Pathein Catholic Diocese Untitled Document
Untitled Document
အညတရမှ ဓမ္မလမ်းပြသူ ကက်သလစ်ခရစ်ယာန်ဓမ္မဆရာကြီး

အညတရမှ ဓမ္မလမ်းပြသူ ကက်သလစ်ခရစ်ယာန်ဓမ္မဆရာကြီးကတော့ ဆရာကြီးစောအောင်မြင့်ပဲဖြစ်ပါတယ်။ ဆရာကြီး စောအောင်မြင့်ဟာ အသက် ၂၁ နှစ်အရွယ်မှာ မြောင်းမြမြို့ရှိကက်သလစ်ခရစ်ယာန် ဓမ္မသင်တန်းကျောင်းကို သွားရောက်ကာ ဓမ္မပညာများကို ဆည်းပူသင်ယူခဲ့သူတစ်ဦးဖြစ်ခဲ့ပါတယ်။

၁၉၅၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ အပတ်စဉ် (၁) ဓမ္မဆရာဖြစ် သင်တန်းကို တက်ရောက်ခဲ့ပါတယ်။ ဓမ္မသင်တန်းကျောင်းရဲ့ကျောင်းအုပ်က ပြင်သစ်လူမျိုး သာသနာပြုဘုန်းတော်ကြီး ဖာသာရ်မာတင်းနာဘိုက် ဖြစ်ခဲ့ပါတယ်။ အပတ်စဉ် (၁) ကျောင်းသား၂၄ ယောက်ရှိခဲ့ပါတယ်။ ကျောင်းသား ၂၄ ဦးအနက် ဆရာကြီး စောအောင်မြင့်တစ်ဦးတည်းသာ ယနေ့ထိ အသက်ရှင်ကျန်နေဆဲပဲဖြစ်ပါတယ်။

ဆရာကြီးတို့ခေတ်သင်တန်းကျောင်းတက်ခဲ့စဉ်တုန်းကဆိုရင် မြောင်းမြမြို့နယ်တစ်ခွင်မှာရှိတဲ့ ဘာသာတူကျေးရွာတွေကို ဘုန်းတော်ကြီးနာဘိုက်က နယ်လှည့်သွားတဲ့အခါတိုင်း သူ့နောက်ကိုလိုက်ကာ သီချင်းများသီဆိုခြင်း၊ ပြဇာတ်ကခြင်းများလုပ်ခဲ့ကြရပါတယ်။

သင်တန်းကျောင်းဆင်းတဲ့အခါမှာ ဆရာကြီးဟာ သူကျရာဒေသတွေမှာ တာဝန်ထမ်းဆောင်က သာသနာလုပ်ငန်းများကို လုပ်ဆောင်ခဲ့ရပါတယ်။ မြောင်းမြ အနမ်းကုန်း ဘာသာစုမှာ ၅ နှစ် ကျခဲ့ဖူးပါတယ်။

တောင်ချောင်းကက်သလစ်ခရစ်ယာန်ကျောင်းထိုင်သာသနာအပိုင် (အရင်ပုသိမ်ကျောင်းထိုင်သာသနာအပိုင်) ကမ်းနီတမန်ချောင်းရွာမှာလည်း တာဝန်ကျခဲ့ဖူးပါသေးတယ်။

အခြားဒေသတွေမှာ တာဝန်ကျခဲ့ပြီးတဲ့နောက် မိမိရဲ့ သာသနာဖြစ်တဲ့ လက်သမားသာသနာမှာ အသက်အရွယ်ကြီးသည်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

လူပျိုလူလွတ်ဘဝနဲ့ ဓမ္မဆရာတာဝန်များကိုထမ်းဆောင်ရင်း အသက် ၂၉ နှစ်မှာ အိမ်ထောင်ပြုခဲ့ပါတယ်။ အိမ်ထောင်ပြုပြီးတော့လည်း ဓမ္မဆရာဘဝကို မစွန့်လွှတ်ပဲ သာသနာ့တာဝန်များကို ဆက်လက်ထမ်း ဆောင်ခဲ့ပါတယ်။

သာသနာ့တာဝန်တွေထမ်းဆောင်စဉ်မှာလည်း လုပ်ခလစာဆိုတာ မယ်မယ်ရရရယ်လို့မရှိခဲ့ပါဘူး။ ရတဲ့အခါရှိခဲ့သလို မရတဲ့အခါတွေလည်းရှိခဲ့ပါတယ်။

အခက်အခဲတွေအများကြီးရှိခဲ့တယ်။ စားရသောက်ရရုံပါပဲ။ လယ်အလုပ်နဲ့အသက်မွေးဝမ်းကြောင်းပြုရင်း ဓမ္မဆရာဘဝနဲ့ ဘာသာတူတွေကို ဓမ္မလမ်းပြပေးခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

ဘာသာတူတွေရှိတဲ့ရွာတွေကို သွားရောက် ဘုရားစကားသင်ကြားရတဲ့အခါမှာဆိုရင် လမ်းလျှောက်ခဲ့ရတယ်။ တောတောင်တွေဖြတ်သွားခဲ့ရတယ်။ ပင်ပန်းခဲ့ရတယ်။ အခက်အခဲပင်ပန်းမှုတွေကြုံရသော်လည်း ဓမ္မဆရာဘဝကထွက်ဖို့ စိတ်မကူးခဲ့ဘူးလို့ ဆိုပါတယ်။

ကျန်းမာရေးနဲ့ပတ်သက်လို့ ကြီးကြီးကျယ်ကျယ်ဖျားတာနာတာမရှိခဲ့ပဲ ကျန်းမာရေးကောင်းမွန်ခဲ့တယ်။ ဘုရားရဲ့ကျေးဇူးတော်ပဲလို့ ပြောပါတယ်။

သို့သော်ဆရာကြီးဟာ ဘုရားရဲ့ စုံစမ်းခြင်းကို အကြီးအကျယ်ခံထမ်းခဲ့ရပါတယ်။ အိမ်ထောင်သက် ၇ နှစ်မှာ သူ့ရဲ့ ကြင်သူဇနီးမယားကို ဘုရားသခင်ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။ သမီး ၂ ယောက်ရခဲ့ပါတယ်။ သူ့ရဲ့ ဇနီးဟာဆိုရင် အသက် ၃၆ နှစ်အရွယ်မှာ ကလေးမွေးဖွားပြီးနောက် ဆုံးပါးသွားခဲ့တယ်လို့ သိရပါတယ်။

ကြင်သူသက်ထားဇနီးမယားကိုဘုရားက ပြန်လည်သိမ်းပိုက်သွားခဲ့သော်လည်း သူဟာ ဓမ္မဆရာဘဝကို စိတ်မပျက်ခဲ့ပဲ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

ဇနီးဖြစ်သူကလည်း ယောက်ျားဓမ္မဆရာဖြစ်လို့ “စားရေးသောက်ရေးအခက်အခဲအမျိုးမျိုးရှိခဲ့တယ်။ ဒါပေမဲ့လို့ ကျွန်တော့်မိန်းမက တစ်ခါမှညည်းညူတာ အပြစ်တင်တာမကြားခဲ့ဘူး။ ဘာမှအပြစ်မတင်ဘူး၊ မပြောဘူး။ အတူတူပဲလုပ်ကိုင်စားသောက်ခဲ့ကြတယ်” လို့ ဆိုပါတယ်။

ဆရာကြီးဟာဆိုရင် ဇနီးဖြစ်သူအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားချိန်းမှာ အသက် ၃၆ နှစ်အရွယ်ပဲ ရှိခဲ့သော်လည်း နောက်အိမ်ထောင်မပြုတော့ပဲ ဓမ္မဆရာဘဝနဲ့ သာသနာ့တာဝန်တွေကို ဆက်လက်ထမ်းဆောင်ခဲ့ပါတယ်။

ဓမ္မဆရာဘဝမှာ အခက်အခဲတွေများကြီး ကြုံတွေ့ ခံစားခဲ့ရသော်လည်း “ဓမ္မဆရာဖြစ်ရတာ ကိုယ့်ကိုယ်ကို ဂုဏ်ယူတယ်။ ကောင်းကင်သုခချမ်းသာရမယ်လို့လည်းယုံကြည်တယ်” လို့ ပြောပါတယ်။

ဆရာကြီးဟာ လုပ်ဖော်ကိုင်ဖက်ဓမ္မဆရာ၊ ဆရာမများကိုလည်း အားပေးစကားပြောပေးဖို့ပြောတဲ့အခါမှာ သူက “ဓမ္မဆရာဘဝကသိပ်မွန်မြတ်တာပဲလောကမှာ။ ဓမ္မဆရာဘဝက ဆင်းရဲတယ်။ တမလွန်ဘဝကျရင်တော့ ဆင်းရဲမှာမဟုတ်တော့ဘူး။ ဘုရားသခင် သင်တို့ကိုဆုကျေးဇူးတထူးတခြားပေးမှာပါ” လို့ အားပေးတိုက်တွန်းပါတယ်။

ဘာသာတူများကို အားပေးစကားပြောရာမှာလည်း “ဘယ်လောက်ပဲအခက်အခဲတွေကြုံရပါစေ ဘုရားအပေါ်ထားတဲ့ ယုံကြည်ခြင်းကိုစွန့်မပစ်ဖို့၊ လောကကြီးတစ်ခုလုံးကို အုပ်စိုးရသော်လည်း ဝိညာဉ်တစ်လုံးဆုံးရှုံးရင် ဘာအကျိုးရှိမှာလဲ” လို့ ခွန်းပေးခဲ့ပါတယ်။

ဆရာကြီးဟာ ပုသိမ်ကက်သလစ်ခရစ်ယာန် ဂိုဏ်းအုပ်သာသာနာပိုင် လက်သမားကက်သလစ် ခရစ်ယာန်ကျောင်းထိုင်သာသနာအတွင်းရှိ ပိုက်တော်ကျေးရွာမှာ သက်ရှိထင်ရှားနေထိုင်လျှက်ရှိပြီး အသက် ၈၇ နှစ်ရှိပြီလို့လည်း သိရပါတယ်။

ဆရာကြီး ဘုရားစကားသင်ပေးခဲ့တဲ့ကလေးတွေထဲမှာ ဘုန်းကြီး၊စစ္စတာရ်ဖြစ်လာတဲ့သူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

ဓမ္မဆရာကြီး စောအောင်မြင့်ဟာ ၇ တန်းအထိ အလယ်တန်းပညာကိုသာဆည်းပူးခဲ့ရသူဖြစ်တဲ့အတွက် ဘွဲ့ရပညာတတ်မဖြစ်ခဲ့သူ အညတရလူသားတစ်ဦးဖြစ်ပေမဲ့ ဓမ္မလမ်းပြသူ ကက်သလစ်ခရစ်ယာန်ဓမ္မဆရာတစ်ဦးဖြစ်ခဲ့တယ်ဆိုတာကို ရေးသားပြုစု မှတ်တမ်းတင်ဂုဏ်ပြုလိုက်ပါတယ်။

 စာရေးသူ-ရေမွန်မန်းကျော်

features