Pathein Catholic Diocese Untitled Document
Untitled Document
ဓမ္မဆရာ၊မများကိုကူညီပံ့ပို့မှုများဆက်လက်လုပ်ဆောင်ကြရန်အသိပေးနှိုးဆော်စာထုတ်ပြန်


မေလ ၃ ရက်မှ ၉ ရက်နေ့တွင် ပုသိမ်မြိုနယ် မရမ်းချောင်းကျေးရွာရှိ ကက်သလစ်ရဟန်းဖြစ်သင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သော ဓမ္မဆရာဆရာမများ၏ ဝတ်စောင့်ခြင်းနှင့် မွမ်းမံသင်တန်းတွင်ပါဝင်တက်ရောက်လာခဲ့ကြသော ဆရာဆရာမများ ဘုရားကျောင်းအတွင်း စီတန်းနေကြစဉ်။ (ဓာတ်ပုံ-OSC Pathein)။
ဓမ္မဆရာ၊မများကိုကူညီပံ့ပို့မှုများဆက်လက်လုပ်ဆောင်ကြရန်အသိပေးနှိုးဆော်စာထုတ်ပြန်
 ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာအတွင်းရှိ ဓမ္မဆရာ၊ဆရာမများအားကူညီပံ့ပိုးမှုများ ဆက်လက်လုပ်ဆောင်ကြဖို့ သာသနာ့စီမံခန့်ခွဲရေးတာဝန်ခံဘုန်းတော်ကြီး ဟင်နရီအိုင်ခလိန်မှ ကျောင်းထိုင်းဘုန်းကြီးများနဲ့ ဘာသာဝင်များကို အသိပေးနှိုးဆော်သည့် စာကို မေလ ၁၂ ရက်နေ့တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
 “ကျောင်းထိုင်ဘုန်းတော်ကြီးများသည် မိမိတို့သာသနာတွင်လက်တွဲလုပ်ဆောင်နေသော ဓမ္မဆရာဆရာမများကို တစ်နှစ်လျှင်အခြေခံထောက်ပံ့ခြင်းအဖြစ် တစ်ဦးလျှင် စပါး (၂၀) တင်း သို့မဟုတ် ယင်းနှင့်ညီမျှသော မြန်မာ ကျပ်ငွေဖြင့်ကူညီရန် (သာသနာ့ဗဟိုမှာ နှစ်စဉ်ထောက်ပံ့ခြင်းနှင့် အခြားထပ်ဆောင်းကူညီ ထောက်ပံ့ခြင်း များအပြင်)” လို့ ထုတ်ပြန်စာထဲမှာ ဆိုထားပါတယ်။
 ဘာသာဝင်များကိုလည်း ဘုန်းတော်ကြီး အိုင်ခလိန်မှ “သာသနာ့ ဝန်ထမ်းများကို လက်ဆောင် သို့မဟုတ် အလှူငွေဆက်ကပ်ရာတွင် ဘုန်းတော်ကြီးများ၊ ဘရာသာရ်များ၊ စစ္စတာရ်များသာမက ယင်းတို့နှင့်အတူ သာသနာလုပ်ငန်းများကို အတူတကွ လက်တွဲလုပ်ဆောင်နေကြသော ဓမ္မဆရာ၊ဆရာမများအတွက်ပါစီစဉ် ဆောင်ရွက်ပေးရန်” လို့ နှိုးဆော်ထားပါတယ်။
 ၎င်းအပြင် နှစ်စဉ်ကျရောက်တဲ့ သန့်ရှင်းသောဝိညာဉ်တော်ပွဲနေ့မှာကောက်ခံရရှိတဲ့အလှူငွေတွေကို ပုသိမ်ဂိုဏ်အုပ်သာသနာအတွင်းမှာရှိတဲ့ ဓမ္မဆရာ၊ဆရာမများကို ထောက်ပံ့ပေးဖို့ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
 “ထိုနေ့တွင်ကောက်ခံရရှိသော အလှူငွေများကို ဓမ္မဆရာ၊ ဆရာမများရုံးချုပ်ရှိရာ သာသနာ့ဗဟို ပုသိမ် သို့ဦးစွာပို့ရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ရရှိလာသော စုပေါင်းအလှူငွေများကို သာသနာအသီးသီးရှိ ဓမ္မဆရာ၊ဆရာမများသို့ တစ်ဦးစီထောက်ပံ့ငွေအဖြစ်အညီအမျှပြန်လည်ဝေမျှပေးရန်” လို့လည်း သာသနာ့စီမံခန့်ခွဲရေးဘုန်းတော်ကြီးက အသိပေးထားပါတယ်။
 ဓမ္မဆရာ၊ဆရာမများရဲ့ လုပ်ဆောင်ရမဲ့ တာဝန်ဝတ္တရားများကိုလည်း ဘုန်းတော်ကြီး အိုင်ခလိန်က ထုတ်ပြန်စာထဲမှာ ထည့်သွင်းရေးသားနှိုးဆော်ထားပါတယ်။
“ဓမ္မဆရာ၊ဆရာမတစ်ဦးသည် တစ်နှစ်တာအတွင်း အနည်းဆုံး ကက်သလစ်ဘာသာသူအိမ် (၂၀) သို့ ကိုယ်တိုင် သွားရောက်ကာ ဘာသာတရားဆိုင်ရာ ဝေမျှခြင်း၊အားပေးကူညီခြင်းဆက်လက်လုပ်ဆောင်ကြရန်” လို့လည်း အသိပေးနှိုးဆော်ထားပါတယ်။
 ကလေးသူငယ်များကို ဘုရားစကားသင်ကြားတဲ့အခါတိုင်း အထူးသဖြင့် အာပတ်ဖြေခြင်း၊ ပထမကိုယ်တော် မြတ်ခံယူခြင်း၊ ခရစ္စမားအားပေးခြင်း ခံယူဖို့ ပြင်ဆင်ပေးကြတဲ့ ဓမ္မဆရာ၊ဆရာမတွေကိုလည်း “ကလေးများအား ဘုရားစကားသင်ကြားခြင်းသာမက သူတော်စဉ်ဘောင်သို့ ဝင်လိုသော စိတ်ဆန္ဒရှိရန်၊ ဆုတောင်းရန် သင်ကြားပေးရန်” လို့ ရေးသားဖော်ပြထားပါတယ်။
 ထုတ်ပြန်ချက်တွေဟာဆိုရင် မေလ ၉ ရက်နေ့တွင်ပြုလုပ်ခဲ့သော ဓမ္မဆရာ၊ဆရာမများရဲ့ အစည်းအဝေး မှထွက်ပေါ်လာတဲ့ ထုတ်ပြန်ကြေညာချက်များဖြစ်ကြောင်း သာသနာ့စီမံခန့်ခွဲရေးတာဝန်ခံ ဘုန်းတော်ကြီး ဟင်နရီအိုင်ခလိန်က ရေးသားထားပါတယ်။
 ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာအတွင်းတွင် ဓမ္မဆရာ၊ဆရာမဦးရေး ၈၃ ဦး လက်ရှိတွင် အလုပ်လုပ်လျှက်ရှိပြီး၊ အငြိမ်းစားဆရာဆရာမ ၈ ဦးရှိကြောင်း ဆရာမ အယ်မာဝင်းမှ ပြောပါသည်။
 ဂိုဏ်အုပ်သာသနာဟာဆိုရင် ပုသိမ်ဇုံ၊ မြောင်းမြဇုံ၊ ဟင်္သာတဇုံများအဖြစ် ဇုံ ၃ ဇုံ ရှိပြီး ပုသိမ်ဇုံတွင် ဓမ္မဆရာဆရာမ ၃၄ ဦး၊ မြောင်းမြဇုံတွင် ၂၇ ဦး၊ ဟင်္သာတဇုံတွင် ၂၂ ဦးရှိကြောင်း ဓမ္မဆရာမ အဲလ်မာဝင်း ထံမှ သိရသည်။
 ပုသိမ်ဇုံတွင် အိမ်ထောင်ရှိဓမ္မဆရာဆရာမဦးရေဟာဆိုရင် ၂၆ ဦးရှိပြီးတော့ အိမ်ထောင်မရှိသူ ၈ ဦး၊ မြေင်းမြဇုံတွင် အိမ်ထောင်ရှိဆရာဆရာမ ၂၀ ဦး၊ အိမ်ထောင်မရှိ ၇ ဦး၊ ဟင်္သာတဇုံတွင် အိမ်ထောင်ရှိဆရာဆရာမ ၁၇ ဦး၊ အိမ်ထောင်မရှိ ၅ ဦး ရှိကြောင်း ရုံးတာဝန်ခံ ဆရာမ အဲလ်မာက ပြောသည်။
ပြီးခဲ့တဲ့ ဒီလ ၃ ရက်မှ ၉ ရက်နေ့အထိပုသိမ်မြို့ မရမ်းချောင်းကျေးရွာရှိ အခြေခံကက်သလစ်ရဟန်းဖြစ်သင်ကျောင်းကျင်းပပြီးစီးခဲ့တဲ့ မွမ်းမံသင်တန်းကို ဓမ္မဆရာဆရာမ ၆၈ ဦးတက်ရောက် ခဲ့ကြောင်းလည်း ယင်းက ပြောပါတယ်။
ကိုဗစ်နဲ့ နိုင်ငံရေးတွေအခက်အခဲကြောင့် စားဝတ်နေရေးနဲ့ ကျန်းမာရေးအခက်အခဲများကို အခြားသူများနည်းတူ ဓမ္မဆရာဆရာမများလည်း ကြုံတွေ့ခံစားကြရကြောင်း အထူးသဖြင့် အိမ်ထောင်သည် ဆရာဆရာမများ ပိုပြီးခက်ခဲကြကြောင်း ဆရာမထံမှတဆင့် သိရပါတယ်။
 ဒါ့အပြင် ပုသိမ်ဂိုဏ်းအုပ်သာသနာအတွင်းရှိ ကျောင်းထိုင်သာသာနာပေါင်း ၃၆ သာသနာရှိရာ ၆ သာသနာက ဓမ္မဆရာရာမများကို စပါးထောက်ပံ့ခြင်းကို နှစ်စဉ်ပုံမှန်ထောက်ပံ့ပေးနေကြောင်းလည်း ယင်းက ဆိုပါတယ်။ ကျန်သာသနာများကလည်း သူနည်းသူ့ဟန်ဖြင့် အနည်းအများအဆင်ပြင်ရင်ပြေသလို ထောက်ပံ့ပေးလျှက်ရှိ ကြောင်း သိရသည်။
 ကိုဗစ်နဲ့နိုင်ငံရေးအကြပ်အတည်းအတွင်း အချို့ဒေသတွေမှာ သွားလာရအဆင်ပြေမှုများရှိသလို အချို့ဒေသတွေမှာတော့ သွားလာရအခက်အခဲများရှိကြောင်း ယင်းဆရာမကပဲ ထပ်လောင်းပြောပြပါတယ်။
 ပုသိမ်ကက်သလစ်သာသနာအတွင်းရှိ ဓမ္မဆရာဆရာမများဟာဆိုရင် ကလေးသူငယ်များကိုလည်းကောင်း၊ လက်ထပ်ထိမ်းမြှားခြင်းခံယူကြမည့်သူများကိုလည်းကောင်း ဘုရားစကားသင်ကြားခြင်းနှင့် အခြားသော သာသနာ့ လုပ်ငန်းများကိုလည်းကောင်း ကျောင်းထိုင်ဘုန်းတော်ကြီး၊ ဘရာသာရ်၊ စစ္စတာရ်များနှင့်အတူလက်တွဲကာ လုပ်ဆောင်ကြရသော သာသနာ့ဝန်ထမ်းများဖြစ်ကြသည်။
 ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ယုံကြည်ခြင်းနှစ်အတွက် စုဝေးလျှက်ရှိနေကြတဲ့ ဓမ္မဆရာ၊ဆရာမတွေကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဓမ္မဆရာဆရာမတစ်ယောက်ဆိုတာ “a pillar for education in the faith” ယုံကြည်ခြင်း၌ ပညာရေးအတွက် ဒေါက်တိုင်တစ်ခု လို့ ခေါ်ဆိုခဲ့ပါတယ်။
သတင်း-
ရေမွန်မန်းကျော်


2022-05-20 08:46:59