Pathein Catholic Diocese Untitled Document
Untitled Document
Interview: ဖာသာရ်ဖလော့ရင့်စ်အောင်ကျော်ဦးနှင့်တွေ့ဆုံမေးမြန်းထားချက်များ


Rev. Father Florence Aung Kyaw Oo, a Chancellor of the Diocese of Pathein (Photo by Raymond Mahn Kyaw)
Interview: ဖာသာရ်ဖလော့ရင့်စ်အောင်ကျော်ဦးနှင့်တွေ့ဆုံမေးမြန်းထားချက်များ

ဧရာအလင်း။      မင်္ဂလာပါ ဖာသာရ်။ ဖာသာရ်က ညီအစ်ကိုမောင်နှမတွေထဲမှာ အကြီးဆုံးသားဖြစ်သလို ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး ဖြစ်မလာခင်ကတည်းက ကျောင်းဆရာလုပ်ခဲ့ဖူးတယ်လို့ သိရပါတယ်။ ညီအစ်ကိုမောင်နှမဘယ်နှစ်ယောက်ရှိသလဲ။ ပြီးတော့ ကျောင်းဆရာအဖြစ်နဲ့   နှစ်ဘယ်လောက်ကြာြကာလုပ်ခဲ့သလဲဆိုတာပြောပြပေးလို့ရမလား။                     

ဖာသာရ်။           မင်္ဂလာပါ..ဧရာအလင်းဂျာနယ်။

 ကျွန်တော်တို့မှာညီအစ်ကိုမောင်နှမ ၁၀ ယောက်ရှိပါတယ်။ ကျွန်တော်က အကြီးဆုံးသားပါ။မောင်နှမ ၁၀ ယောက်ထဲမှာ ရဟန်းတစ်ပါး၊ သီလရှင်တစ်ပါး ဘုရားသခင်ရဲ့ ခေါ်တော်မူခြင်းခံရပါတယ်။ ကျွန်တော့်မိဘတွေက ပြောရမယ်ဆိုရင်တော့ Pro-life သမားတွေပါ။ အသင်းတော်ရဲ့ သွန်သင်ချက်အတိအကျလိုက်နာတယ်၊ နေထိုင်ပြီး ပတ်ဝန်းကျင်မှာရှိတဲ့ မိသားစုတွေကိုလည်းပဲ ဘုရားရဲ့အလိုတော်အတိုင်းကလေးတွေမွေးဖွားဖို့ တိုက်တွန်းတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်ဆိုတာ ငယ်စဉ်ကတည်းက ကျွန်တော်တို့ သိခဲ့ရပါတယ်။ ဒါ့ကြောင့် မိသားစုဝင်များပါတယ်။ ပျော်စရာလည်းကောင်းပါတယ်။  မိသားစုများတဲ့အတွက်ကြောင့် ငယ်စဉ်တုန်းက တော်တော်လေးခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါတယ်။

ကျွန်တော်တို့မိသားစု ဘယ်လောက်အထိ ရုန်းကန်ခဲ့ရသလဲဆိုတာကတော့ အနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ ရွာတွေက ဆွေမျိုးသားချင်းများအားလုံးအသိပဲဖြစ်ကြပါတယ်။ အသေးစိတ်တော့ မပြောြပလိုပါဘူး။ တောမှာရှိတဲ့ ဆင်းရဲတဲ့မိသားစုကို မြင်ယောင်လို့ရှိရင် ရပါတယ်။ ဒါ့အပြင် ကျွန်တော်တို့မိသားစု ဖြတ်သန်းခဲ့တဲ့ နှစ်တွေကိုပြန်လည်ကြည့်မယ်ဆိုရင်လည်း အပြင်ဘက်အခင်းအကျင်းများကလည်းပဲ အခက်အခဲဆုံးအချိန်တွေဖြစ်ခဲ့ပါတယ်။ ၁၉၇၀ ဝန်းကျင်ကနေ ဒီနေ့ဒီအချိန်ထိအောင် အရမ်းကို ခက်ခဲတဲ့အခင်းအကျင်းတွေဟာ ကြိုးစားနေကြတဲ့သူတွေကို သိပ်ပြီး မျက်နှာသာမပေးတဲ့ အခင်းအကျင်းတွေဖြစ်တယ်ဆိုတာကို တွေ့နေရမှာပါ။ ဒီကြားထဲမှာ ဒီလိုဖြတ်သန်းရုန်းကန်ရှင်သန်လာခဲ့တဲ့ မိသားစုဘဝပါ။ ကျေးဇူးတော်ကြောင့်သာလျှင်ဒီအရာများအားလုံးကို ကျော်ဖြတ်နိုင်ခဲ့တယ်လို့ ဆိုလိုချင်ပါတယ်။ အခုတော့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာအခက်အခဲတွေ သိပ်မရှိတော့ပေမဲ့ သူတို့ဘဝသူတို့ မွေးမြူဖို့အတွက် ညီအစ်ကိုမောင်နှမတွေဟာ ကြိုးစားလုပ်ဆောင်နေကြပါတယ်။

ကျွန်တော်ကျောင်းဆရာ ၅ နှစ်လုပ်ခဲ့ပါတယ်။ ဇလွန်မြို့နယ်ကကျောင်းတစ်ကျောင်းမှာ ၃ နှစ်နဲ့ ဟင်္သာတမြို့နယ်ကကျောင်းတစ်ကျောင်းမှာ ၂ နှစ်ဖြစ်ပါတယ်။ ၁၉၉၅ မှာ Minor Seminary မရမ်းချောင်းကို ဝင်ခဲ့ပါတယ်။ ၂၀၀၄ မှာ ရဟန်းသိက္ခာကို ရရှိခဲ့ပါတယ်။ ငယ်ငယ်တုန်းက အဲသလိုအခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတာဟာလည်း တစ်ခုကောင်းတာက မိသားစုအတွင်း ပိုမိုစည်းလုံးစေပါတယ်။ ညီညွတ်စေပါတယ်။ တစ်ယောက်ကို တစ်ယောက်ပိုပြီးတော့ ချစ်ခင်စေပါတယ်။ ဘုရားတရား ယုံကြည်ခြင်းအရာမှာ ပိုပြီးတော့ ခိုင်မြဲစေပါတယ်။ ဒါဟာ ဘုရားရဲ့အလိုတော် ဘုရားဆီကရရှိတဲ့အမြတ်တွေပဲဖြစ်ပါတယ်။ ညီအစ်ကိုမောင်နှမအချင်းချင်း ဦးစားပေးလိုတယ်။ သက်ညှာတဲ့အလေ့အကျင့်တွေ ညီအစ်ကိုမောင်နှမတွေကြားထဲမှာ အားလုံး ငယ်ငယ်ကတည်းကရရှိခဲ့ရပါတယ်။ ဒါတွေကို အကုန်ခြုံပြီးပြောရမယ်ဆိုရင် သိလိုက်ခဲ့ရတာကတော့ အဓိက လူ့ရဲ့အလိုအပ်ဆုံးအချက်ဟာ ရုပ်ဝတ္ထုပစ္စည်းတွေမဟုတ်ဘူးဆိုတာဘဲဖြစ်ပါတယ်။

ဧရာအလင်း။      ကျောင်းဆရာဘဝဆိုကလည်း အများအတွက်အထူးသဖြင့်ကလေးတွေကို စာတတ်မြောက်အောင် ပညာတတ်ဖြစ်အောင်လုပ်ပေးတဲ့အလုပ်ဖြစ်တယ်ပေါ့နော်။ ဒီအလုပ်ကနေ ကက်သလစ်ခရစ်ယာန်ဘုန်းကြီးဘဝကို ရွေးချယ်ခဲ့တာဆိုတော့ ဘယ်အရာတွေက ဖာသာ့ရ်ကို တွန်းအားတွေဖြစ်စေခဲ့တာလဲ။ ဘုန်းကြီးဖြစ်လာဖို့ ဖာသာရ် ဘယ်လို Inspiration ရခဲ့တာလဲ။

ဖာသာရ်။           နံပါတ် ၂ မေးလာတာကတော့ ကျောင်းဆရာဘဝဆိုတာ အများအတွက် စာတတ်မြောက်အောင်သင်ပေးရတဲ့အလုပ်ဖြစ်တယ်။ ဟုတ်ပါတယ်။ ဒီကျောင်းဆရာဘဝကနေပြီးတော့ ရဟန်းဘဝကို ကူးပြောင်းလာခဲ့ပါတယ်။ ကျောင်းဆရာအလုပ်က ကျွန်တော် ဝါသနာမပါလို့လည်း မဟုတ်ပါဘူး။ မွန်မြတ်တဲ့အလုပ်။ တကယ်လည်း ဝါသနာပါတဲ့ အလုပ်လည်းဖြစ်ပါတယ်။ အဲဒါကို စိတ်ပျက်လို့ စွန့်လွှတ်ခဲ့တာလည်း မဟုတ်ပါဘူး။ အခုလည်းပဲ ကျောင်းဆရာလိုပဲ ကျွန်တော် စိန့်ဂျွန်းကျောင်းကို သွားနေပါတယ်။ နေ့တိုင်းနီးနီးကျောင်းတက်နေပါတယ်။ ပြောရမယ်ဆိုရင်တော့ ပုသိမ်ကဘာသာတူတွေ သိပါတယ်။ ကျွန်တော်ရဟန်းဖြစ်ဖို့ စိတ်ဆန္ဒက ကျောင်းဆရာဖြစ်မှပေါလာတာမဟုတ်ပဲနဲ့ ငယ်စဉ်ကလေးဘဝကတည်းက ရှိနေခဲ့တာဖြစ်ပါတယ်။

Inspiration က ဘယ်ကရသလဲဆိုရင်တော့ ပြောရမယ်ဆိုရင်တော့ မိသားစုအသိုင်းအဝိုင်းဟာယုံကြည်ခြင်းကြီးမားတဲ့ အဖွဲ့အစည်းကျေးရွာ ကျောင်းနားကန်နားမှာ ကြီးပြင်းခဲ့ရတဲ့အခွင့်အရေး ရဟန်းသီလရှင်တွေနဲ့ နီးနီးကပ်ကပ်ရှင်သန်ရတဲ့အခွင့်တွေကြောင့် ပြောရမယ်ဆိုရင်တော့ ဘုရားရဲ့ အဓိက အစီအမံပါ။ ဖာသာရ် ပီဦးမန်းတကောတို့စသဖြင့်ရှိပါတယ်။ စစ္စတာရ်ကြီးတွေလည်းအများကြီးရှိပါတယ်။ တခြားသော မစ်ရှင်မှာ အတုယူချင်တဲ့ အတုခိုးချင်တဲ့ ရဟန်းတွေလည်းအများကြီးရှိခဲ့ပါတယ်။ ဒါကြောင့် ဒီဟာတွေဟာ အဓိကစိတ်ဆန္ဒကို တည်ရှိစေခဲ့တဲ့အရာတွေဖြစ်ပါတယ်။ ရဟန်းဖြစ်ချင်တဲ့ စိတ်ဆန္ဒကိန်းအောင်းလာတာ အဲဒီအချိန်ကတည်းကဖြစ်ပါတယ်။

အဓိက ကတော့ ကျွန်တော့မိသားစုကို ကျေးဇူးတင်လိုပါတယ်။ မိဘတွေ အနစ်နာခံပြီ ကျွန်တော်အကြီးဆုံးတစ်ယောက်အနေနဲ့ ထမ်းဆောင်ရမဲ့တာဝန်ကို ဝင်ရောက်အစားထိုး ကူညီခဲ့တဲ့ညီတွေ ညီမတွေကလည်းပဲ ကျွန်တော့်အတွက် အခြေခံအင်အားတစ်ခုပါပဲ။ သူတို့ပြောတဲ့စကားအမြဲရှိပါတယ်။ အစ်ကိုကြီးလုပ်စရာရှိတာလုပ်။ နောက်ကြောင်းဘာမှ မပူနဲ့။ အမြဲတမ်းအားပေးတဲ့စကားက သူတို့စကားပဲဖြစ်ပါတယ်။ တကယ်လည်းပဲ ပူစရာမလိုတော့ပါဘူး။ ချမ်းသာနေလို့ပြောတာမဟုတ်ပါဘူး။ ကျွန်တော်ထွက်လာပြီးတဲ့နောက်ပိုင်းမှာ သူတို့ဟာသူတို့ အဆင်ပြေပြေ ရှိနေတာကို တွေ့ရပါတယ်။

ရဟန်းလောင်းဘဝကနေစပြီးတော့ နောက်ကျေးဇူးတင်လိုတဲ့အဖွဲ့တစ်ဖွဲ့ကတော့ ရဟန်းလောင်းဘဝ တစ်လျှောက်လုံး ဆုံခဲ့ကြုံခဲ့တဲ့ ကိုယ့်ထက်ကြီးတဲ့လူတွေ ငယ်ရွယ်တဲ့လူတွေ အားလုံးတန်းတူ သူငယ်ချင်းညီကိုရဟန်းတွေ အကုန်လုံးကိုလည်းကျေးဇူးတင်ပါတယ်။ လူသိတဲ့နည်းတွေနဲ့ရော လူမသိတဲ့နည်းတွေနဲ့ပါ ကူညီနေကြတဲ့ နားလည်မှုပေးနေကြတဲ့ ဝိုင်းဝန်းပြီး နည်းအမျိုးအမျိုးနဲ့ ပံ့ပိုး ကူညီပေးနေတဲ့ပုဂ္ဂိုလ်များဟာလည်း ကျွန်တော့ရဲ့ အဓိကအင်အားပါပဲ။ ရဟန်းအသက်တာ၊ ခေါ်တော်မူခြင်းအသက်တာမှာ ပြောရမယ်ဆိုရင်တော့ ဒီဟာတွေကို ဒီနေ့မှာ ကျေးဇူးတင်လိုပါတယ်။

မနှစ်က ပျံလွန်သွားခဲ့တဲ့ ဆရာတော်ကြီးဆိုရင်လည်းပဲ ၂၂ နှစ်လောက်ကို သူနဲ့အတူနေခဲ့ပါတယ်။ သူဟာ အကြီးအကဲဆိုတာထက် မိဘလို ညီအစ်ကိုလိုလည်းဖြစ်နေပါတယ်။ ဝိညာဉ်ရေးအသက်တာရော တခြားသာသနာလုပ်ငန်းတွေမှာရော အနီးကပ်ရှိခဲ့တယ်။ ဒီပုဂ္ဂိုလ်တွေဟာလည်းပဲ အခြေခံတွေဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ ဒီရဟန်းဘဝ၊ ခေါ်တော်မူခြင်းဘဝရဲ့ Inspiration ဆိုတာ ဒါတွေပဲဖြစ်ပါတယ်။ တွန်းအားတွေဆိုတကလည်း ဒါဟာတွေကပဲ ကိုယ့်အတွက် အင်အားတွေပါပဲ။ ဒါ့ကြောင့်မို့လို့ ဒါဟာတွေဟာ ကျွန်တော့်ဘဝရဲ့ ခေါ်တော်မူခြင်းအခြေခံခဲ့တဲ့အရာတွေပဲလို့ ဆိုချင်ပါတယ်။

ဧရာအလင်း။      ဘုန်းကြီးဖြစ်လာတဲ့အခါမှာလည်း ဦးပဥ္ဇင်းဘဝကစလို့ ဆရာတော်ရုံးမှာပဲ အခုချိန်ထိနှစ်ပေါင်း ၂၀ တိုင်လုပ်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။ ဘာတွေအဓိကလုပ်ဆောင်ရလဲဆိုတာလည်း သိချင်ပါတယ်။

ဖာသာရ်။           အဓိကလုပ်ဆောင်ချက်တွေဘာရှိလဲဆိုတော့ များပါတယ်။ တော်လို့တတ်လို့ လုပ်တယ်ဆိုတာထက် လိုအပ်လို့ ဒီနေရာရောက်လာလို့ လုပ်တဲ့ သဘောလည်း ပါတယ်။ နှစ် ၂၀ အတွင်း နောက်သုံး လေး လ ဆို နှစ် ၂၀ ပြည့်တော့မယ်။ ၂၀၀၃ ဒီကင် (ဦးပဉ္ဇင်း) ဘဝကနေစပြီးတော့ ၂၀၁၀ အထိ ဆရာတော်ရုံးမှာ သူ့ရဲ့အတွင်းရေးမှူးအဖြစ်နဲ့ နေခဲ့၊ လုပ်ခဲ့ရပါတယ်။ အဲဒီမှာလည်း တွဲပြီး Project Coordinator သာသနာရဲ့ စီမံကိန်းတွေ ရေးဆွဲတာ တင်ပြတာတွေ အကောင်အထည်ဖော်တာတွေနဲ့ အဲဒီစီမံကိန်းတွေ ဟန်ချက်ညီညီ စုစုစည်းစည်း ထိထိရောက်ရောက်ရှိဖို့ ညိနှိုင်းဆောင်ရွက်တာတွေ လုပ်ရပါတယ်။

ဘီရှော့ကိုယ်တိုင်ရဲ့ စာပေးစာယူ အဆက်အသွယ်လုပ်ရတယ်။ ဒီဟာတွေအားလုံးနီးနီးကိုလည်းပဲ တာဝန်ယူ ဆောင်ရွက်ခဲ့ရပါတယ်။ အဓိက ထဲထဲဝင်ဝင် ပါဖြစ်ခဲ့တဲ့ sector တွေလည်းပဲ တစ်ချို့ရှိခဲ့ပါတယ်။ အဲဒီထဲကမှ ကျန်းမာရေးလုပ်ငန်းတွေမှာ ၂၀၀၃ ကနေ ၂၀၁၀ အထိ တစ်ခါ ပါဝင်ခဲ့တာရှိတယ်။ အခုလောလောဆယ်ပညာရေးကဏ္ဍမှာလည်းပဲ အဓိက ပါဝင်နေပါတယ်။ ပညာရေးကဏ္ဍာဟာ သာသနာကနေ အဓိက အသားပေးလှုပ်ရှားလိုတဲ့ ကဏ္ဍလည်းဖြစ်နေတဲ့အတွက်ကြောင့် ပိုပြီးကာမှ ခုနကပြောတဲ့ လုပ်ငန်းတွေအပြင် ဒီကဏ္ဍမှာလည်းပဲ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လျှက်ရှိပါတယ်။

ဧရာအလင်း။      ဖာသာရ့်ရဲ့ လုပ်ဆောင်ချက်တော်တော်များများက အတော်အောင်မြင်မှုတွေရတယ် လို့သိရတယ်ပေါ့။ အဲဒီအောင်မြင်မှုတွေထဲမှာ အဆောက်အဦးတွေဆောက်လုပ်ခြင်းတွေလည်းပါတယ်ပေါ့။ ဒီအောင်မြင်မှုတွေ ရဖို့ ဖာသာရ့်အနေနဲ့ ဘယ်လိုအားထုတ်ကြိုးပမ်းလုပ်ဆောင်ခဲ့ရလဲဆိုတာ ဧရာအလင်း ဂျာနယ်ရဲ့စာဖတ်ပရိတ်သတ်တွေကို ဝေမျှပေးပါအုံး။

ဖာသာရ်။           ဒီမေးခွန်းက ကျွန်တော်လည်း သိပ်ပြီး သက်တောင့်သက်သာမဖြစ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော့်ရဲ့ လုပ်ဆောင်ချက်တွေ အေင်မြင်မှုရတယ်လို့ ပြောထားလို့ပဲဖြစ်ပါတယ်။ ဒီအောင်မြင်မှုတွေအကုန်လုံးဟာ ကျွန်တော့်ရဲ့ လုပ်ဆောင်ချက်ကြောင့်ရတာမဟုတ်ဘူးဆိုတာ ကြိုပြီးပြောလိုပါတယ်။ ဒီအတိုင်းလည်းပဲ မှတ်ယူစေချင်ပါတယ်။  ဒါနဲ့ပတ်သက်ပြီးတော့ ဧရာအလင်းဂျာနယ်ရဲ့ စာဖတ်ပရိတ်သတ်တွေကို ဝေမျှချင်တာရှိပါတယ်။

ဘုရားပါခဲ့တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ ဒီအောင်မြင်မှုတွေထဲမှာ အဆောက်အဦတွေဆောက် လုပ်ခြင်းလည်းပါပါတယ်။ ဒါက တစ်ခုသော ကဏ္ဍတစ်ခုပါပဲ။ တခြားကဏ္ဍတွေလည်းပဲ ရှိပါသေးတယ်။ ကိုယ်လုပ်လိုက်တဲ့ အားရကျေနပ်မှုရှိတဲ့ကဏ္ဍတစ်ခုထဲမှာ ပညာရေးပါပါတယ်။ ကလေးတွေအတွက် Boarding House Program တွေထွက်လာတယ်။ Orphanages တွေထွက်လာတယ်။ အခြားသော ပညာရေးစီမံကိန်းတွေထွက်လာပါတယ်။ ကျောင်းဆိုရင်လည်းပဲ မြန်မာပြည်မှာ ကက်သလစ်သာသနာအနေနဲ့ ပထမဦးဆုံး ပြန်လည်စတင်နိုင်ခဲ့တဲ့ကျောင်းလို့လည်း ပြောရမယ်ဖြစ်ပါတယ်။

စိန့်ဂျွန်းကျောင်းလည်းထွက်လာပါတယ်။ ဒီဟာတွေဟာလည်းပဲ အောင်မြင်မှုထဲမှာ ထည့်လို့ရပါတယ်။ ဒါပေမဲ့ ကိုယ်တတ်လို့ ကိုယ်တော်လို့ မဟုတ်ပဲနဲ့ ဒီနယ်ပယ်မှာ ကျွမ်းကျင်အတွေ့အကြုံရှိခြင်းကြောင့်လို့ မယူဆပါဘူး။ ဘုရားသခင်ပါခဲ့တယ်လို့ပဲ ယူဆကြပါစို့။ နေရာတော်တော်များများကတော့ ကျွန်တော်တို့ကိုယ်တိုင် သင်ယူလေ့လာနေရတုန်းပါ။ အဓိက ပြောချင် တာကတော့ ဘုရားကိုယ်တိုင် ဒီသာသနာလုပ်ငန်းတစ်လျှောက်မှာ ပါဝင်ခဲ့တယ်။ အနှစ် ၂၀ လုံးပါဝင်ခဲ့တယ်ဆိုတဲ့အချက်ပါပဲ။

ကျွန်တော့်ရဲ့ လူသားပီပီချွတ်ယွင်းချက်အားနည်းချက် လူသားပီပီမှားခဲ့တဲ့ အမှားတွေလည်းပဲရှိပါတယ်။ အဆုံးမှာ သိလိုက်ရတာကတော့ အဲဒီအလွဲအမှားတွေတောင်မှ သာသနာလုပ်ငန်းအတွက် ကောင်းရာရလဒ်လေးတွေပြန်ထွက်လာပါတယ်။ အမှားလုပ်ကြပါလို့ ပြောတာမဟုတ်ပါဘူး။ ဒီကြားထဲမှာ ဘုရားကပြန်ပြီးတော့ပြင်သွားပေးတယ်ဆိုတဲ့အချက်ကို ပြောလိုခြင်းဖြစ်ပါတယ်။ ဒီအမှားလေးတွေက သာသနာအတွက် ပိုပြီးတော့အဆင်ပြေတဲ့ အရင်းခံအကြောင်းလေးတွေ ပြန်ဖြစ်သွားတာကို တွေ့ရပါတယ်။ ပိုကောင်းတဲ့ ရလဒ်တွေဘက်ကို ဦးတည်သွားတာကို တွေ့ရပါတယ်။

ကိုယ့်ရဲ့ လုပ်ဆောင်ချက်ကြောင့် မပြည့်မစုံချွတ်ယွင်းချက်လေးတွေဟာ ပိုကောင်းဖို့ ဖြစ်လာတဲ့အရာလေးတွေပါလားဆိုတာကို သိလာပါတယ်။ အဲဒါလေးတွေက ပိုကောင်းဖို့အခြေခံ ဖြစ်လာတယ်ဆိုတာကို တွေ့ရပါတယ်။ သူ့ရဲ့ပင်ကိုယ်အားဖြင့် မကောင်းသော်လည်းပဲ ဆန့်ကျင်ဘက်ရလဒ် ကောင်းတဲ့ရလဒ်လေးတွေ ပြန်ထွက်လာပါတယ်။ ဒါဟာ ဘုရားဘက်က လိုက်ပါတယ်ဆိုတဲ့အချက်ကို ထင်ရှားစေတဲ့အချက်ပဲဖြစ်ပါတယ်။

အခက်အခဲကတော့ ပုံစံအမျိုးမျိုးရှိပါတယ်။ ကိုယ့်ရဲ့ ချွတ်ယွင်းချို့တဲ့ခြင်း၊ မပြည့်စုံခြင်း၊လုပ်ငန်းမကျွမ်းကျင်ခြင်းတွေကြောင့် တွေ့ကြုံရတဲ့အခက်အခဲတွေရှိခဲ့ပါတယ်။ ဒီနေရာကို ဝင်လာရမယ်လို့တော့ ကြိုမသိခဲ့ ပြင်ဆင်မထားပဲနဲ့ ဒီရောက်လာတယ်။ တောက်လျှောက်ပြောရမယ်ဆို အသေးစိတ်အများကြီးရှိပါတယ်။ ကိုယ်ကိုယ်တိုင်ရဲ့ ချွတ်ယွင်းချို့တဲ့ချက်ကြောင့်ရှိတဲ့အခက်အခဲ။

လူ့အဖွဲ့အစည်းဖြစ်လို့ ဒီအဖွဲ့အစည်းထဲမှာရှိတဲ့ သူသူကိုယ်ကိုယ် အားနည်းချက်ကလည်းပဲ ကျွန်တော်တို့အတွက် အခက်အခဲဖြစ်စေပါတယ်။ သူ့နည်းသူ့ဟန်နဲ့သူ ချွတ်ယွင်းချို့တဲ့ခြင်းရှိနေခြင်းက ဒါတွေလည်းအခက်အခဲပါပဲ။ ကျွန်တော်တို့အားလုံးအတွက်ပေါ့။ အဖွဲ့အစည်းအတွင်းမှာ ထိရောက်တဲ့ အလုပ်ဖြစ်တဲ့ စနစ်မရှိသေးခြင်းဟာလည်း ကျွန်တော်တို့အတွက် အခက်အခဲပဲဖြစ်ပါတယ်။ ဒါကတော့အတွင်းစည်း အတွင်းဘက် မိသားစုအတွင်းအခက်အခဲလို့ ဆိုရမှာပါ။  အပြင်ဘက်ကတော့အားလုံးသိကြတဲ့အတိုင်းပဲ အဆီးအတားတွေ နေရာမျိုးစုံမှာရှိပါတယ်။ အခက်အခဲရှိပါတယ်။ အနှောက်အယှက် တစ်ခါတလေမှာအဖျက်အမှောက်တွေလည်းရှိပါတယ်။ အမျိုးစုံပါဘဲ။ တစ်နေ့ချင်းစီကျော်ဖြတ်ဖို့တောင်မှ တစ်ခါတလေ ကြောက်ရွံ့နေရတဲ့နေ့တွေရှိပါတယ်။ ရှင်းလင်းရမဲ့ ပြဿနတွေ ရင်ဆိုင်ကျော်ဖြတ်ရမဲ့ အခက်အခဲတွေကို ဆုတောင်းခြင်းဖြင့် ကျော်ဖြတ်ခဲ့ပါတယ်။ ဘယ်လိုကျော်ဖြတ်ခဲ့သလဲမေးတဲ့နေရာမှာ ပြန်ဖြေနေခြင်းသာဖြစ်ပါတယ်။

အထူးသဖြင့်ကောင်းကင်ဘုံမေတ္တာမှာ နေ့စဉ်မပြတ်အလိုရှိအပ်သောအရာအစားများကို ဆိုတဲ့ အပိုဒ်ထဲမှာ ဒီနေ့တွေ့ကြုံရမဲ့ ရှင်းလင်းရမဲ့ အခက်အခဲတွေကို ထည့်ပြီး ကျွန်တော်ဆုတောင်းပါတယ်။ ဒါကတော့ အခက်အခဲတွေ ဘယ်လိုကျော်ဖြတ်သလဲဆိုတာပဲဖြစ်ပါတယ်။ ကိုယ်နဲ့ စကားပြောရမဲ့ လူတွေအတွက် ကြိုပြီးဆုတောင်းပေးတယ်။ ကိုယ့်စကားကိုသူနားလည်ဖို့ သူ့စကားကို ကိုယ်နားလည်ဖို့ ဒါကတော့ လက်တွေ့ကျတဲ့ ကျော်ဖြတ်နည်းကို ပြောနေခြင်းပါ။ ကိုယ်နားလည်တယ် သူ့ဘက်ကလည်း ကိုယ့်ကိုနားလည်ဖို့အတွက် ဆုတောင်းပါတယ်။ ညတိုင်းမှာလည်း ကိုယ်တော်မြတ်ဖူးပါတယ်။ ချွတ်ယွင်းချို့တဲ့ချက်ရှိတာမှန်တယ်။ သို့သော် ဒီဟာတွေက မပြတ်သေးဘူး။ အောင်မြင်မှုတွေက ဒီကရတဲ့အသီးအပွင့်တွေလို့ ဆိုလိုပါတယ်။ ကိုယ့်ဆီက ဖြစ်လာတာမဟုတ်ဘူးလို့ပဲ ဝန်ခံပါရစေ။

ဧရာအလင်း။      ယနေ့ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ ကျန်းမာရေးအခင်းအကျင်းတွေကြောင့် စိတ်ဓာတ်   ခွန်အား၊ ဝိညာဉ်ခွန်အားလျော့နည်းလာနေတယ်လို့ ယူဆရတဲ့ ယုံကြည်သူများနဲ့ အခြားညီအစ်ကိုဓမ္မ   မိတ်တွေကို ခွန်အားပေးစကားလေးတွေပြောပေးလို့ရမလား။

ဖာသာရ်။           ယနေ့ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးကျန်းမာရေး အခြေအနေတွေကြောင့် စိတ်ဓာတ်ခွန်အား ဝိညာဉ်ခွန်အားလျော့နည်းနေတယ်လို့ ယူဆရတဲ့ ယုံကြည်သူများနဲ့ အခြားညီအစ်ကိုဓမ္မမိတ်ဆွေများကို ခွန်အားပေးလိုပါတယ်။ အပြင်ပန်းအခင်းအကျင်းတွေက ကျွန်တော်တို့အတွက်  အမြဲကောင်းမနေပါဘူး။ ခုနပြောခဲ့သလိုအမျိုးအမျိုးသော  အခက်အခဲ အကြပ်အတည်း အနှောက်အယှက်အဆီးအတားတွေ လူ့သမိုင်းတစ်လျှောက်ပြန်ကြည့်ရင် တွေ့ရှိနိုင်ပါတယ်။

လုံးဝကိုယ့်ကို မျက်နှာသာပေးတဲ့ ရာနှုန်းပြည့်အထောက်အပံ့ပေးတဲ့ အခင်းအကျင်း ရှိမှလုပ်ကြမယ်ဟေ့ဆိုရင် လုပ်စရာဘာအလုပ်မှမရှိတော့ပါဘူး။ အလုပ်ချိန်ရဖို့လည်း တွေ့လာမှာမဟုတ်တော့ပါဘူး။ ဒါ့ကြောင့်မို့လို့ ဒီအခက်အခဲများကြားမှာ လုပ်နိုင်တာတွေရှိနေသေးပါတယ်။ သေးသေးလေးပဲဖြစ်အုံး အဲဒီသေးသေးလေးကို အကောင်းဆုံးဖြစ်အောင်လုပ်သွားမယ်။ ဒီလို ခံယူချက်နဲ့လုပ်သွားမယ်ဆိုရင်  ကျွန်တော်တို့လမ်းစကို တွေ့မှာပဲဖြစ်ပါတယ်။

ဒီကြားထဲမှာ ကျွန်တော်တို့ဘဝပျောက်သွားဖို့မဟုတ်ပါဘူး။ ဒီကြားထဲမှာ ကျွန်တော်တို့ဘဝ အရည်ပျော် အငွေ့ပျံသွားဖို့မဟုတ်ပါဘူး။ အဲဒီလိုလည်းမရည်ရွယ်ပါဘူး။ ဒီကြားထဲမှာ ကျွန်တော်တို့ ကြံ့ကြံ့ခံနေနိုင်ခြင်းဟာ လူပီသတယ်ဆိုတဲ့အချက်ကို ပြသရာရောက်နေပါတယ်။ သတ္တိရှိရာရောက်နေပါတယ်။ သတ္တိက အပြင်ကမလာပါဘူး။ အပြင်ဘက်အခင်းအကျင်းတွေကြောင့် သတ္တိနည်းသွားတယ်ဆိုတာ မဖြစ်သင့်ပါဘူး။ အပြင်ဘက်အခင်းအကျင်းတွေအခြေအနေမကောင်းလို့ စိတ်ဓာတ်ခွန်အားတွေကျသွားတယ်ဆိုတာ မဖြစ်သင့်ပါဘူ။

စိတ်ဓာတ်ခွန်အား၊ ဝိညာဉ်ခွန်အားဆိုတာအတွင်းသက်ကပဲ လာပါတယ်။ အတွင်းသက်မှာရှိတဲ့ ဘုရားဆီကပဲလာပါတယ်။ တခြားသောယုံကြည်သူများအတွက်ကတော့ တရားဆီကလာပါတယ်။ ဒါ့ကြောင့်မို့လို့ ဒီအတွင်းသက်တောင့်တင်းအောင်လုပ်နေတဲ့ပုဂ္ဂိုလ်အတွက် ခုနပြောတဲ့ အခင်းအကျင်းတွေအခက်အခဲတွေဟာ သူ့အတွက်ဘာမှ မဟုတ်တော့ဘူးဆိုတာ ယုံရမှာဖြစ်ပါတယ်။ ယုံရင်းနဲ့ လုပ်လို့ရှိရင်လည်း ဒီပုဂ္ဂိုလ်အောင်မြင်မှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ အပြင်ပန်းမှာ ဆူညံနေသော်လည်း ဒုက္ခဝေဒနာတွေအမျိုးမျိုးခံစားနေရသော်လည်းပဲ အတွင်းသက်ငြိမ်သက်ခြင်းဟာ ကျွန်တော်တို့အထဲမှာပဲ ရှာဖွေ‌တွေ့ရှိနိုင်ပါတယ်။ ဒါကို သိထားရမှာဖြစ်ပါတယ်။ အဲဒီတွေ့ရှိလာတဲ့ ငြိမ်သက်ခြင်းဟာ ကိုယ့်အတွက် အင်အားရဲ့ အရင်းအမြစ်ဖြစ်တယ်ဆိုတာကို အမြဲတမ်းပဲ မှတ်သားထားစေလိုပါတယ်။

ဧရာအလင်း။      နောက်ထပ် ဘာများဖြည့်စွက်ပြောချင်တာရှိလဲ။ ရှိရင် ပြောပေးလို့ရပါတယ်။

ဖာသာရ်။           ဒီတွေ့ဆုံခြင်းအတွက် ဧရာအလင်းကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့်ကိုယ့်အကြောင်းကို ပြောလိုက်ရလို့ ဝမ်းသာတာ ကျေးဇူးတင်တာမဟုတ်ပါဘူး။ ယုံကြည်ခြင်းအကြောင်းကို တစ်နည်းနည်းနဲ့ ဖြန့်ဝေလိုက်ရတယ်လို့ မှတ်ယူပါတယ်။ ဒါ့ကြောင့်မို့လို့ ကျေးဇူးအထူးတင်တယ်။ အားလုံးငြိမ်းချမ်းကြပါစေ။ အတွင်းသက်ငြိမ်သက်ခြင်းရရှိကြပါစေ။ အပြင်ဘက်က အခက်အခဲများဒုက္ခများ ကိုယ့်ကို ကိုင်လှုပ်ခြင်းမှ ကြံ့ကြံ့ခံနိုင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်နိုင်ကြပါစေ။ တစ်ယောက်နဲ့တစ်ယောက်ပိုပြီးရိုင်းပင်းနိုင်ကြပါစေ။ အထူးသဖြင့် လိုအပ်တဲ့သူတွေကို ပိုပြီးတော့ ကူညီနိုင်ကြပါစေ။

ဓမ္မဟာ အမြဲတမ်းပဲ အောင်မြင်တယ်ဆိုတဲ့ ယုံကြည်ခြင်း ရှိကြပါစေ။ လောလောဆယ် ခဏတော့ ငုံ့ကောင်းငုံ့နေမယ်။ ခဏတော့ ရှုံးကောင်းရှုံးနေမယ်။ သမ္မာတရားဘက်မှာ ကျွန်‌တော်တို့နေဖို့ သမ္မာတရားအတိုင်း ဖြောင့်ဖြောင့်မတ်မတ်အသက်ရှင်ဖို့ ကြိုးစားရုန်းကန်ကြပါစို့။ အားလုံးကိုကျေးဇူးတင်ပါတယ်။ ဘုရားသခင်ကောင်းကြီးပေးပါစေ။

 



2022-12-19 02:20:19