Pathein Catholic Diocese Untitled Document
Untitled Document
ငယ်စဉ်ကလေးဘဝစစ်ပြေးဒုက္ခသည်အဖြစ်မှ ရဲရင့်နှလုံးလှကက်သလစ်သီလရှင်ဘဝ

လွန်ခဲ့တဲ့ မေလ ၂၇ ရက်က RFA သတင်းဌာနကနေတင်ထားတဲ့သတင်းထောက်စောဖိုးခွားရဲ့ ရုပ်သံဗီဒီယိုနဲ့ဆောင်းပါးလေးတစ်ပုဒ်ကိုကြည့်လိုက်ဖတ်လိုက်ရတယ်။ ဆောင်းပါးရဲ့အကြောင်းအရာကတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အောင်းနန်းရပ်ကွက်မှာသာသနာ့အမှုတော်ကို ထမ်းဆောင်နေတဲ့ ကက်သလစ်သီလရှင်တစ်ပါးဖြစ်တဲ့ စိန်ဖရစ်စစ်ဇေးဗီယားအသင်းဂိုဏ်းက စစ္စတာရ်အန်းရိုးစ်နူးတောင်အကြောင်းလေးပဲဖြစ်ပါတယ်။

အဲဒီဆောင်းပါးထဲမှာ မြန်မာပြည်ဟာ နကစ လက်ထဲရောက်ပြီနောက် မြစ်ကြီနားမြို့မှာအခြေအနေတွေရှုပ်ထွေးနေချိန် စစ္စတာရ် နူးတောင်က အခြေအနေတွေကို မျက်ခြေမပြတ်ဆိုသလို စောင့်ကြည့်နေခဲ့တယ်လို့ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာတော့ လူတိုင်းက အံ့အားသင့်စရာလုပ်ဆောင်မှုတစ်ခုကို စစ္စတာရ်က လုပ်ဆောင်ခဲ့ပါတယ်။ တိုင်းပြည်အာဏာထိန်းသိမ်းထားတာကို မကျေနပ်ကြလို့ ဆန့်ကျင်ဆန္ဒပြကြတဲ့ မြစ်ကြီးနားလူထုကို လုံခြုံရေးတပ်ဖွဲ့များ ပစ်ခတ်ဖြိုခွင်းဖို့ ပြင်ဆင်နေချိန် သေနတ်ကိုယ်စီကိုင်ထားတဲ့ တပ်သားများရှေ့မှာ သူမက လူထုကိုမပစ်ဖို့ဒူးထောက်တောင်းပန်အသနားခံခဲ့ပါတယ်။ သူမရဲ့အသနာခံပေးမှုကြောင့် အဲဒီနေ့မှာတော့ မြစ်ကြီးနားမှာ သွေးထွက်သံယိုမှုတွေမရှိခဲ့ဘူးလို့သိရပါတယ်။

သို့သော်လည်း ပစ်ခတ်ဖြိုခွင်းဖို့ အမိန့်ရထားတဲ့ နစက လုံခြုံရေးအဖွဲ့ဟာ မတ်လ ၈ ရက်နေ့မှာတော့ ဆန္ဒပြသူလူအုပ်ထဲကို ချိန်ရွယ်ပစ်ခတ်ခဲ့တာကြောင့် သူ့မျက်စိရှေ့မှာတင် အသက် ၆၂ နှစ်အရွယ်လူကြီးတစ်ယောက်နဲ့ အသက် ၂၃ နှစ်အရွယ်လူငယ်တစ်ယောက်တို့ သေဆုံးခဲ့ခြင်းဟာ မြင်တွေ့ခဲ့ရတဲ့ သူမအဖို့ နှလုံးသားကို နာကျင်စေခဲ့တယ်လို့ စောဖိုခွားကတင်ဆက်ထားတာကို ဖတ်လိုက်ရပါတယ်။

သူ့ရဲ့ ဆောင်းပါးထဲမှာ စစ္စတာရ်ရဲ့ပြောစကားကို အခုလို ရေးသားဖော်ပြထားပါတယ်။ “စစ္စတာရှေ့မှာ ပစ်သတ်ခံရတဲ့ ဦးလေးရဲ့အဖြစ်ပျက်ကိုလည်း အခုထိ အဲမှာဖြတ်သွားတိုင်း ဦးလေးသေသွားတဲ့ နေရာရောက်တိုင်း နှလုံးကို အရမ်းနာကျင် ခံစားရတယ်။ ကိုယ့်နှလုံးကို တစ်ခုခုနဲ့ထုသလို ကယောင်ချောက်ချား ဖြစ်သွားတယ်။ ဒီလိုမျိုးအခြေအနေက ဘာဖြစ်လို့ အပြစ်မဲ့ပြည်သူတွေ ခံစားနေရတာလဲဆိုတာ ကိုယ့်ဟာကိုယ် အမြဲတမ်း မေးခွန်းထုတ်ပြီး စိတ်မကောင်းဖြစ်တယ်။ ကမ္ဘာပျက်သလို ခံစားရတယ်၊ ရူးချင်သလို ခံစားရတယ်” လို့ စစ္စတာရ်က သူခံစားရတာကို ပြောပြပါတယ်။

လုံခြုံရေးသမားတွေရဲ့ရှေ့မှာ မကြောက်မရွံ့ဒူးထောက်တောင်းပန်ခဲ့တဲ့ စစ္စတာရ်ရဲ့ ရဲစွမ်းသတ္တိအတွက် ဘီဘီစီ ကမ္ဘာတစ်လွှား သတင်းဌာနကြီးက ၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့ဩဇာလွှမ်းမိုးမှုအရှိဆုံး အမျိုးသမီး ၁၀၀ စာရင်းမှာ သူ့ကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာလည်းမြင်ခဲ့၊ဖတ်ခဲ့ရပါသေးတယ်။

လူသားတွေကို ကူညီနေသူ နူးညံ့တဲ့နှလုံးသားပိုင်ရှင်ဟာ မတရားမှုတွေကို မြင်တွေ့ချိန်မှာတော့ ရဲရင့်သတ္တိရှိသူ ဖြစ်လာတယ်လို့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း ဖာသာလနူးက ပြောကြောင်း စောဖိုးခွားကပဲတင်ဆက်ခဲ့ပါတယ်။ ဖာသာရ်လနူးရဲ့ပြောစကာကိုလည်း အောက်ပါအတိုင်း ရေးသားဖော်ပြထားပါတယ်။

ဖျားနာနေတဲ့လူတွေ အထူးသဖြင့်တော့ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ အကူအညီ လိုအပ်နေပြီလို့ထင်ရင် လူမျိုး၊ ဘာသာမရွေး အားလုံးကို သူက ကူညီချင်တဲ့ စိတ်ဓာတ် အပြည့်ရှိတယ်။ ပြီးရင် အမှန်တရားနဲ့ ပတ်သက်လာရင်၊ သူမှန်တယ်လို့ထင်ရင် သူ့ရဲ့အသက်ကို မနှမြောဘဲ ပြောရဲတယ်၊ လုပ်ရဲတယ်၊ ဆိုရဲတယ်ဆိုတဲ့ သူရဲ့သတ္တိပေါ့နော် အဲလိုမျိုး သတ္တိမျိုးက သူ့မှာရှိတယ်” လို့ ဖာသာရ်က သူ့ရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။

စစ္စတာရ်ဟာဆိုရင် ငယ်စဉ်ကလေးဘဝက စစ်ပြေးဒုက္ခသည်တစ်ဦးဖြစ်ခဲ့သလိုကိုယ့်အရပ်ဒေသမှာမနေခဲ့ရပဲ ပြောင်းရွှေနေထိုင်ခဲ့ရသူဖြစ်တယ်လို့လည်းသိရပါတယ်။

“စစ္စတာရ်နူးတောင်ဟာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးဘဝကတည်းက မွေးရပ်ဇာတိ ရှမ်းပြည်မြောက်ပိုင်း ခိုစံရွာကနေ နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးရွာကို ပြောင်းရွှေ့နေထိုင်ခဲ့ရသူပါ။ သူ့ကိုမွေးဖွားခဲ့တဲ့ ခိုစံရွာကတော့ တစ်ရွာလုံး ပျက်စီးသွားပြီး အခုချိန်ထိ ပြန်လည်နေထိုင်သူ မရှိတော့ပါဘူး” လို့ အာရ်အက်ဖ်အေ သတင်းဆေင်းပါးထဲမှာ ရေးသားထားပါတယ်။

မွေးချင်း ၁၃ ယောက်ထဲမှာ သူက နံပါတ်ငါး ဖြစ်ပြီး ဘာသာရေးဓမ္မဆရာဖြစ်တဲ့ ဖခင်ရဲ့ အလုပ်တွေကို ဝင်ရောက်ကူညီရာကနေ တစ်နေ့မှာ ခရစ်ယာန်သီလရှင်တစ်ပါး ဖြစ်လာဖို့ သူ ဆုံးဖြတ်ခဲ့တယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့ ကက်သလစ်ခရစ်ယာန်သီလရှင်ကျောင်းကို တက်ရောက်ပြီးတဲ့နောက် ၂၀၀၅ ခုနှစ်မှာ သူ ကက်သလစ်ခရစ်ယာန်သီလရှင်တစ်ပါး ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ အကူအညီ လိုအပ်သူတိုင်းကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးခဲ့တာ နှစ် ၂၀ နီးပါး ရှိပြီလို့ သိရပါတယ်။

၂၀၁၇ မှာတော့ မလိဂင်ဒိုင် အခမဲ့ဆေးခန်းမှာ သူ တာဝန်ခံဖြစ်လာပါတယ်။ ဒီဆေးခန်းမှာ လူမျိုး၊ ဘာသာမရွေး အခက်အခဲရှိသူတိုင်းကို သူ ကုသပေးပါတယ်။ ကိုယ်တိုင် စစ်ဘေးဒုက္ခသည် တစ်ဦးဖြစ်တဲ့ စစ္စတာ နူးတောင်က ဒုက္ခသည်စခန်းက သက်ကြီး ရွယ်အိုတွေကိုလည်း စခန်းထဲထိ ကိုယ်တိုင်သွားရောက်ပြီး ကုသပေးလေ့ ရှိပါတယ်လို့ဆိုပါတယ်။

ဘဝရဲ့ နေဝင်ချိန်ကို ဖြတ်သန်းနေရတဲ့ အဘိုးအဘွားတွေကို အသက်ရှင်သန်ချိန်မှာ ကျန်းမာပြီး ပျော်ရွှင်စေချင်တယ်လို့ သူက အာရ်အက်ဖ်အေနဲ့အင်တာဗျူးမှာအခုလိုဖြေကြားခဲ့ပါတယ်

ကိုယ်တာဝန်ကျတဲ့နေရာမှာ ကိုယ်နိုင်သလောက် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ဒုက္ခရောက်တဲ့ သူတွေကို အတတ်နိုင်ဆုံး ကိုယ်နိုင်ရင် နိုင်သလောက် ကိုယ်တိုင်ကုပေးမယ်၊ ကူညီပေးမယ်။ ကိုယ်မနိုင်ရင် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ကူညီပေးမယ်။ အဲဒီလိုမျိုး စဉ်းစားထားတယ်။ လုပ်လည်း လုပ်နေတယ်။ ရောက်တဲ့နေရာတိုင်း လုပ်နေတယ်။ ဘိုးဘွားရိပ်သာဖွင့်ပြီး အဘိုးအဘွားတွေ သူတို့မသေခင် သူတို့အသက်ရှင်နေတဲ့အချိန်မှာ သူတို့ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေနိုင်အောင် ကူညီချင်တယ်” လို့ စစ္စတာရ်က သူ့ရဲ့ရင်တွင်းဆန္ဒကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ခေတ်ကာလအခြေနေအရ အလုပ်အကိုင် အဆင်မပြေလို့ ကလေးမီးဖွားဖို့ ခက်ခဲလွန်းနေတဲ့ လူငယ်မိသားစု တစ်စုကိုလည်း သူက မေတ္တာအပြည့်နဲ့ ကူညီခဲ့ဖူးပါတယ်ပြီး သူဟာ လူမျိုး၊ ဘာသာမရွေး ကူညီတတ်သူလို့ ဇနီးသည်မီးဖွားဖို့အတွက် စစ္စတာနူးတောင်ရဲ့ အကူအညီကို ရယူခဲ့ဖူးသူ ကိုကျော်မိုးသူက မှတ်ချက်ပေးပါတယ်လို့ သတင်းဆောင်းပါးထဲမှာ အခုလိုဖော်ပြထားပါတယ်

သူက လူတစ်ယောက် ဒုက္ခရောက်ပြီဆို သူ ကူညီမယ်၊ သူ တတ်နိုင်တဲ့ဘက်က ကူညီမယ်လို့ သူ တွေးထားပုံ ပေါက်တယ်။ ကျနော်တို့က တကယ်ဒုက္ခရောက်လို့ သူ့ကို အကူအညီ တောင်းမိတာပါ။ သူရဲ့ စိတ်ဓာတ်ကတော့ လူမျိုးရယ်၊ ဘာသာရယ် မခွဲခြားဘူး။ အစ္စလာမ်လည်း မခွဲခြားဘူး၊ ဟိန္ဒူရယ်လည်း မရှိဘူး၊ ဘယ်သူမှ မရှိဘူး။ သူက တကယ်ဒုက္ခအမှန်ကန် ရောက်တယ်ဆိုရင် သူ ကူညီနိုင်သလောက် ကူညီသွားမယ်ဆိုတာ ကျနော်သိတယ်” လို့ ပြောပြပါတယ်။

သူအသက်ရှင်သန်နေသရွေ့ ဘဝတစ်လျှောက်လုံး ဒုက္ခရောက်နေသူတွေ၊ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေသူတွေကို ကူညီသွားဖို့ ဆုံးဖြတ်ထားတယ်လို့ စစ္စတာ နူးတောင်က ပြောကြောင်း သိရပါတယ်

အခုလို ခက်ခဲတဲ့အချိန်မျိုးမှာ မြန်မာပြည်သူတွေအားလုံး အချင်းချင်း ဖေးမကူညီကြဖို့ စစ္စတာ နူးတောင်က အောက်ပါအတိုင်းတိုက်တွန်းသွားပါတယ်လို့ ဆိုပါတယ်။

တတ်နိုင်တဲ့သူတွေလည်း ကိုယ်နီးစပ်ရာမှာ အခက်အခဲ ရောက်တဲ့သူတွေ၊ ဒုက္ခရောက်တဲ့ သူတွေ၊ လုံခြုံမှုမရှိတဲ့ သူတွေကို တစ်ဖက်တစ်လမ်းကနေ ကိုယ်နိုင်တဲ့ဘက်ကနေ မြန်မာပြည်သူ ပြည်သားတွေအားလုံး ဝိုင်းဝန်း ကူညီကြရအောင်လို့။ အဲဒါ ကုသိုလ်ရပါတယ်။ ကောင်းချီးလည်း ရပါတယ်။ ဒုက္ခရောက်တဲ့အချိန်မှာ ကူညီတယ်ဆိုတာ အရမ်းအကျိုးရှိပါတယ်” လို့နှိုးဆော်တိုက်တွန်းခဲ့ကြောင်းကို ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။

မှီငြမ်း-RFA Burmese News

 

features