Pathein Catholic Diocese Untitled Document
Untitled Document
သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေဖို့ သစ်ပင်များစိုက်


သစ်ပင်များစိုက်နေကြတဲ့မြင်ကွင်း၊ ဇွန် ၂၀ (ဓာတ်ပုံ-ဇေယျာ OSC Pathein)
သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေဖို့ သစ်ပင်များစိုက်

မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်ကရုဏာလူမှုစည်းလုံးညီညွှတ်ရေးအဖွဲ့နှင့် ပုသိမ်ကက်သလစ်မြေယာစီမံခန့်ခွဲရေးကော်မရှင်တို့ပူးပေါင်းကာ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေဖို့ သစ်ပင်များစိုက်ခြင်းကို သာပေါင်းမြို့နယ်၊ရွှေဇံအိုကျေးရွာအုပ်စု၊ ကျောက်စရစ်ကုန်းကျေးရွာတွင် ဇွန်လ ၂၀ ရက်နေ့မှာ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရပါတယ်။

အခမ်းအနားကို ဟောပြောပွဲအစီအစဉ်ဖြင့်စတင်ခဲ့ရာ မွန်ဆီညော်ဟင်နရီအိုင်ခလိန်မှ အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာမြေကြီးဟာ ကိုယ့်ရဲ့ ဘုံစံအိမ် (Common Home) ဖြစ်ကြောင်း၊ ဘုရားပေးထားတဲ့ ဘုံစံအိမ်ကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြဖို့လိုကြောင်း၊ အပင်များခုတ်ပစ်ခြင်းကြောင့် ရာသီဥတုဖောက်ပြန်ကာ ပူလောင်းပြီး တဖြေးဖြေးနဲ့ ကိုယ်နေတဲ့အိမ်ကို ကိုယ်ပြန်ဖျက်စီးသလို ဖြစ်နေတာကို ပြန်လည်ပြုပြင်ဖို့လိုကြောင်းကို အလေးအနက်ထား မိန့်ကြားခဲ့ကြောင်း သိရပါတယ်။

ပုသိမ်ကက်သလစ်ကရုဏာလူမှုစည်းလုံးညီညွတ်ရးအဖွဲ့ရဲ့ ဒါရိုက်တာ ဖာသာရ်ပီတယ်မြတ်သူရက သစ်ပင်များစိုက်ရခြင်းအကြောင်းကတော့ ပုပ်ရဟန်းမင်းကြီးရဲ့ စာချွန်တော်ဖြစ်တဲ့ Luadato Si ကိုအခြေခံပြီး သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေဖို့ သစ်ပင်များစိုက်ကြခြင်းဖြစ်ကြောင်း ပြောပါတယ်။

“သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေဖို့အတွက် သစ်ပင်များစိုက်ခြင်းဟာ လူသားအားလုံးနဲ့ဆိုင်တဲ့အလုပ်ဖြစ်တယ်။ ဒီအလုပ်မှာ ပါဝင်ခဲ့ရလို့ ကိုယ်လည်းပဲ ဘုရားကိုကျေးဇူးတင်သလို ပျော်ရွှင်ရပါတယ်” လို့ ဖသာရ်မြတ်သူရက သူ့ရဲ့ရင်တွင်းစကားကို  ဖွင့်ဟပြောဆိုခဲ့ပါတယ်။

“ရာသီဥတုကလည်းဖောက်ပြန်နေပြီး။ ကုန်ဈေးနှုန်းတွေကလည်းမြင့်မားနေပြီး။ မြင့်မားတဲ့အကြောင်းအရင်းကလည်း ကျွန်တော်တွေ့ရသလောက်ဆိုရင် ရာသီဥတုဖောက်ပြန်ပြီးတော့ စိုက်ပျိုးရေးမှာတအားထိခိုက်သွားတယ်။ ထိခိုက်သွားတော့ လူတွေက သစ်ပင်တွေတအားခုတ်လှဲကြတယ်။ သစ်ပင်တွေခုတ်လှဲကြတဲ့အတွက်ကြောင့် လောလောဆယ်မှာ ကျွန်တော်တို့ဘာတွေ့ရလည်းဆိုတော့ သစ်ပင်တွေပြုန်းတီးမှုကြောင့် ရာသီဥတုဖောက်ပြန်တယ်။ ဖောက်ပြန်တော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပြီးတော့ သစ်ပင်စိုက်ပျိုးရေးမှာ နည်းနည်းအနှောက်အယှက်ဖြစ်တယ်။ စိုက်ခဲ့ဖူးတဲ့အပင်တွေဆိုရင် အောင်မြင်တာရှိခဲ့သလို မအောင်မြင်တာတွေလည်းရှိခဲ့တယ်။အခုလို သစ်ပင်တွေပြန်စိုက်တဲ့အခါကျတော့ ကိုယ်တိုင်ပါဝင်ခွင့်ရတဲ့အတွက် ရွာသားတစ်ယောက်နေရာကနေ ဝမ်းသာတယ်” လို့ အပင်စိုက်ခြင်းမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ပုသိမ်ကက်သလစ်ကရုဏာဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဆရာရေနီအောင်အောင်က‌ ဆိုပါတယ်။

သစ်ပင်များစိုက်ရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ နောက်တစ်ဦးဖြစ်တဲ့ နန့်ဟေမာလွင်ကလည်း “ပုပ်ရဟန်းမင်းကြီးရဲ့ စာချွန်တော်အတိုင်း ကမ္ဘာမြေကြီးကို ထိန်းသိမ်းဖို့ အပင်များစိုက်ခြင်းမှာ ကိုယ်တိုင်သွားရောက်ပူးပေါင်းပါဝင်ခွင့်ရလို့ ပျော်ပါတယ်” လို့ ဆိုပါတယ်။

သစ်ပင် ၆၀၀ ကို လူဦးရေ ၁၂၀ ခန့်ဖြင့် စိုက်ခဲ့ကြောင်းကို ယင်းကရုဏာဒါရိုက်တာကပဲ ပြောပါတယ်။စိုက်ခဲ့တဲ့အပင်များကတော့ မဟော်ဂနီ ၅၀၀ ပင် နှင့် ကျွန်းပင် ၁၀၀ ဖြစ်ကြောင်း သိရပါတယ်။

သတင်းရေးသားတည်းဖြတ်- ရေမွန်မန်းကျော်

 

 

 



2023-06-20 06:20:49