Pathein Catholic Diocese Untitled Document
Untitled Document
ခရစ်တော်၌အိပ်ပျော်ခြင်း (ကွယ်လွန်ခြင်း) တစ်နှစ်ပြည့်ဆုတောင်းပွဲကျင်းပ


ဖာသာရ်ဂျော်ကင်းနိုင်မိုး၏ ဓာတ်ပုံ (ဓာတ်ပုံ-ရေမွန်ကျော်အောင်)။
ခရစ်တော်၌အိပ်ပျော်ခြင်း (ကွယ်လွန်ခြင်း) တစ်နှစ်ပြည့်ဆုတောင်းပွဲကျင်းပ

ပုသိမ်ကက်သလစ်သာသနာ ဘုန်းတော်ကြီး ဂျော်ကင်းနိုင်မိုး၏ခရစ်တော်၌အိပ်ပျော်ခြင်းတစ်နှစ်ပြည့်နှစ်ပတ် လည်ဝတ်ပြုဆုတောင်းပွဲကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် မရမ်းချောင်းကျေးရွာရှိ အခြေခံကက်သလစ် ရဟန်းဖြစ်သင်ကျောင်း၌ မေလ ၂၀ ရက်နေ့တွင်ကျင်းပခဲ့သည်။

ဖာသာရ်နိုင်မိုး၏ခရစ်တော်၌အိပ်ပျော်ခြင်းတစ်နှစ်ပြည့်အောက်မေ့သတိရဆုတောင်းပေးခြင်းအခမ်းအနားကို မရမ်းချောင်းရွာရှိ ရွှေနှလုံးတော်အခြေခံရဟန်းဖြစ်သင်ကျောင်းတွင် မစ္ဆားတရားဖြင့် ဝတ်ပြုဆုတောင်းပွဲကို နံနက် ၁၀ နာရီအချိန်၌ ကျောင်းအုပ်ဘုန်းတော်ကြီး ဖာသာရ် မိုင်ကယ်ငွေဌေးမှ ဘုန်းတော်ကြီး ၂၁ ပါးနှင့်အတူ ဦးဆောင်ပူဇော်ဆုတောင်းပေးခဲ့သည်။

ကျောင်းအုပ်ဖာသာရ်ငွေဌေးမှ ဩဝါဒမြွက်ကြားရာတွင် “ဖာသာရ်ဂျော်ကင်းနိုင်မိုးဟာဆိုရင် အသက်ရှင်စဉ်က သူ့ထံမှ အကူအညီလိုအပ်သူများကို ကူညီပေးတတ်ပြီး ဘယ်သူ့ကိုမှ ဒုက္ခအခက်အခဲနဲ့ ဝန်ထုပ်ဝန်ပိုးတွေမပေးတတ်ဘူး”လို့ ဆိုပါတယ်။

“ဖာသာရ်ဂျော်ကင်းဆုံးပါးသွားခြင်းဟာ မိသားစုအတွက်သာမက ပုသိမ်ကက်သလစ်သာသနာအတွက်ပါ ကြီးမားတဲ့ဆုံရှုံးမှုဖြစ်ကြောင်း၊ ၎င်းနှင့် အချိန်တိုအတွင်းတွေ့ဆုံခဲ့ရတဲ့အချိန်တွေမှာဆို ညီလေးဘာ လိုအပ်လည်းမေးခဲ့သလို လိုအပ်တာကိုပြောလိုက်တဲ့အခါမှာ မတွန့်မတိုပဲကူညီပေးခဲ့ကြောင်း၊ ပုသိမ်ဂိုဏ်းအုပ်သာသနာအတွက် ဖာသာရ်နိုင်မိုးလုပ်ပေးမဲ့စီမံကိန်းကြီးများပင်ရှိခဲ့ကြောင်း” ဖာသာရ်ငွေဌေးကပဲ သူ့ရဲ့ ဩဝါဒထဲတွင် ထပ်လောင်းပြောပြခဲ့သည်။

မစ္ဆားပူဇော်ခြင်းအခမ်းအနားကို ရဟန်းတော်များရဲ့ နောက်ဆုံးအပိတ်ကောင်းကြီးမပေးခင်မှာ ဖာသာရ်ဂျော်ကင်း၏ အသက်ရှင်ကျန်နေသေးသည့်အစ်ကိုအရင်းဖြစ်သူ ဂျွန်ဦးစိုးဝင်းကလည်း သူ၏ညီ မဆုံးခင်ကအဖြစ်အပျက်များကို တက်ရောက်လာသူများအားပြန်လည်ဝေမျှပေးခဲ့ပါတယ်။

ဦးစိုးဝင်းက “ဖာသာရ်ဂျော်ကင်းဟာဆိုရင် သူသောက်နေရတဲ့ဆေးက အရမ်းပြင်းခဲ့လို့ အချိန်တွေ ကြာလာတဲ့အခါမှာအစာအိမ်သွေးကြောပေါက်ပြီး ဆုံးပါးသွားခဲ့ကြောင်း” ပြောပါတယ်။

ဦးဂျွန်စိုးဝင်မှ ဝေမျှခြင်းနှင့် အားလုံးကို ကျေးဇူတင်စကားပြောခြင်း (ဓာတ်ပုံ-ရေမွန်ကျော်အောင်)။

ဒါ့အပြင် ဖာသာရ်ဂျော်ကင်းဟာ ဆယ်တန်းကို ဂုဏ်ထူးနဲ့အောင်မြင်ခဲ့ပြီးဆရာဝန်ဖြစ်ဖို့ ဆေးတက္ကသိုလ် တက်ဖို့အမှတ်မှီခဲ့ကြောင်း၊ သို့သော် FRC ဖြစ်တဲ့နိုင်ငံခြားသားမှတ်ပုံတင်ကိုင်ဆောင်ထားခြင်းကြောင့် ဆေးတက္ကသိုလ်ကျောင်း မတက်ရောက်ခဲ့ရကြောင်း၊ ရဟန်းဖြစ်သင်ကျောင်းဝင်ဖို့ဆုံးဖြတ်ချက်ချတဲ့အခါမှာ လည်း မိဘများက အစပိုင်းတွင်နှစ်မြို့ခြင်းမရှိခဲ့သော်လည်း နောက်ပိုင်းတွင် ကြည်ကြည်ဖြူဖြူနဲ့ သဘောတူခွင့်ပြုခဲ့ကြောင်း ဝေမျှခဲ့ပါတယ်။

ဦးဂျွန်စိုးဝင်းမှာ ပါဝင်တက်ရောက်လာသူများကို ဝေမျှခြင်း (ဓာတ်ပုံ-ရေမွန်ကျော်အောာင်)။

ဘုရားကျောင်းအတွင်း ဝတ်ပြုဆုတောင်းခြင်းပြီးတဲ့နောက် ရုပ်ကလပ်မြုပ်နှံထားရာ သင်္ချိုင်းဂူရှိရာသို့ အားလုံး သွားရောက်စုဝေးကြပြီး အုတ်ဂူအား မေတ္တာရည်ပက်ဖျန်းကာ ကောင်းချီးပေး ဆုတောင်းမေတ္တာများရွက်ဆို ဆုတောင်းပေးခဲ့ကြပါတယ်။

ဝတ်ပြုဆုတောင်းပေးခြင်းအခမ်းအနားကို နံနက် ၁၁ နာရီကျော်တွင်ပြီဆုံးကာ ပါဝင်ခဲ့တက်ရောက်ခဲ့ကြသူများ အားလုံးကို ဖာသာရ်ဂျော်ကင်းနိုင်မိုး၏ ကျန်ရစ်သူမိသားစုဆွေမျိုးများမှ နေ့လည်စာဖြင့် ရဟန်းဖြစ်သင်ကျောင်း ၏ထမင်းစားခန်းမဆောင်တွင် ကိုယ်တိုင်ကိုယ်ကျလာရောက် လှူဒါန်းကျွေးမွေးဧည့်ခံခဲ့ကြတယ်။ အစားအစာနှင့်အချိုရည်များအပြင် အလှူငွေများကိုလည်း ရဟန်းများ၊သီလရှင်များနှင့် ဘရာသာရ်များအား လှူဒါန်းပေးခဲ့သည်။

နေ့လည်စာသုံးဆောင်နေကြခြင်း (ဓာတ်ပုံ-ရေမွန်ကျော်အောင်)။

တစ်နှစ်ပြည့်အောက်မေ့သတိရဆုတောင်းပွဲသို့ ရဟန်း၊သီလရှင်၊ ဘရာသာရ်နှင့် ဘာသာဝင်မိသားစုများ အပါအဝင် လူဦးရေ ၁၀၀ ဝန်းကျင်ခန့်ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ဝတ်ပြုဆုတောင်းခြင်းအခမ်းအနားကို မစ္ဆားတရားဖြင့် သင်္ချိုင်းတွင်ပြုလုပ်ဖို့ အစဦးက စီစဉ်ထားရှိသော်လည်း မိုးကြီးစွာရွာသွန်းမှုကြောင့် ဘုရားကျောင်းအတွင်းသို့ပြောင်းရွှေ့ကာ ကျင်းပခဲ့ကြရသည်။

ဖာသာရ်ဂျော်ကင်းနိုင်မိုးဟာဆိုရင် အီတလီနိုင်ငံတွင် နှစ်ပေါင်း ၃၀ ကြာ သွားရောက်သာသနာပြုခဲ့ကြောင်း လည်းသိရသည်။

ဖာသာရ်နိုင်မိုးသည် ဦးနီကော နှင့် ဒေါ်ရှန်တေတို့၏ သားသမီး  ၁၀ ဦးအနက် အငယ်ဆုံးသားဖြစ်ပြီး ၁၉၅၈ ခုနှစ်တွင် ဧဝရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ကျုံမငေးမြို့ ၌ မွေးဖွားခြင်းခံခဲ့ရပြီး ၁၉၈၆ ခုနှစ်တွင် ကက်သလစ်ရဟန်းသိက္ခာကို ရရှိခဲ့သည်။ သူသည် ၂၀၂၁ ခုနှစ် မေလတွင် အသက် ၆၄ နှစ်အရွယ်၌ ခရစ်တော်၌အိပ်ပျော် (ကွယ်လွန်) ခဲ့ကြောင်း သိရသည်။

သတင်း

ရေမွန်မန်းကျော်

ပုသိမ်

မေလ ၂၁

 

 

 



2022-05-21 04:33:30