Pathein Catholic Diocese Untitled Document
Untitled Document
ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာအတွက် ဆရာတော်အဖြစ်အမည်နာမကြေညာခြင်း


ဘုန်းတော်ကြီးများ၊သီလရှင်များ၊ဘရာသာရ်များ၊သီလရှင်လောင်းဘရာသာရ်လောင်းများ၊ဘော်ဒေါကျောင်းသူ/သားများနှင့်ဘာသာတူများမှဆရာတော်လောင်းအားစိန့်ပီတယ်ဘုရားကျောင်းအတွင်းကြိုဆိုနုတ်ဆက်ကြခြင်း (Photo by Mahn Kyaw)
ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာအတွက် ဆရာတော်အဖြစ်အမည်နာမကြေညာခြင်း

ပုသိမ်ကက်သလစ်ဂိုဏ်အုပ်သာသနာအတွက်ဆရာတော်အဖြစ်အမည်နာမထုတ်ပြန်ကြေညာခြင်းကိုပုပ်ရဟန်းမင်းကြီးရုံတော်မှ မေလ ၃၁ ရက်နေ့တွင်ထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။

လက်ရှိသာသနာ့တာဝန်များကိုထမ်းဆောင်လျက်ရှိသော ဖာသာရ်ဟင်နရီအိုင်ခလိန်ကို ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာရဲ့ ဆရာတော်အဖြစ်ရွေးချယ်ခန့်အပ်ကြောင်း ဗာတီကန်ရုံးတော်မှထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဆရာတော်အဖြစ်ရွေးချယ်ခံရသော ဖာသာရ်အိုင်ခလိန်ကို ပုသိမ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးများ၊စစ္စတာရ်များ၊ဘရာသာရ်များနှင့် ဘာသာတူများက စိန့်ပီတယ်ကက်သီဒြယ်ဘုရားရှိခိုးကျောင်းတွင်စုရုံးက သီချင်းများဖြင့် ကြိုဆိုဂုဏ်ပြုနုတ်ဆက်ခဲ့ကြပါတယ်။

ရွေးချယ်ခံရသောဖာသရ်အိုင်ခလိန်မှ ရင်တွင်းစကားပြောကြားရာတွင် “ကျွန်ုပ်အတွက်ကောင်းကြီးမင်္ဂလာဖြစ်သလို ပုသိမ်ဂိုဏ်းအုပ်သာသနာအတွက်လည်း ကောင်းကြီးမင်္ဂလာဖြစ်တယ်” လို့ ဆိုပါတယ်။

မိမိရဲ့ခေါင်းဆောင်မှုနဲ့ပတ်သက်လို့လည်း “ကျွန်ုပ်ရဲ့ ခေါင်းဆောင်မှုဟာ simple leadership ရိုးရှင်းတဲ့ ခေါင်းဆောင်မှုသာဖြစ်မှာဖြစ်ပါတယ်”လို့ ပရိတ်သတ်တွေကို အစီအစဉ်အပိတ်ကောင်းကြီးမပေးခင်မှာ ပြောသွားခဲ့ပါတယ်။

ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာမှဘုန်းတော်ကြီးများကလည်း Pathein Clergy Viber Group မှ ဂုဏ်ယူဝမ်းမြောက်ပါကြောင်းအသီးသီးထုတ်ဖော်ပြောဆိုကြကြောင်းသိရပါတယ်။

ကြိုဆိုနုတ်ဆက်ခြင်းအခမ်းအနားအစီအစဉ်ကို ဖာသာရ်ပီဦးဝင်းသန်းမှ ဦးဆောင်ပေးခဲ့ပြီး ဘော်ဒါကျောင်းသားကျောင်းသူများ၊ဘုန်းတော်ကြီးများ၊ဘရာသာရ်၊စစ္စတာရ်များနှင့်ဘာသာတူဦးရေ ၁၀၀ ဝန်းကျင်းပါဝင်တက်ရောက်ခဲ့ပါတယ်။

ဆရာတော်လောင်းဖာသာရ်ဟင်နရီအိုင်ခလိန်ဟာဆိုရင် ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာရဲ့  ၇ ပါးမြောက်ဆရာတော်ဖြစ်လာမှာဖြစ်ပါတယ်။

ဖာသာရ်ဟင်နရီအိုင်ခလိန်ဟာဆိုရင် ၁၉၆၀ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် မြောင်းမြမြို့နယ်၊ ချမ်းသာကုန်းသာသနာ၊ ပိန္နဲချောင်းကျေးရွာမှ အဖယောဟန်မန်းသာဇံနှင့် အမိစီစီလျားဂါ့ကျင်လှတို့မှ မွေးဖွားခဲ့ပါသည်။

မွေးချင်းညီအစ်ကို ၅ ဦးတွင် ဆရာတော်တော်လောင်းဖာသာရ်အိုင်ခလိန်သည် စတုတ္ထမြောက်သားရတနာတစ်ဦးပဲဖြစ်ပါတယ်။

မတ်လ ၁၁ ရက်နေ့ ၁၉၈၉ ခုနှစ်တွင် ရဟန်းသိက္ခာကိုခံယူခဲ့ပြီး  ပုသိမ်ကယ်သီဒြယ်သာသနာ၏လက်ထောက်ဘုန်းတော်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါသည်။

၁၉၈၉ ခုနှစ်မှ ၁၉၉၅ ခုနှစ်တွင်ပြင်သစ်နိုင်ငံသို့ပညာတော်သင်သွားခဲ့ပြီးနောက် သရက်ချောင်းသာသနာတွင်လက်ထောက်ဘုန်းတော်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ရပါသည်။

၁၉၉၆ ခုနှစ်မှ ၁၉၉၇ ခုနှစ်တွင် ပုသိမ်မြို့ရှိ မရမ်းချောင်းအခြေခံရဟန်းဖြစ်သင်ကျောင်းရဲ့ ကျောင်းအုပ်ဘုန်တော်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးခြင်းခံခဲ့ရပါတယ်။

၁၉၉၇ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပပြုလုပ်ခဲ့သော ပုသိမ်သာသနာလုံးဆိုင်ရာဓမ္မညီလာခံ၏အတွင်းရေးမှူးအဖြစ် ထမ်းဆောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှ ၂၀၀၃ ခုနှစ်တွင် ရန်ကုန်ရဟန်းဖြစ်တက္ကသိုလ်၌ ဝိညာဉ်ရေးလမ်းညွှန်ဘုန်တော်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခံခဲ့ရပါသည်။

၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်တွင် ရန်ကုန်ရဟန်းဖြစ်တက္ကသိုလ်၏ ကျောင်းအုပ်တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ပါသည်။

ကျောင်းအုပ်တာဝန်ကိုထမ်းဆောင်ခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ပုသိမ်သာသနာလုံးဆိုင်ရာကရုဏာရုံးတွင် ဒါရိုက်တာအဖြစ်အမှုတော်ဆောင်ရွက်ခဲ့ပါသည်။

၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်တွင် ပုသိမ်သာသနာလုံးဆိုင်ရာကော်မရှင်များ၏ ညှိနှိုင်းဆောင်ရွက်ရေးမှူးဘုန်းတော်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်တွင် ပုသိမ်ဂုဏ်းအုပ်သာသနာလုံးဆိုင်ရာတာဝန်ခံဘုန်းတော်ကြီးအဖြစ် သာသနာ့တာဝန်များကို အသီးသီးထမ်းဆောင်ခဲ့ကြောင်းသိရပါသည်။

သတင်းနှင့်ဓာတ်ပုံ-မန်းကျော်

 



2023-06-01 09:53:22