Pathein Catholic Diocese Untitled Document
Untitled Document
အမေရိကားရောက်စိန့်ဖရန်စစ်သီလရှင်များ အသင်းဂိုဏ်းတည်ထောင်ခြင်း ၁၂၅ နှစ်ပွဲကျင်းပ


Photo supplied
အမေရိကားရောက်စိန့်ဖရန်စစ်သီလရှင်များ အသင်းဂိုဏ်းတည်ထောင်ခြင်း ၁၂၅ နှစ်ပွဲကျင်းပ

အမေရိကားနိုင်ငံ ဖလော်ရီဒါတွင်သာသနာ့အမှုတော်ကိုထမ်းဆောင်နေကြသော စိန့်ဖရန်စစ်ဇေးဗီးယားသီလရှင်များသည်  အသင်းဂိုဏ်းတည်ထောင်ခြင်း ၁၂၅ နှစ်ပြည့်ပွဲကို  ဩဂုတ်လ ၂၈ ရက်နေ့တွင်ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

ပုသိမ်ကက်သလစ်သာသနာ၏ဘုန်းတော်ကြီးဖြစ်ခဲ့သူ ယခုလက်ရှိတွင် အမေရိကားနိုင်ငံ၌ ဘုရားအမှုတော်ကို ထမ်းရွက်နေတဲ့ ဖာသာရ် ဘင်ဂျာမင်ကျော်လွင်က အခြားဘုန်းတော်ကြီးနှစ်ပါးနဲ့အတူ ဝတ်ပြုဆုတောင်းခြင်းမစ္ဆားတရားတော်မြတ်ကို ဖလော်ဒါရှိ ဂျက်ဆန်ဗီးလေတွင်ရှိသော စိန့်ဩဂုတ်စတင်းဂိုဏ်းအုပ်သာသနာပိုင် စိန့်ဂျိုးဇက်ကျောင်းထိုင်သာသနာရဲ့ ဘုရားရှိခိုးကျောင်းတော်ကြီး၌ နေ့ခင်း ၃ နာရီအချိန်မှာ ပူဇော်ဆုတောင်းပေးခဲ့ပါတယ်။

ဖသာရ်ကျော်လွင်မှ ဩဝါဒမြွက်ကြားရာတွင် “သီလရှင်ဘဝဆိုတာ တခြားရွေးချယ်စရာမရှိလို့ သီလရှင်ဖြစ်နေတာမဟုတ်ပါဘူး။ လူ့ဘဝတိုတိုနဲ့အချိန်တိုအတွင်းမှာ အခြားအပျော်အရွင်တွေကို ဦးစားပေးရွေးချင်မှ ရလိုက်မှာအများကြီးပဲ။ ခါချလို့တောင်ရတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ သီလရှင်ဖြစ်ရတာလဲ။ ဘုရားသခင်ကို ချစ်ပြီး ဘုရာသခင်ရဲ့အမှုတော်၊ အစေကို ခံချင်လို့ဖြစ်တယ်”လို့ မိန့်မြွက်ခဲ့ပါတယ်။

ဖလော်ရီဒါတွင် လက်ရှိသာသနာ့ပြုလုပ်ငန်းလုပ်နေတဲ့ စစ္စတာရ် ဆာရာနှင်းဖြူက “၁၂၅ နှစ်တိုင်အသင်းဂိုဏ်းကို တည်ထောင်ပြီးမြောက်တဲ့အတွက် ဘုရားသခင်ကိုကျေးဇူးတင်တယ်။ ဒါ့ထက်ပိုပြီးတော့ တိုးတက်ဖို့အတွက် ကျွန်မတို့ကြိုးစားရမယ်ဆိုတဲ့ အသိစိတ်လေးဝင်တယ်။ ကျွန်မတို့ အသင်းဂိုဏ်းဟာဆိုရင်လည်း နေရာအနှံ့နီးပါးပျံ့နှံ့နေပြီး အီတလီ၊ ဖိလစ်ပိုင်၊ ထိုင်း နဲ့ အမေရိကား တို့လိုနိုင်ငံတွေအထိပျံ့နှံ့တယ်,” လို့ ပြောပါတယ်။

 ယင်းစစ္စတာရ်ကပဲ “ကျွန်မတို့ရဲ့ အဖဇေးဗီးယားဟာလည်း သာသနာပြုလုပ်ငန်းမှာ နားမလည်တဲ့ဘာသာစကားအခက်အခဲတွေရှိသော်လည်း ကြိုးစားပြီးသာသနာပြုခဲ့သလိုပဲ ကျွန်မတို့လည်း ဘသာစကားနဲ့ ယဉ်ကျေးမှုအခက်အခဲတွေကြုံတွေရပေမဲ့ အဖဇေးဗီးယား ပုံသက်သေတွေ၊ ကြိုးစားအားထုတ်ခဲ့မှုတွေကိုကနေ ခွန်အားယူရင် ကျွန်မတို့ Mission သာသနာပြုလုပ်ငန်းကို အတတ်နိုင်ဆုံးလုပ်ဆောင်နေပါတယ်” လို့ ဧရာအလင်း ကိုပြောပြပါတယ်။

နောက်တစ်ပါးဖြစ်တဲ့ စစ္စတာရ် ယူစေးဘီကလည်း “ဘုရားသခင်ကို အရင်ဆုံးကျေးဇူးတင်တယ်။ ဒီဘဝအသက်တာအထိရွေးကောက်ပြီး ကျန်းမာခြင်းနဲ့အတူ ဒီအမှုတော်ကို ထမ်းဆောင်နိုင်ခွင့်ပေးတဲ့ ဘုရားရှင်ကို အထူးကျေးဇူးတင်တယ်။ ဂိုဏ်းကို တည်ထောင်ခဲ့တဲ့ အကြီးအကဲတွေအားလုံးကိုလည်း ကျေးဇူးတင်တယ်။ အဖက်ဖက်မှ ဆုတောင်းပေးနေကြတဲ့ ဒီ ၁၂၅ နှစ်ပြည့် အထိ ဒီဘဝအသက်တာကို ရရှိပြီးကျန်းမာစွာလုပ်ဆောင်နိုင်အောင် ဆုတောင်းပေးတဲ့လူတစ်ဦးချင်းစီကိုလည်း ကျေးဇူးတင်တယ်။ အထူးသဖြင့် သေလွန်သွားကြတဲ့ အဘိုးအဘွားမိဘတွေကိုလည်း ကျေးဇူးတင်တယ်။ ဒီဘဝကို ပေးသနားသည့်အတွက် ဒီနေ့ထိ သူတို့ရဲ့ ဆုတောင်းခြင်းဖြင့် ဘဝကို ကျင့်ကြံနိုင်ပြီး ခံစားနိုင်ရတဲ့အတွက် ကျေးဇူးတင်တယ်” လို့ ဆိုပါတယ်။

ဖလော်ရီဒါတွင် သီလရှင်အသင်းသူဦးရေ ၇ ပါးရှိသည့်အနက် ၆ ကတော့ တမန်တော်လုပ်ငန်းများကို လုပ်ဆောင်လျှက်ရှိနေပြီး ကျန်တစ်ပါးကတော့ ကျောင်းတက်ပြီး ပညာများသင်ယူဆည်းပူးနေတယ်လို့ သိရပါတယ်။

စိန့်ဖရန်စစ်ဇေးဗီးယားသီလရှင်များဟာဆိုရင် ၂၀၀၃ ခုနှစ်တွင် ဖော်ရီဒါသို့ ရောက်ရှိပြီးသာသနာပြုလုပ်ငန်းများလုပ်ဆောင်နေကြပါတယ်။ ဆေးရုံရှိလူနာများကို ဝိညာဉ်ရေးရာကြည့်ရှုစောင့်ရှောက်မှုများ၊ မြန်မာကလေးငယ်များအားဘုရားစကား သင်ကြားခြင်း၊လူငယ်များအား ဝတ်ပြုခြင်းအခမ်းအနားများအတွက်ဓမ္မသီချင်းများ သင်ကြားပေးခြင်းနဲ့ ဖလော်ရီဒါရှိ မြန်မာအဖွဲ့အစည်းကို သွားရောက်ကြည့်ရှုခြင်းစတဲ့ တမန်တော်လုပ်ငန်းများကို လုပ်‌ဆောင်လျှက်ရှိကြောင်း စစ္စတာရ် နှင်းဖြူထံမှ သိရပါတယ်။

စိန့်ဖရန်စစ်ဇေးဗီးယားအသင်းဂိုဏ်းတစ်ခုလုံးတွင် အဖွဲ့ ဝင်ဦးရေ ၄၅၂ ဦးနှင့် အငယ် ၆၀ ဦးရှိပြီး မြန်မာနိုင်ရှိဂိုဏ်းချုပ်/အုပ်သာသနာ ၁၆ ခုအနက် ၁၃ ခုတွင် သာသနာ့အမှုတော်များကို ထမ်းဆောင်နေလျှက်ရှိနေကြပါတယ်။

ပြည်ပသာသနာပြုသူများအနေဖြင့် အမေရိကား၊ အီတလီ၊ ဖိလစ်ပိုင်နဲ့ ထိုင်း နိုင်ငံတို့မှာလည်း တမန်တော်လုပ်ငန်းများကို လုပ်ဆောင်လျှက်ရှိကြတယ်။

ဒေသတွင်းအသင်းဂိုဏ်းဖြစ်တဲ့ စိန့်ဖရန်စစ်ဇေးဗီးယားသီလရှင်များအသင်းဂိုဏ်းဟာဆိုရင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်တည်ရှိပြီး ၁၈၉၇ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် ပြင်သစ်သာသနာပြု ဆရာတော် လက်စန္ဒား ကာဒိုးမှ စိန့်ဂျိုးဇက်သီလရှင်များရဲ့ အကူအညီနဲ့ စတင်တည်ထောင်ခဲ့တာြဖစ်ပါတယ်။

သတင်း- ရေမွန် မန်းကျော်

 

 

 

 



2022-08-29 04:49:08