Pathein Catholic Diocese Untitled Document
Untitled Document
ယုံကြည် အစေခံ ဦးမြဟန်
ယုံကြည်ခြင်းဖြင့် အစေခံခဲ့သူ ဦးမြဟန် အကြောင်းကို ပြောပြချင်လို့ “ယုံကြည် အစေခံ ဦးမြဟန်” လို့ ခေါင်းစဉ်ကို တိုတိုလေး တပ်လိုက်တာပဲ ဖြစ်ပါတယ်။
ဦးမြဟန်လို့ ပြောလိုက်ရင် အင်မတန်မှ လူသိနည်းကြပါလိမ့်မယ်။ သူ့မိသားစုနဲ့ ညီအစ်ကို မောင်နှမ ဆွေးမျိုးသားချင်းတွေက လွဲလို့ပေါ့။ ဒါပေမဲ့ ကက်သလစ်ဘာသာဝင် အ‌တော်များများကတော့ ဦးမြဟန်ဆိုတဲ့ နာမည်နဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိခဲ့ကြပေမဲ့ “ဦးဂျိုး” လို့ ပြောလိုက်ရင် အော်..သူလား.. သူဆိုရင် သိတာပေါ့လို့ ပြောကြလိမ့်မယ်လို့ ထင်ပါတယ်။ သူ့ရဲ့ နာမည် အရှည်ကောက်က ဦးဂျိုးဇက် မြဟန် ဖြစ်ပါတယ်။ ချစ်စနိုးနဲ့ ဦးဂျိုး လို့ ခေါ်ကြတာ ဖြစ်ပါလိမ့်မယ်။
ဦးဂျိုးဟာ ယုံကြည်သူ ကက်သလစ်ဘာသာဝင်တစ်ဦးဖြစ်ခဲ့ပြီးတော့ ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာ သနာရဲ့ ဆရာတော်သုံးဆက်ဖြစ်ခဲ့တဲ့ ဆရာတော်ဂျွန်ဂါဗြီအဲလ်၊ ဆရာတော်ချားစ်မောင်ဘို (ယခုလက်ရှိ ရန်ကုန် ကာဒီနယ်)၊ နဲ့ ဆရာတော်ဂျွန်မန်းဆိန်းဟှီ တို့ကို နှစ်ပေါင်းများစွာ ကားမောင်းပြီး အစေခံခဲ့သူ ဖြစ်ခဲ့ပါတယ်။ ဆရာတော်ရဲ့ ကားကို မောင်းရတဲ့အတွက် ဆရာတော်ဘယ်သွားသွား အမြဲလိုက်ပါ ခဲ့ခြင်း‌ကြောင့် ဦးဂျိုးကို မသိသူ မရှိသလောက်ပါပဲ။
သူဟာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန်လှိုင်လ ၂၉ ရက်နေ့မှာ ကိုဗစ်ကာလအတွင်း ကိုဗစ်ရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်။ ဆရာတော်ဂျွန်ဆိန်းဟှီ ပျံလွန်အပြီး တစ်ပတ်အကြာမှာ ဆုံးပါးခဲ့ခြင်းဖြစ်ပါ တယ်။ ဒီနေ့ ဇွန်လှိုင်လ ၂၉ ရက်နေ့ဆိုရင် နှစ်နှစ် ပြည့်ခဲ့ပါပြီး။
ဂျိုးဇက်ဦးမြဟန်ရဲ့ အံ့ဩလေးစားရတဲ့အချက်တွေထဲက တစ်ချက်ကတော့ ဒေါ်ဒိုမီနီကာတင်သန်းနဲ့ အကြောင်းပါလို့ ပေါင်းဖက်ကြပြီးတဲ့အခါမှာ ဇနီးသည်က “ရန်ကုန်မှာပြန်နေပြီး စီးပွားရေး လုပ်ငန်းလုပ် ကိုင်ကြရအောင်လို့” ပြောတဲ့အခါမှာ သူက “မပြန်ချင်ဘူး ပုသိမ်မှာပဲနေမယ်။ ပုသိမ်မှာနေရင် ဘုရားကျောင်းကန်အနီးမှာနေပြီး ဘုရားတရားနဲ့နေရတယ်,” လို့ ပြန်ပြောခဲ့တယ်ဆိုတဲ့ အချက်ပါပဲ။ နံနက်မစ္ဆားတရားတော်မြတ်တိုင်းကို မပျက်မကွက် ကြိုးစားပါဝင်တက်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။ ဘုရားကျောင်းကန်၌ မွေ့ လျှော်ခဲ့သူပါတကား။
အိမ်ထောင်မကျခင်ကတည်းက ဘုရားကိုယုံကြည်သူ၊ ဘာသာတရားကိုင်းရှိုင်းသူ ဦးဂျိုးဟာ အိမ်ထောင် ရှိနေသော်လည်းပဲ မိသားစုအရေးထက် သာသနာအရေးကို ဦးစားပေးတတ်သူဖြစ်တယ် လို့ ကျန်ရစ်သူ ချစ်ဇနီးသည်က ပြောပါတယ်။
စီးပွားရေးထက်ဘာသာရေးကို စိတ်အားထက်သန်သူ ဂျိုးဇက်ဦးမြဟန်ဟာ ဆရာတော်နဲ့ အတူခရီး သွားနေတဲ့အချိန်တွေမှာ အိမ်က ကလေးတွေ နာမကျန်းဖြစ်လို့ ဆေးရုံတက်နေရရင်တောင် “သူ့ကို အသိမပေးရဲခဲ့ဘူး၊ ကားမောင်းရင်း စိတ်ပူပြီး ကားတိုက်မှု၊ ကားတိမ်းမှောက်မှုတွေဖြစ်မှာစိုးလို့” အသိမပေးခဲ့ဘူးလို့ ဒေါ်ဒိုမီနီကာ က ဆိုပါတယ်။ ခင်ပွန်းသည်ကဲ့သို့ ဘုရားတရားကြည်ညိုသူ ဇနီးဖြစ်သူကပဲ အိမ်မှုကိစ္စအဝဝကို စီမံခန့်ခွဲ့ ခဲ့ရသူဖြစ်တယ် ဆိုတဲ့အကြောင်းလည်း ပြောပြပါသေးတယ်။
ဆရာတော်တွေ၊ ဘုန်းကြီးတွေ၊ သီလရှင်တွေနဲ့ အနေနီးခဲ့သူ ဦးဂျိုးဟာ အိမ်ပြန်ရောက်တိုင်း ဘယ်ဆရာတော်၊ ဘယ်ဘုန်းကြီး၊ ဘယ်သီလရှင်တွေရဲ့ အကြောင်းတွေကိုမှ ပြောသံမကြားခဲ့ဖူးဘူးလို့လည်း သိရပါတယ်။ တစ်ခါတလေမှာ အခန့်မသင့်လို့ ဘုန်းကြီး၊ ဆရာတော်တစ်ပါးပါးရဲ့ အဆူခံ ထိသော်လည်း အပြုံးမပျက်ခဲ့ဘူး။ အိမ်ပြန်ရောက်လို့ သားမယားတွေအပေါ် ဒေါသပုံချတာမျိုး မရှိခဲ့သလို ကားမောင်းပေးခဲ့ရလို့ ပင်ပန်းခဲ့တယ်၊ စိတ်ညစ်ခဲ့တယ်လို့လည်း ပြောခဲ့၊ ညည်းညူခဲ့တာတွေ တစ်ခါမှ မရှိခဲ့ဘူးလို့ ဇနီးသည်က ပြုံးရွှင်စွာနဲ့ ပြောပြခဲ့ပါတယ်။ အကြီးအကဲတွေအပေါ် စိတ်ရှည်သည်းခံ နှုတ်စောင့်ထိန်း ခဲ့သူလည်း ဖြစ်ခဲ့ကြောင်း သိခဲ့ရတယ်။
သမီးဖြစ်သူ ရှယ်လီဝင်းက “အဖေဟာ စီးပွားရေးဘက်မှာ စိတ်အား ထက်သန်မှု မရှိခဲ့ပေမဲ့ ဘုရားတရားနဲ့ဘာသာရေးဘက်မှာ အားသန်ခဲ့သူဖြစ်ခဲ့တဲ့အတွက် ဘယ်သွားသွား ဦးဂျိုးရဲ့ သမီး သို့မဟုတ် သား လို့ပြောလိုက်ရင် ဘာသာရေးအသိုင်းအဝိုင်းကလူတွေက အော်..ဦးဂျိုးရဲ့ သမီးလား၊ သားလား” လို့ ပြောရတဲ့အထိ အဖေ့ကို မသိသူ မရှိသလောက်ဖြစ်ခဲ့တဲ့အတွက် အဖေလုပ်ခဲ့တဲ့ အလုပ်နဲ့ ပေးဆပ်ခဲ့မှုတွေအတွက် ဝမ်းသာဂုဏ်ယူရပါတယ်” လို့ ရယ်ပြုံးပြုံးကာ စာရေးသူကို ပြောပြခဲ့ပါတယ်။
“ပါးပါးပြသွားခဲ့တဲ့ ပုံသက်​သေကောင်းတွေကိုလည်း အတုယူစရာအဖြစ် ရှု့မြင်သုံးသပ်မိပါတယ်” လို့လည်း ထပ်လောင်းပြောပြခဲ့ပါတယ်။ ဒါ့အပြင် “အဖေလို ဘုရားတရားကြည်ညိုပြီ ဘာသာတရားကိုင်းရှိုင်းတဲ့ ယောက်ျားမျိုး မတွေ့တော့တဲ့အတွက်ကြောင့် သမီးလည်း အိမ်ထောင်မပြုတော့ပါဘူး” လို့ ရယ်စရာလိုလို ပြောခဲ့ပါသေးတယ်။
ဦးဂျိုးနဲ့ ဒေါ်ဒိုမီနီကာတို့ ဇနီးမောင်နှံနှစ်ဦးမှာ သမီးတစ်ယောက်နဲ့ သားတစ်ယောက် ထွန်းကားခဲ့ပါတယ်။ သမီးဖြစ်သူဟာ စာသင်တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုလျက်ရှိပြီး သားငယ်လေးကတော့ ထိုင်း နိုင်ငံမှာ အလုပ်လုပ်လျက်ရှိနေကြောင်းသိရပါတယ်။
ဖခင်နဲ့မိခင်တို့ရဲ့ ဘုရားတရား ယုံကြည်အားကိုးမှုရယ်၊ သာသနာရဲ့ ကူညီပံ့ပိုးမှုရယ်တို့ကြောင့် သမီးနဲ့သားဟာ ပညာရေးကို ကောင်းစွာဆည်းပူးခဲ့ရပြီး မိသားစုတွေ ထမင်းငတ်ခဲ့ရတဲ့အထိ မရှိခဲ့ဘူးလို့လည်း ဇနီးဖြစ်သူနဲ့ သမီးဖြစ်သူတို့က ယုံကြည်လက်ခံခဲ့ကြပါတယ်။
ဘုရားကို ယုံကြည်ခြင်းနဲ့ အစေခံသူတွေကို ဘုရားက ထမင်းမငတ်ဖို့ သူ့နည်းသူ့ဟန်နဲ့ စီမံပေးနေကြောင်းကိုလည်း စာရေးသူ အကြွင်းမဲ့ ယုံကြည်လက်ခံနေပါကြောင်း ဤဆောင်းပါးလေးဖြင့် ပထမပိုင်းအနေနဲ့ ဦးဂျိုးဇက်မြဟန်ရဲ့ အစေခံမှုတွေအတွက် ရေးသားမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။
ကျန်ရစ်သူဇနီးသည် ဒေါ်ဒိုမီနီကာတင်သန်းစီ စားရေးသူကိုယ်တိုင်သွားရောက်ကာ သူ့အိမ်တွင် မေးမြန်းထားချက်များအပေါ်အခြေခံပြီး ပြန်လည်ရေးသား တင်ပြပေးလိုက်ခြင်းဖြစ်ကြောင်း သိစေလိုပါတယ်။
ဦးဂျိုးရဲ့ဘဝနောက်ကြောင်းနဲ့ပတ်သက်တဲ့ ဒုတိယပိုင်းကိုလည်း ရေးသားတင်ပြပေးပါအုံးမည်။ စောင့်မျှော် ဖတ်ရှုပေးကြဖို့ကိုလည်း လေးစားသမှု အရင်းပြုလျက် ဖိတ်ခေါ်ပါရစေ။ စာဖတ်သူအပေါင်း ဘေးရန်အပေါင်းကင်းဝေးပြီး ကိုယ်ရော စိတ်ပါ ကျန်းမာလန်းဖြာကြပါစေသတည်း။
ဘုရားရှင်အစဉ်ကောင်းကြီးပေးလျှက် ကွယ်ကာစောက်ရှောင့်တော်မူပါစေ။
စာရေးသူဟာ တိုင်းရင်းသားတစ်ယောက်ဖြစ်တဲ့အတွက် မြန်မာစာ၊ မြန်မာစကားသိပ်မတတ်လို့ သဒ္ဒါ၊ သတ်ပုံ လွဲချော် အဆင်မပြေမှုလေးများခဲ့ရှိရင်လည်း ပြင်ဆင်ဖြည့်စွက် ဖတ်ရှုပေးကြဖို့မေတ္တာရပ်ခံ ပန်ကြားပါရစေ။
စာရေးသူ-မန်းကျော်
၂၈.၇.၂၀၂၃
features