Pathein Catholic Diocese Untitled Document
Untitled Document
မြန်မာပြည်ရှိစိန့်ဖရန်စစ်ဇေးဗီးယားသီလရှင်တစ်ပါး အီတလီနိုင်ငံတွင် တစ်သက်ကတိသစ္စာပြု


အခမ်းအနားအပြီးအဖွဲ့လိုက်ဓာတ်ပုံရိုက် (ဓာတ်ပုံ-စိန့်ဖရန်စစ်ဇေးဗီးယားသီလရှင်များ၏ဖေ့စ်ဘွတ်)
မြန်မာပြည်ရှိစိန့်ဖရန်စစ်ဇေးဗီးယားသီလရှင်တစ်ပါး အီတလီနိုင်ငံတွင် တစ်သက်ကတိသစ္စာပြု

စိန့်ဖရန်စစ်သီလရှင်အသင်းဂိုဏ်းမှ စစ္စတာရ် ရိုဘီနားအိုင်ဖောင်သည် အီတလီနိုင်ငံ မီလန်ရှိ လက်ကိုမြို့တွင် တစ်သက်ကတိသစ္စာကို ဩဂုတ်လ ၁၅ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အီတလီနိုင်ငံတွေ သာသနာပြုလျှက်ရှိနေသော မြန်မာဘုန်းတော်ကြီး စတီးဗင်း တန်ဂွန်းနှင့်အတူ အီတလီလူမျိုးဘုန်းတော်ကြီး အန္ဒြေယား နှင့် ပြင်သစ်လူမျိုးဘုန်းတော်ကြီး မိုက်ကယ်တို့မှ ရာသက်ပန်သစ္စာပြုခြင်း ဝတ်ပြုဆုတောင်းခြင်းမစ္ဆားတရားတော်မြတ်ကို စိန့်နီကောလားကျောင်းထိုင်သာသနာ၏ စိန့်မာတား ဘုရားရှိခိုးကျောင်းတွင် ပူဇော်ဆုတောင်းပေးခဲ့ကြသည်။

မစ္ဆားတရားတော်မြတ်အတွင်း ဩဝါဒမြွက်ကြားရာတွင် ဖာသာရ်တန်ဂွန်းက သက်ဆိုင်ခြင်းနှင့် ဝမ်းမြောက်ပျော်ရွှင်ခြင်းအကြောင်းကို အလေးအနက်ထားဟောကြားခဲ့ပြီး ယင်းဖာသာရ်ကပဲ “သူတော်စင်ဘဝဆိုတာ ဘုရားနဲ့သက်ဆိုင်တာဖြစ်တဲ့အတွက် ဝမ်းမြောက်ပျော်ရွှင်နေရမည်ဖြစ်တယ်”လို့ မိန့်မြွက်ခဲ့ပါတယ်။

ဘုရားသခင်ကိုသာမက တစ်သက်သစ္စာပြုခွင့်ပေးတဲ့ သက်ဆိုင်ရာအကြီးအကဲများအားလုံးကို အထူးကျေးဇူးတင်ပါတယ်” လို့ စစ္စတာရ်က ပြောပါတယ်။

ယခုလက်ရှိမှာ စစ္စတာရ်အိုင်ဖောင်ဟာ ရောမရှိ အူဘာနီယားနာ တက္ကသိုလ်ကျောင်းတွင် အသင်းတော်ဥပဒေ ဘာသာရပ်ကို တက်ရောက်သင်ယူရန်အတွက် အီတလီဘာသာစကားကို သင်ယူနေလျှက်ရှိပါတယ်။

ရာသက်ပန်သစ္စာပြုခြင်းအတွက် ဝတ်ပြုဆုတောင်းခြင်းမစ္ဆားတရားတော်မြတ်တွင် မိသားစုများ၊ ဆွေမျိုးများ နှင့် မိတ်ဆွေသူငယ်ချင်းများ လူကိုယ်တိုင်လာရောက်ပါဝင်နိုင်ခြင်းမရှိပဲ မိမိတို့အရပ်ဒေသကနေပဲ အွန်လိုင်းမှတဆင့်ပါဝင်ခဲ့ရလို့ အနည်းငယ်စိတ်မကောင်းဖြစ်ရကြောင်း စစ္စတာရ်က ဧရာအလင်း ကိုပြောပါတယ်။

အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ စစ္စတာရ်အိုင်ဖောင်ဟာဆိုရင် ဖိလစ်ပိုင်နိုင်ငံတွင် ပညာတော်သင်ဖို့စေလွှတ်ခံခဲ့ရာမှ အနားယူသွားတဲ့ အကြီးအကဲ မာသာရ်က ဖုန်းမှတဆင့် အီတလီနိုင်ငံတွေ သွားရောက်ပညာသင်ယူဖို့ အကြောင်းကြားခဲ့ခြင်းကြောင့် နိုင်ငံပြောင်းခဲ့ရတယ်လို့ သိရပါတယ်။

အီတလီနိုင်ငံတွင် တစ်သက်သစ္စာပြုရခြင်းအကြောင်းကိုလည်း ယင်းစစ္စတာရ်ကပဲ အခုလိုပြောပြခဲ့ပါတယ်။

အသင်းဂိုဏ်းရဲ့ ဥပဒေအရ ယာယီသစ္စာဘ၀ ၆ နှစ် ပြည့်တဲ့အခါ တစ်သက်သစ္စာတောင်းခံခွင့်ရှိပြီး ၉ နှစ်အတွင်းတစ်သက်သစ္စာအတွက်တောင်းခံဖို့ဆန္ဒမရှိပါက အသင်းဂိုဏ်းကနေထွက်ခွာရမှာဖြစ်ကြောင်း၊ ကျွန်မကယာယီသစ္စာအနေနှင့် ၇နှစ် ရှိခဲ့ပြီးတစ်သက်သစ္စာပြုခွင့်တောင်းရန်အချိန် ၂နှစ် ဘဲကျန်ပါကြောင်း၊ Study အချိန်ကာလက ၃နှစ် ကြာမည်ဖြစ်သည့်အတွက်ကြောင့်သော်လည်ကောင်း အာဏာသိမ်းခြင်းကြောင့်ပြည်တွင်းစစ်ဖြစ်နေတဲ့မြန်မာပြည်ရဲ့အခြေအနေကြောင့်လည်းကောင်း မြန်မာပြည်ကိုပြန်ပြီးသစ္စာပြုဖို့ခက်ခဲတဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့် အီတလီနိုင်ငံတွင် ရာသက်ပန်ကတိသစ္စာပြုခြင်းကို ပြုလုပ်ရခြင်းဖြစ်တယ်လို့” ဆိုပါတယ်။

စစ္စတာရ်အိုင်ဖောင်ဟာဆိုရင် အီတလီနိုင်ငံရှိ စိန့်ဖရစ်စစ်ဇေးဗီးယားသီလရှင်များရှိရာကျောင်းများကို အလည်အပတ်သွားရောက်နေတဲ့ အသင်းဂိုဏ်းအကြီးအကဲ မာသာရ် အန်းထရေဇားနှင့် ရဟန်းတော်များ၊ သီလရှင်များနဲ့ အီတလီလူမျိုးဘာသာတူအချို့ရှေ့မျက်မှောက်တွင် တစ်သက်ကတိသစ္စာကို ပြုခဲ့ပါတယ်။

အီတလီနိုင်ငံတွင်ရောက်ရှိနေသော အသင်းဂိုဏ်းအဖွဲ့ဝင် ၁၆ ပါးအနက် ၁၄ ပါးသာ အခမ်းအနားတွင်ပါဝင်ခဲ့ပြီး ကျောင်းတက်နေရတဲ့ ကျန်နှစ်ပါးကတော့ အဝေးတစ်နေရာကနေ ဆုတောင်းခြင်းဖြင့် ပါဝင်ခဲ့ကြောင်း သိရပါတယ်။

စိန့်ဖရန်စစ်ဇေးဗီးယားသီလရှင်အသင်းဂိုဏ်းသည် မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်မြို့တွင် တည်ရှိသည်။ သတင်း-ရေမွန် မန်းကျော်

 



2022-08-27 09:48:28