာရေးကိစ္စအတွက် သူမရဲ့အကူအညီနဲ့ ဆေးခန်းပြခဲ့ရဖူးပါတယ်။

နန့်နိုရင်းဟာဆိုရင် ၂၀၀၆ ခုနှစ်ကစပြီး ဒီလူမှုကူညီရေးအလုပ်ကို စတင်လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ ဘာကြောင့် ဒီအလုပ်ကိုလုပ်ဖြစ်လဲလို့မေးကြည့်တဲ့အခါမှာ သူမက “ပထမဦးဆုံးသူနာပြုအကူသင်တန်းတက်ပြီးတဲ့အခါမှာ ကောင်းသောသိုးထိန်းဂိုဏ်းက စစ္စတာရ်တွေကနေပြီးတော့ case တစ်ခုကို စဖို့ခေါ်ခဲ့တယ်။ case တစ်ခုက ဘာလဲဆိုတော့ ဟိန္ဒူအဖွားကြီးတစ်ယောက်က မိသားစုမရှိဘူး။ သူ့ကိုဘယ်သူမှကြည့်ပေးမဲ့လူမရှိဘူး။ အဲဒီအဖွားကြီးကို ကြည့်ဖို့ စစ္စတာရ်တွေက တာဝန်ပေးခဲ့တယ်။ အဲဒီ လူမမာကို ကြည့်မဲ့သူမရှိတော့ မနက်ပိုင်းဆိုရင် သူ့ကို စောင့်ပေးရတယ်။ ညပိုင်းဆိုရင် သူ့ကိုအလုပ်သမားတွေနဲ့ထားခဲ့တယ်။ ပထမပိုင်းမှာတော့ သူ့ကိုကြည့်ပေးရတာ အဆင်မပြေဘူး။ သူကလည်း ကိုယ့်ကို တအားမကြည့်ဖြူဘူး။ မိသားစုမရှိတဲ့အခါကျတော့ အရမ်းသနားဖို့ကောင်းတယ်။ အသက်က ၇၆ နှစ် ရှိပြီ။ နောက်တစ်နေ့မှာ သူ့ကို စိတ်ရှည်ရှည်နဲ့ကြည့်တဲ့အခါမှာ သူကလည်းအရမ်းခံစားလိုက်ရတယ်။ အဲလိုနဲ့ စစ္စတာရ်တွေရဲ့လုပ်ငန်းကို လေ့လာလိုက်တဲ့အခါမှာ သဘောပေါက်သွားတယ်”လို့ ပြေပါတယ်။

သူမဆက်ပြောတာက “ဘယ်လိုကြောင့်မို့လို့ ဆက်လုပ်ဖြစ်သွားလည်းဆိုတော့ လူတွေက လူ့အသိုင်အဝိုင်းအဖွဲ့အစည်းမှာ ဆေးကုသမှု ခံယူတဲ့သူတွေ၊ ခက်ခဲတဲ့လူတွေ၊ပြီးတဲ့အခါကျတော့ တစ်ချို့လူတွေဆိုရင် ဆေးကုသဖို့ ပိုက်စံမရှိဘူး၊ ဒါပေမဲ့ ကုသမှုခံယူဖို့လိုအပ်တယ်။ အဲဒီအခါမှာ ကျွန်မတို့က ဆရာဝန်တွေနဲ့ ချိတ်ဆက်ပေးတာတို့ ကရုဏာရေးလုပ်ငန်းတွေလုပ်ရင်းနဲ့ ကူညီချင်တဲ့စိတ်ကလေးတွေ ကိုယ်က ကြားဝင်ပြီးတော့ ကူညီပေးမယ်ဆိုလို့ရှိရင် ဒါမျိုးလူတွေကို အများကြီးကူညီနိုင်မှာပဲပေါ့နော် အဲဒီစိတ်ရှိလာပြီးတော့မှ ကောင်းသောသိုးထိမ်းဂိုဏ်းစစ္စတာရ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖြစ်ခဲ့တာပဲ” လို့ ဆိုပါတယ်။

ဘယ်လိုစိတ်နဲ့လုပ်ဆောင်ဖြစ်ခဲ့လည်းဆိုတာကို နန့်နိုရင်းကပဲ “အဓိက က ဘာစိတ်နဲ့လုပ်ဖြစ်လဲဆိုတော့ လူ့ပတ်ဝန်းကျင်မှာ ပစ်ပယ်ထားခြင်းခံရတဲ့လူတွေ ဆေးဝါးကုသမှုကောင်းကောင်းခံနိုင်ဖို့အတွက် အကုန်လုံးကိုတော့ မကူညီနိုင်ပေမဲ့ ကိုယ်တွေ့နေရတဲ့လူတွေကိုအကောင်းဆုံး ကူညီနိုင်ဖို့အတွက်နဲ့လုပ်ဆောင်ခြင်းဖြစ်တယ်” လို့  ပြောပါတယ်။

အတ္တကိုမငဲ့ပဲ ပရကိုသာကြည့်ပြီးလုပ်ဆောင်တဲ့အခါမှာ လူမျိုးဘာသာမရွေးလုပ်ဆောင်ခဲ့တယ်။ ကူညီပေးခဲ့တဲ့လူဦးရေဟာဆိုရင် ထောင်နဲ့ချီရှိခဲ့ပြီဖြစ်ပါတယ်။ ငွေကြေးအထောက်အပံ့တွေမပေးနိုင်သော်လည်း လူမမာတွေနဲ့အတူ သူတို့ရဲ့အခက်အခဲကို ကူညီဖြေရှင်းခွင့်ရလို့ ပီတိဖြစ်မိပါတယ်။ ဥပမာ-ခွဲစိပ်ဖို့ပိုက်စံမရှိဘူး။ ပိုက်စံမရှိတဲ့အကြောင်းကို ဆရာဝန်တွေကိုသွားပြောပြလိုက်တဲ့အခါမှာ ဆရာဝန်တွေနဲ့ ပေါင်းသင်းဆက်ဆံရေးကိုအတော်လေးယူခဲ့ရတယ်” လို့ သူ့ရဲ့လုပ်ဆောင်ချက်ကို ပြောပြပါတယ်။

ဆရာဝန်တွေစီသွားရောက်ချဉ်းကပ်ရတဲ့အခါ ကြုံတွေ့ရတဲ့အတွေ့အကြုံလေးကိုလည်း အခုလိုဝေမျှပြောပြပါတဘ်။ “တစ်ချို့ဆရာဝန်တွေက သဘောကောင်းတာတွေရှိသလို့ သဘောမကောင်းတဲ့ဆရာဝန်တွေအပြောခံရတာလည်းရှိတယ်။ အပြောခံရတဲ့အခါမှာ ဘယ်လိုမှသဘောမထားခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အကောင်းဘက်ကတွေးပြီးတော့ပဲ ဆရာဝန်ကိုနားလည်ပေးခဲ့တယ်။ လူနာများလို့ပဲဖြစ်မယ်ဆိုတဲ့အတွေးနဲ့ပဲ ဆရာဝန်တွေနဲ့ဆက်ဆံရေးကိုယူပြီးဆရာဝန်တွေစီကို  သွားချဉ်းကပ်ခဲ့တယ်” လို့ ဆိုပါတယ်။

စစ္စတာရ်တွေရဲ့ အကူအညီယူပြီးလုပ်ဆောင်ခဲ့ရကြောင်းကိုလည်း အခုလိုပဲ ပြောပြပါတယ်။ “ပြီးတေ့လည်းပဲ စစ္စတာရ်တို့နဲ့တွဲပြီးတော့ သူတို့ရဲ့အမျိုးတွေ personal donor လေးတွေကို ယူပြီးတော့မှ တစ်ချို့ဆိုလည်း Case ကြီးပေမဲ့ ကူညီနိုင်တယ်။ နှလုံး Case ဆိုရင် အတော်အကုန်အကျများတယ်။ တစ်ချို့ဆို သိန်း ၄၀ မက ကုန်တယ်။ ဒါပေမဲ့အားလုံးက အဓိက က Network  ချိန်ဆက်မှုလိုတယ်။”

 ဆက်ပြီးပြောပြတာက “ပေါင်းသင်းဆက်ဆံရေးတည်ဆောက်ပြီးတော့ ကူညီပေးခဲ့တယ်။ ကူညီပေးခဲ့တာတွေကတော့ ရောဂါအကြီးအသေးအားလုံးပါဝင်ခဲ့တယ်။ အဓိက အနေနဲ့ကတော့ နေရာထိုင်ခင်းတွေနဲ့ စားစရာပေးတယ်။ ကျန်တဲ့အခြားရောဂါဖြစ်တဲ့ HIV, AIDS တွေလိုရောဂါတွေဆိုရင်တော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးတာတွေရှိတယ်။”

ကူညီပေးလိုက်တဲ့လူတွေစီက  တုန့်ပြန်မှုတွေနဲ့ပတ်သက်လို့ ပြောပြရာမှာ “လူတွေဆိုတော့ တစ်ခါတလေမှာ အကောင်းဆုံးလုပ်ပေးပေမဲ့လည်း မကောင်းတာအပြောခံရတာတွေလည်းရှိခဲ့တယ်။ တစ်ခါတလေကျတော့ ဒီလူနာကိုအရမ်းကောင်းစေချင်တယ်။ တစ်ချို့က ဗဟုသုတနည်းကြတယ်။ ဖြစ်စဉ်ကိုတော့ ရှင်းပြရတယ်။ ဥပမာ ကင်ဆင်ရောဂါဆိုရင် ကုသမှုခံယူဖို့လိုအပ်နေတယ်။ သူတို့ဘက်ကကျတော့ ကုသမှုမယူချင်ဘူး။ သေမယ်လို့ သတ်မှတ်ကြတယ်။ တစ်ချို့ကျတော့လည်း ရှင်းပြလိုက်တော့ နားလည်သွားတယ်။”

ကရုဏာရေးလုပ်ငန်းလုပ်ဆောင်တဲ့အခါမှာ ကြုံတွေရတဲ့အခက်အခဲတွေနဲ့ပတ်သက်လို့ နန့်နိုရင်းက “လူမှုကူညီရေးအလုပ် လုပ်ဆောင်တဲ့အခါမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေရှိလည်းရှိတယ်။ အဓိက ကတော့ ငွေကြေးအခက်အခဲပဲ။ ပစ္စည်းထည့်ရမဲ့ ကိစ္စမျိုး ဥပမာ နှလုံး၊အရိုး၊ ဦးနှောက်အကျိတ် စတဲ့ရောဂါမျိုးတွေဆိုရင် ကိုယ်ကမကူညီနိုင်တဲ့အခါမျိုးတွေရှိတဲ့အခါကျတော့ အရမ်းခက်ခဲတယ်။ တစ်ချို့လူနာတွေမှာကျတော့ ဘာသာ‌ရေးရိုးရာဓလေ့‌တွေမှာ အခက်အခဲတွေ တွေ့ရတယ်။ ခွဲစိပ်ဖို့ ဆရာဝန်တွေနဲ့ ချိတ်ဆက်ထားပြီးမှ ခွဲစိပ်ရင်သေမယ်လို့ ဗေဒင်အရ သိကြတဲ့အခါ မခွဲစိပ်တော့တဲ့အခါမျိုး ဘာမှမပြောပဲ ဆေးရုံကပြန်ဆင်းသွားကြတဲ့အခက်အခဲမျိုးတွေလည်းကြုံခဲ့ရတယ်။ နောက်အခက်အခဲတစ်ခုက ကျွန်မတို့ရဲ့  Shelter မှာ နေရာအခက်အခဲဖြစ်တော့ အခြားဘုန်းကြီးကျောင်းတွေမှာသွားထားရတာတွေ၊ လူမမာတွေ ကြပ်ကြပ်တည်းတည်းနဲ့ နေကြရတာတွေက ကျွန်မတို့အတွက် အခက်အခဲဖြစ်ကြရတယ်။ ဘုန်းကြီးကျောင်းမှာနေဖို့ ပြောထားပြီးပြီ။သွားပို့တဲ့အခါမှာ မနေချင်ကြတော့ ဘာမှမပြောမဆိုပဲ ပြန်သွားကြတဲ့အခါမှာ ဘုန်းကြီးတွေနဲ့မျက်နှာပျက်ခဲ့ရတာတွေရှိတယ်။ လေးစားမှုမရှိခြင်းကြောင့်ပေါ့နော်။ အဲလိုအခါမှာ အလုပ်လုပ်ရတာ အခက်အခဲတွေရှိတယ်” လို့ တွေ့ကြုံခံစားရတာကို ပြောပြပါတယ်။

လူမမာတွေကို ဆေးရုံဆေးခန်းခေါ်သွားရတဲ့အခါ အထင်အမြင်လွဲမှားခံရတတ်တယ်ဆိုတာကို အခုလိုပြောပြပါတယ်။ “တစ်ခါတလေကျတော့ လူမမာတွေ ခဏခဏခေါ်သွားရလို့  ဆေးရုံဆေးခန်းက ဝန်ထမ်းတွေက လူမမာပွဲစားလို့အထင်အမြင်ခံရတဲ့အခါတွေလည်းရှိခဲ့တယ်” လို့ ဆိုပါတယ်။

ကိုယ်ကျိုးမငဲ့ ပရဟိတ အတွက်အမျိုးသမီးတစ်ဦးဖြစ်တဲ့ နန့်နိုရင်းနီနီးဝင်းဟာဆိုရင် ကျုံပျော်မြို့နယ်၊ ကုန်းမဲဇလီကျေးရွာသူတစ်ဦးဖြစ်ပါတယ်။ 

သူမဟာဆိုရင် ကောင်းသောသိုးထိန်းကက်သလစ်သီလရှင်အသင်းဂိုဏ်းမှာ Lay Missionary တစ်ဦးအဖြစ် ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်းသိရပါတယ်။

 

အတ္တကိုရှောင် ပရ ကိုဆောင်ပြီး အများအတွက် ဘုရားမျက်နှာနဲ့လုပ်ဆောင်နေတဲ့ နန့်နိုရင်းနီနီဝင်းရဲ့ လုပ်ဆောင်ချက်များကို ဒီဆောင်းပါးလေးနဲ့ အသိအမှတ်ပြု မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။

မန်းကျော်

features