Pathein Catholic Diocese Untitled Document
Untitled Document
ကနစိုးကုန်းရွာမှ မိုးကြိုးပစ်ခံရလို့သေဆုံးသူရဲ့ဖြစ်ရပ်အမှန်


အိမ်ထဲတွင်တွေ့မြင်ရသော ရုပ်အလောင်း (ဓာတ်ပုံ-နန့်မာရီစီးရှန့်)
ကနစိုးကုန်းရွာမှ မိုးကြိုးပစ်ခံရလို့သေဆုံးသူရဲ့ဖြစ်ရပ်အမှန်

ဧရာဝတီတိုင်းဒေသကြီး၊ဝါးခယ်မမြို့နယ်၊ကနစိုးကုန်းရွာတွင်နေထိုင်သော ပီတာထွန်း (ခေါ်) ဂါးလေးသည် မေလ ၂၅ ရက်နေ့ ညနေ ၅ နာရီကျော်တွင် မိုးကြိုးပစ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

ဂါလေးရဲ့ အိမ်နီးနားချင်း အစ်မဝမ်းကွဲဖြစ်သူနန့်မာရီစီးရှန့်က မန်းမောင်ထွန်းကြိုင် (ပီတာထွန်း (ခေါ်) ဂါးလေး ၏ဖခင်)၊ မန်းကျော်ကျော်၊ နေ့စားသမား ဖိုးသောကြာနဲ့ဂါးလေးတို့လေးယောက်ဟာ လယ်ကန်သင်း သွားပေါက် ကြတဲ့အခါ မိုးအရမ်းရွာပြီး မိုးကြိုးတွေပစ်လို့ မန်းထွန်းကြိုင်နဲ့ မန်းကျော်ကျော်တို့ဟာ လယ်ထဲက တဲ တစ်ခု ထဲကိုပြန်ဝင်သွားခဲ့ကြကာ အနားယူကြပါတယ်။ ညနေ ၅ နာရီကျော်မှာလေတိုက်တာအရမ်းကြမ်းလာလို့ ဂါးလေး နဲ့ ဖိုးသောကြာနှစ်ယောက်ကို တဲ ထဲဝင်လာကြဖို့ခေါ်ခဲ့ပါတယ် လို့ဆိုပါတယ်။

 “ကျွန်တော်ပြန်မဝင်လာသေးဘူး ဒါလေးပြီးအောင်ဆက်လုပ်လိုက်အုံးမယ်” လို့ပြောပြီး ဆက်လုပ်ခဲ့တယ်လို့ ဂါးလေးကပြောကြောင်း သိရပါတယ်။

“သူနဲ့နေ့စားသမားဖိုးသောကြာက တစ်လံအကွာလောက်ပဲရှိကြတယ်။ ဖိုးသောကြာကတော့ မိုးကြိုးကသူ့ရဲ့ မျက်နှာကိုရှထိရုံပဲဆိုတော့ မျက်နှာကတော့ အတော်နီရဲကျန်ခဲ့တာလေးပဲဖြစ်ပြီး ဂါးလေးကတော့သူ့ရဲ့ကျောပြင် နဲ့ပခုံးကိုထိမှန်ပြီး တစ်ချက်တည်းလှဲကျကာ အဲဒီမှာတင်ပဲ အသက်ထွက်သွားတာလူတွေမသိခဲ့ကြဘူး” လို့ နန့်မာရီက ဆက်ပြောပြပါတယ်။

ဒါနဲ့ ဖခင်ဖြစ်သူက ထွက်ကြည့်ပြီး အနီးအနားရှိသူတွေကို အော်ဟစ်အကူအညီတောင်းခဲ့တော့အနီးအနား ရှိသူတွေက အပြေးရောက်လာကြပြီး ခန္ဓာကိုယ်ကို ကိုင်ကြည့်တဲ့အခါမှာ နွေးနေသေးတာကို သိလိုက်ရတယ်။

အသက်ရှိသေးတယ်ထင်ပြီး အိမ်ကိုထမ်းခေါ်သွားကြတယ်။ အိမ်ရောက်တော့လူမှုကူညီရေးအသင်းကို လှမ်းပြီးအကူအညီတောင်းခံတော့ လူမှုကူညီရေးအသင်းက ကားနဲ့အလောင်းကိုလာသယ်ပြီး မြို့နယ်ဆေးရုံ ကိုပို့ဆောင်ပေးခဲ့တယ်။

“ဆေးရုံမှာတစ်ညလုံးထားကာ ရင်ကို ခွဲစစ်ကြည့်ပြီး သေးဆုံးသွားပြီဖြစ်တဲ့အတွက် မနက်မိုးလင်းတော့ အလောင်းကို အိမ်ကိုပြန်ယူလာပေးခဲ့ကြတယ်” လို့ အစ်မဝမ်းကွဲဖြစ်တဲ့ နန့်မာရီက ပြောပါတယ်။

“သူတို့အလုပ်လုပ်နေစဉ်မှာ ဆိုင်ကယ်သော့ကိုတော့ကြိုးနဲ့ လည်ပင်းမှာ လွယ်ထားပြီး ပေါက်တူးကိုလည်း ကိုယ်စီ လက်ထဲမှာကိုင်ထားကြတယ်” လို့ အစ်မဝမ်းကွဲကဆိုပါတယ်။

မိုးကြိုးပစ်ခံရလို့သေဆုံးသွားတဲ့ ပီတာထွန်း (ခေါ်) ဂါးလေးဟာဆိုရင် အသက် ၂၅ နှစ်ပဲရှိသေးပြီး ၈ တန်းအထိ ကျောင်းနေခဲ့ရကြောင်း၊ အသက်လည်းငယ်သလို အသောက်အစားမရှိပဲ ဘောလုံးကန်ဝါသနာပါပြီး ပြောစကား နားထောင်တဲ့ကလေးမို့ နှမျှောပြီး များစွာဝမ်းနည်းစိတ်မကောင်းဖြစ်ရတယ်လို့ ယင်းကပဲဆက်ပြောခဲ့ပါတယ်။

“ဖခင်ဖြစ်သူကတော့ ကြေကွဲဝမ်းနည်းနေရတယ်” လို့ ဖြည့်စွက်ပြောပြခဲ့ပါတယ်။ မိခင်ဖြစ်သူ ဆုံးတာကတော့ တစ်နှစ်ခွဲလောက်ရှိပြီလို့သိရပါတယ်။

“Ayeyarwaddy Times page က ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တင်ခဲ့တဲ့သတင်းက တစ်ခုလုံးမမှန်ကြောင်း၊ နိုင်ငံရေးနဲ့လုံးလုံးမပတ်သက် မသက်ဆိုင်ကြောင်း၊ မမှန်တဲ့သတင်းတွေပေါ်လာခဲ့ရင် ထပ်မရှဲကြဖို့ မေတ္တာရပ်ခံပါတယ်”လို့ နန့်စီးရှန့် က အသိပေးမေတ္တာရပ်ခံထားပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ မေလ ၂၆ ရက်နေ့မှာ မြုပ်နှံသင်္ဂျိုလ်ခဲ့တယ်လို့သိရပါတယ်။

သတင်း-ရေမွန်မန်းကျော်

 



2022-05-28 04:40:32