Pathein Catholic Diocese Untitled Document
Untitled Document
စိန့်ဖရန်စစ်ဇေးဗီးယားစစ္စတာရ်တစ်ပါးနှင့် တွေ့ဆုံမေးမြန်းခြင်း


စိန့်ဖရန်စစ်သီလရှင်များကတိသစ္စာပြုခြင်း ( ၂ ဖေဖော်ဝါရီ ၂၀၂၂)
စိန့်ဖရန်စစ်ဇေးဗီးယားစစ္စတာရ်တစ်ပါးနှင့် တွေ့ဆုံမေးမြန်းခြင်း

ဧရာအလင်း- စစ္စတာရ်ကြီး မင်္ဂလာပါ…

ဧရာအလင်းဂျာနယ်ရဲ့ စာဖတ်ပရိတ်သတ်တွေကို စစ္စတာရ်ကြီးရဲ့ နာမည်လေးနဲ့ ကျေးဇူးပြု၍ မိတ်ဆက်ပေးပါအုံး

စစ္စတာရ်-ဧရာအလင်းဂျာနယ်မှ ပရိတ်သတ်ကြီး မင်္ဂလာပါရှင်။

ကျွန်မကတော့ စစ္စတာရ် ဖိလစ်နန်းနွယ်ပြုံးပါ။ စိန့်ဖရစ်စစ်ဇေးဗီးယား သီလရှင်တစ်ပါးဖြစ်ပါတယ်။ကျွန်မရဲ့ လက်ရှိတာဝန်ကတော့ အသင်းဂိုဏ်းထဲမှာ ဂိုဏ်းအုပ်ဥက္ကဌ မာသာရ်ကြီးရဲ့လက်ထောက် First Counsellor (ပထမအကြုံပေးပုဂ္ဂိုလ်) သီလရှင်တစ်ပါးအနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်။

ဧရာအလင်း- အသင်းဂိုဏ်းတည်ထောင်ခြင်း (၁၂၅ နှစ်) မြောက်မွေးနေ့မင်္ဂလာကျင်းပမယ် လို့သိရပါတယ်။ အသင်းဂိုဏ်းကို ဘယ်နှစ်ခုနှစ်မှာ စတင်တည်ထောင်ခဲ့လဲ။ ပြီးတော့ အသင်းဂိုဏ်းရဲ့ သမိုင်းကြောင်းလေးကို အနည်းငယ်ပြောပြပေးလို့ရမလား

စစ္စတာရ်- ကျွန်မတို့ရဲ့အသင်းဂိုဏ်းကို ၁၈၉၇ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့မှာ ပြင်သစ်လူမျိုး ဘီရှော့ (ဆရာတော်) အလက်စန္ဒားကာဒိုးကနေပြီးတော့ ပုသိမ်မြို့မှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။

အသင်းဂိုဏ်းရဲ့ သမိုင်းကြောင်းလေးကို ပြောပြရမယ်ဆိုရင်တော့ ကျွန်မတို့ဂိုဏ်းတည်ထောင်သူဖခင်ကြီးဟာ ၁၈၇၉ ခုနှစ် အသက် ၂၂ နှစ်အရွယ် ရဟန်း ဖြစ်စမှာ ပြင်သစ်ပြည်အဝေးရောက်သာသနာပြုအသင်း အမ်အီးပီ (MEP) ကနေပြီးတော့ မြန်မာပြည်ကို သာသနာပြုတစ်ပါးအနေနဲ့သွားရောက်ဖို့ စေလွှတ်ခဲ့ပါတယ်။ ၁၈၈၂ ခုနှစ်မှာ သူဟာ မော်လမြိုင်မြို့မှာရှိတဲ့ စိန့်ပက်ထရိတ်သာသနာမှာ ကျောင်းထိုင်အဖြစ်နဲ့ ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ ကျောင်းထိုင်အနေနဲ့ ၁၂ နှစ်တာ တာဝန်ထမ်းဆောင်ပြီးတဲ့နောက်မှာ ၁၈၉၄ ခုနှစ်မှာ မြန်မာပြည်တောင်ပိုင်းဆရာတော်အဖြစ်သူဟာရွေးချယ်ခံခဲ့ရပါတယ်။ ဆရာတော်ကာဒိုး ဆရာတော်ဖြစ်လာတဲ့အခါမှာ ရန်ကုန်မြို့မှာ အခြေစိုက်ပြီးတော့ ရန်ကုန်နဲ့ မော်လမြိုင်သာသနာနှစ်ခုစလုံးကို လမ်းညွှန်ကြည့်ရှုခဲ့ပါတယ်။ သာသနာနယ်လှည့်ခြင်းတွေပြုလုပ်တဲ့အခါမှာ ပုသိမ်နယ်တစ်လျှောက်ကို သွားတဲ့အခါ ရွာပေါင်းများစွာမှာ စာသင်ကျောင်းမရှိပဲနဲ့ ဘာသာရေးကနေဖွင့်ထားတဲ့တောရွာ ကျောင်းလေးတစ်ကျောင်းပဲရှိတာကိုစိတ်မကောင်းစွာနဲ့တွေ့ခဲ့ရတယ်။ အားရကျေနပ်မှုမရှိခဲ့ပါဘူး။ ပုသိမ်မြို့မှာ သူနေထိုင်တဲ့ကာလအတွင်းမှာလည်း လူတွေရဲ့ ပညာရေးသာမက ယုံကြည်ခြင်းတိုးပွားဖို့အတွက် အဖက်ဖက်ကနေ မြင့်တင်ပေးခဲ့တယ်။ လူတန်းစားခွဲခြားမှုကိုလည်း ဖြတ်တောက်ပစ်ဖို့လိုအပ်တယ်ဆိုတာကိုသူကနားလည်ခဲ့တယ်။ နောက်ပြီးတော့သူ့ရဲ့သာသနာပြုလုပ်ငန်းမှာ စာသင်ကြားပေးဖို့ တရားဟောကြားပေးဖို့ နှိမ့်ချခြင်းနဲ့ မေတ္တာတရားနဲ့အစေခံခြင်းတွေလိုအပ်နေကြောင်းကို သူသိရှိလာခဲ့တယ်။ ဒါ့အပြင်ပြည်တွင်းမှာတိုင်းရင်းသားရဟန်း၊ သီလရှင်တွေလိုအပ်နေကြောင်းကိုလည်း သိလာတယ်။ အထူးသဖြင့်မြန်မာပြည်တောင်ပိုင်းဆရာတော်ရဲ့ သာသနာနယ်မှာ ပညာပေးပြီးတော့ လူ့ဘဝတွေကိုမြင့်တင်ပေးဖို့ အထူးလိုအပ်နေကြောင်းကို သူသိရှိခဲ့တယ်။ ဒေသခံတိုင်းရင်းသားတွေကို ပညာပေးဖို့ဆိုတာ ဒေသခံတိုင်းရင်းသားဘာသာစကားတွေကို ပြောနိုင်တဲ့သူသာလျှင်ဖြစ်နိုင်တယ်။ ဒါ့ကြောင့်မို့ ဒီလိုဘာသာစကားကိုပြောနိုင်တဲ့ သီလရှင်ဂိုဏ်းတစ်ခုကိုတည်ထောင်ဖို့အတွက် အရေးတကြီးလိုအပ်နေတယ်ဆိုတာကို ဆရာတော်ကြီးက အဲဒီအချိန်မှာသတိမူမိခဲ့တယ်။ နောက်ပြီးတော့ အဲဒီအချိန်မှာ နိုင်ငံခြားသားသာသနာပြုတွေအတွက် ဘာသာစကားအခက်အခဲအရမ်းရှိတာပဲ။ ပြီးရင် ခက်ခဲဝေးလှန်တဲ့ဒေသတွေသွားဖို့လည်းပဲ အခက်အခဲရှိတယ်။ ဒါ့ကြောင့်မို့လို့ ဆရာတော်ကြီးဟာ စိန့်ဂျိုးဇက်သီလရှင်များကို အကူအညီတောင်းခဲ့တယ်။ စိန့်ဂျိုးဇက်သီလရှင်တွေဟာ ကျွန်မတို့အသင်းဂိုဏ်းထက် နှစ် ၅၀ စောပြီးတော့ ရောက်ရှိခဲ့တဲ့အသင်းဂိုဏ်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ စိန့်ဂျိုးဇက်သီလရှင်တွေရဲ့အကူ အညီကို ရယူပြီးတော့ စိန်ဖရန်စစ်ဇေးဗီးယားသီလရှင်အသင်းဂိုဏ်းကို ၁၈၉၇ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့မှာ တရားဝင် တည်ထောင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ကျွန်မတို့အသင်းဂိုဏ်းကို ဝင်လိုသူလေး ၄ ယောက်နဲ့ အစပြု ခဲ့ပြီးတော့မှ ကျွန်မတို့အသင်းဂိုဏ်းလေးဖြစ်ပေါ်ခဲ့ရပါတယ်။

ဧရာအလင်း- အသင်းဂိုဏ်းရဲ့ Charism နဲ့ ဆောင်ပုဒ်လေးကိုလည်းပြောပြပေးပါအုံး။

စစ္စတာရ်-ကျွန်မတို့အသင်းဂိုဏ်းရဲ့ Charism ကတော့ “Being poor in spirit and serving the most needy.” ဆင်းရဲခြင်းစိတ်ဝိညာဉ်ဖြင့် အလိုအပ်ဆုံးသောသူများကို အစေခံခြင်းဆိုတာဖြစ်ပြီးတော့ အသင်းဂိုဏ်းရဲ့ ဆောင်ပုဒ် Moto ကတော့ One with the Church အသင်းတော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်အံ့။

ဧရာအလင်း- အသင်းဂိုဏ်းရဲ့ အဓိက သာသနာပြုလုပ်ငန်း (Mission မစ်ရှင်း) ကိုလည်းသိချင်ပါတယ်။

စစ္စတာရ်- ဆက်လက်ပြီးတော့ ကျွန်မတို့ရဲ့အသင်းဂိုဏ်းရဲ့ Mission တွေကို အဓိကပြောရမယ်ဆိုရင်တော့ ဂိုဏ်းရဲ့ Charism က အလိုအပ်ဆုံးသောသူတွေကို ဆင်းရဲခြင်းစိတ်ဝိညာဉ်နဲ့အစေခံဖို့ပြောတဲ့အတွက်ကြောင့်မို့လို့ ကျွန်မတို့ရဲ့ မစ်ရှင်း တမန်တော်လုပ်ငန်းတွေကတော့ များပါတယ်။ ဘာသာတူတွေကို စက္ကရမင်းတူးတွေထိုက်တန်စွာခံယူနိုင်ဖို့အတွက် ဘုရားစကားအယူဝါဒသင်ကြားပေးတာ၊ မိန်းကလေးဘော်တာကျောင်းတွေ၊ မူကြိုကျောင်းတွေမှာ စာပေပညာတွေသင်ကြားပေးပြီးတော့မှ သူတို့ရဲ့ စာရိတ္တပြုပြင်လမ်းညွှန်ခြင်း အခြေခံပညာသင်ကြားပေးခြင်းတွေကို ပြုလုပ်တယ်။ ဆေးပေးခန်းဖွင့်လစ်ပြီးတော့မှ ခိုကိုးရာမဲ့ဆင်းရဲသားတွေကို ဆေးဝါးကုသပေးတယ်။ ကျေးလက်တောရွာမှလူနာတွေကို ဆေးရုံဆေးခန်းကို ပို့ဆောင်လမ်းညွှန်ကူညီပေးတယ်။ နောက်သက်ကြီးရွယ်အို၊မသန်စွမ်းနဲ့စွန့်ပစ်ခံတွေကိုလည်း ကြည့်ရှုပြုစုခြင်းတွေကိုလည်း ပြုလုပ်တယ်။ နောက် RVA အာရှသမ္မာတရားအသံလွင်ဌာနမှာလည်း ဧဝံဂေလိသတင်းကောင်းတွေကို ဝေငှာတယ်။ သာသနာနယ်လှည့်တယ်။ သာသနာပိုင်ဆရာတော်ကြီးတွေရဲ့လမ်းညွှန်မှုအောက်မှာ သာသနာတော်အတွက် အကျိုးဖြစ်စေမဲ့လုပ်ငန်းဆောင်တာတွေကို ကျွန်မတို့ အသင်းဂိုဏ်းသူတွေဟာ ကျတဲ့ မစ်ရှင်းအသီးသီးမှာကြိုးစားပြီးတော့ လုပ်ကိုင်ဆောင်ရွက်ပြီးတော့ သာသနာပြုခြင်းအမှုကိုပြုလုပ်နေကြပါတယ်။

ဧရာအလင်း- အသင်းဂိုဏ်းရဲ့ အဖွဲ့ဝင်ဦးရေ၊ အသင်းဂိုဏ်းတည်ရှိတဲ့နေရာ နဲ့ ဘယ်နိုင်ငံ (ပြည်ပ)၊ ဘယ်သာသနာ (ပြည်တွင်း) တွေမှာသာသနာပြုလုပ်ငန်းလုပ်နေကြလဲ။

စစ္စတာရ်- ကျွန်မတို့အသင်းဂိုဏ်းမှာ အသင်းသူဦးရေး စုစုပေါင်း ၄၅၂ ပါး ရှိပါတယ်။ မြန်မာပြည်ဆရာတော်ပိုင်သာသနာ ၁၆ ခု ထဲက သာသနာ ၁၃ ခုမှာ အမှုတော်ကို ထမ်းဆောင်လျှက်ရှိနေပါတယ်။ ဂျူနီယာ (Junior) သီလရှင်စုစုပေါင်း ၆၀ ပါး ရှိပါတယ်။ နောက်ပြည်ပမှာ ဆိုလို့ရှိရင် ဖိလစ်ပိုင်၊ ဖလော်ရီဒါ USA၊ အီတလီ၊ ထိုင်း စတဲ့နိုင်ငံတွေမှာလည်းပဲ သာသနာ့အမှုတော်တွေကိုထမ်းဆောင်လျှက်ရှိနေကြပါတယ်။

ဧရာအလင်း- အသင်းဂိုဏ်းကို စိတ်ဝင်စားလို့ လေ့လာချင်ကြတဲ့လူငယ်အမျိုးသမီးလေး တွေရှိရင် အသင်းဂိုဏ်းဝင်ဖို့ ဘာတွေလိုအပ်လဲ။ ဘယ်လိုအချက်တွေနဲ့ ကိုက်ညီရမလဲ။

စစ္စတာရ်- အသင်းဂိုဏ်းကိုစိတ်ဝင်စားလို့လေ့လာချင်တဲ့ မိန်းကလေးတွေရှိရင် ဘာတွေလိုအပ်လဲဆိုတာလေးကို ပြောပြရမယ်ဆိုရင်တော့ အနည်းဆုံးတော့ ဘုရားတရားနဲ့သက်ဆိုက်တဲ့စိတ်ကလေးရှိရမယ်။ နောက်တစ်ခု ဂိုဏ်းရဲ့ လုပ်ငန်းတာဝန်ဝတ္တရားတွေကို ထမ်းဆောင်ဖို့ ကာယအားဖြင့်လည်းကောင်း၊ စိတ်အားဖြင့်လည်းကောင်းလုံလောက်တဲ့ ကျန်းမာခြင်းရှိရမယ်။ ပညာရေးအနေနဲ့တော့ ဘွဲ့ရပြီးတဲ့သူဖြစ်ရမယ်ပေါ့။ ဒါပေမဲ့လည်း အခွင့်အရေးပေးတဲ့အနေနဲ့ တကယ်ဖြစ်ချင်တဲ့ မိန်းကလေးတွေရှိတယ်ဆိုရင်တော့ အနည်းဆုံးတက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုဖူးတဲ့သူတွေကို လက်ခံပေးပါတယ်။ အသက်ကတော့ ၃၀ အောက်ရှိရမှာဖြစ်ပါတယ်။

ဧရာအလင်း- အသင်းဂိုဏ်းရဲ့ ၁၂၅ နှစ်မြောက်ပွဲတော်ကို ဘယ်လိုကျင်းပဖို့စိစဉ်ထားလဲ။

စစ္စတာရ်- အသင်းဂိုဏ်းရဲ့ ၁၂၅ နှစ်မြောက်ပွဲတော်ကို ဘယ်လို့ကျင်းပမလဲဆိုတဲ့မေးခွန်းလေးနဲ့ပတ်သက်ပြီးတော့ ဖြေကြားရမယ်ဆိုရင်တော့ ဒီ ၂၀၂၂ နှစ်ဟာဆိုရင် ကျွန်မတို့ဂိုဏ်းရဲ့ ၁၂၅ နှစ်ပြည့်တဲ့ ဂိုဏ်းရဲ့ ဂျူဗီလီပေါ့နော်။ မွေးနေ့ဖြစ်တယ်။ ဒါ့ကြောင့်မို့လို့ ကျွန်မတို့တွေအားလုံးတစ်စုတစ်စည်းတည်းနဲ့ပေါင်စည်းပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီပုသိမ်မြို့မှာ ကျေးဇူးတင်မစ္ဆာတရားတော်မြတ်နဲ့အတူတူစုပေါင်းပြီးတော့ အတူတကွကျင်းပချင်ပေမဲ့ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့နိုင်ငံရဲ့အနေအထားတွေအရဘယ်လို့မှ မဆုံနိုင်ဘူး၊ အစုရုံးနိုင်ဘူး။ ဒါ့ကြောင့်မို့လို့ ကျွန်မတို့ သုံးနေရာမှာကျင်းပဖို့အတွက်စီစဉ်ခဲ့ကြတယ်ပေါ့နော်။ ဆိုတော့ ပြီးခဲ့တဲ့ ၂၀၂၂ ဖေဖေါ်ဝါရီ ၂ ရက်နေ့မှာ ပုသိမ်ဇုံအတိုင်းအတာအနေနဲ့ ဂျူဗီလီကို ကျင်းပခဲ့တယ်။ ပြီးလို့ရှိရင် ရန်ကုန်ဇုံနဲ့ အခြားသီလရှင်တွေပါဝင်တဲ့အတိုင်းအတာတစ်ခုအနေနဲ့ ဖေဖေါ်ဝါရီလ၂၈ ရက်နေ့မှာ ရန်ကုန်သာသနာ၊ မှော်ဘီမြို့မှာ ကျေးဇူးတင်ခြင်းမစ္ဆားတရားတော်မြတ်ကြီနဲ့အတူ ဒီဂျူဗီလီအခမ်အနားလေးကို အတိုချုပ်ကျင်းပခဲ့ကြတယ်။ ပြီးလို့ရှိရင် မြစ်ကြီးနားမှာလည်း မြစ်ကြီးနာဇုံနဲ့အခြားပါဝင်နိုင်တဲ့တခြားဇုံက စစ္စတာရ်တွေနဲ့ပူးပေါင်းပြီးတော့ မြစ်ကြီးနားမှာ အခုလာမဲ့ ဩဂုတ် ၂၆ ရက်နေ့မှာလည်းပဲ မြစ်ကြီးနားဇုံအတိုင်းအတာနဲ့ ကျေးဇူးတင်မစ္ဆားတရားတော်မြတ်ပေါ့နော် ဒီဂျူဗီလီအခမ်းအနားကို ကျင်းပဖို့ရှိပါတယ်။ ဆိုတော့ ကျွန်မတို့ ဒီပုသိမ်မှာတော့ အခုလာမဲ့ ၂၆ ရက်နေ့ ဂိုဏ်းရဲ့သက်တမ်း ၁၂၅ နှစ် တင်းတင်းပြည့်တဲ့နေ့မှာဆိုရင် ပုသိမ်ဇုံကသီလရှင်အချို့နဲ့ Formation stage ပေါ့နော် အသီးသီးက ညီမငယ်လေးတွေအားလုံးပူးပေါင်းပြီးတော့ ပုသိမ်မြို့ စစ္စတာရ်ကျောင်းရဲ့ ဘုရားကျောင်းငယ်လေးမှာ ရဟန်းတော်များနဲ့အတူတူ ဧည့်သည်အချို့နဲ့ ဒီဂျူဗီလီရဲ့ ကျေးဇူးတင်မစ္ဆားတရားတော်မြတ်ကြီးကို ကျေးဇူးတင် ပူဇော်ကြမှာဖြစ်တယ်။ ပြီးတဲ့နောက်မှာ ၁၂၅ နှစ် ဂျူဗီလီရဲ့ အမှတ်တရအနေနဲ့ပေါ့နော် ကျွန်မတို့သီလရှင်တွေ၊ သီလရှင်လောင်းတွေ၊ Formation အဆင့်အသီးသီးက သီလရှင်တွေအားလုံးပူးပေါင်းပြီးတော့မှ ပြိုင်ပွဲဝင်ခြင်းအစီအစဉ်ဖြစ်ပါတယ်။ ဒီပြိုင်ပွဲဆိုတာက ဖာသာရ်အိုင်စီဒိုရေးစပ်တဲ့ ကျွန်မတို့အသင်းဂိုဏ်းကို ထင်ရှားစွာရုပ်လုံးပေါ်စေတဲ့ သီချင်းကလေးကို အဖွဲ့ ၇ ဖွဲ့ ခွဲပြီးတော့မှ ကိုယ်ကြိုက်နှစ်သက်ရာ အနေအထားပုံစံမျိုးနဲ့ယှဉ်ပြိုင်ဖို့အတွက် ကျွန်မတို့ စီစဉ်ထားပါတယ်။ အဲဒီပြိုင်ပွဲလေးကို ကျင်းပရတဲ့ ရည်ရွယ်ချက်ကလည်းပဲ သီလရှင်လောင်းပေါ့နော် Formation အဆင့်ဆင့်မှာရှိနေကြတဲ့ ကျွန်မတို့ရဲ့ မျိုးဆက်သစ် Candidate တွေအားလုံးဟာ အသင်းဂိုဏ်းကြီးကို ပိုပြီးတော့ သိဖို့၊ နောက်တစ်ခုက ဒီအသင်းဂိုဏ်းအတွင်းမှာ သီလရှင်တစ်ပါးအနေနဲ့ ဆက်လက်ပြီးတော့ အသက်ရှင်ရမယ်၊ ရှင်သန်ရမယ်ဆိုတဲ့အခါမှာ စိန်ဖရစ်စစ်သီလရှင်တစ်ပါးရဲ့ ဖြစ်ခြင်းဆက်ကပ်ခြင်းရဲ့ အနှစ်သာရကို ကောင်းကောင်းမွန်မွန်နားလည်ဖို့အတွက်ပေါ့နော် အနာဂါတ်မျိုးဆက်သစ်လေးတွေဟာ ပိုကောင်းတဲ့ စစ္စတာရ်တွေဖြစ်ဖို့ ရည်ရွယ်ပြီးတော့မှ ဒီပြိုင်ပွဲလေးကို ပြုလုပ်မှာဖြစ်ပါတယ်။

ဧရာအလင်း- ဘာတွေဖြည့်စွက်ပြောချင်သေးလဲ။ ရှိသေးရင်ပြောပြပေးလို့မရလား။

စစ္စတာရ်- ဖြည့်စွက်ပြောရမယ်ဆိုရင် ကျွန်မအနေနဲ့ စိန့်ဖရန်စစ်ဇေးဗီယားအသင်းသူတစ်ယောက်အနေနဲ့ပေါ့လေ ဒီအသင်းဂိုဏ်းကြီးရဲ့ ၁၂၅  နှစ်ဆိုတဲ့ ခရီးစဉ်ရဲ့နောက်ကြောင်းကို ပြန်ပြီးတော့ ကြည့်လိုက်တဲ့အခါမှာ လေ့လာလိုက်တဲ့အခါမှာဖြစ်ပျက်သမျှအဖြစ်အပျက်အကြောင်းအရာတွေအားလုံးအထဲမှာ ဘုရားရှင်ကရှိနေတယ်။ ဒီကျွန်မတို့အသင်းဂိုဏ်းဖြစ်တည်ခြင်းရဲ့ အဖြစ်အခြေအနေအားလုံးဘယ်အရာမှ ဘုရားရဲ့လက်တော်နဲ့ လွှတ်ကင်းခဲ့တယ်ဆိုတာမရှိခဲ့ဘူးဆိုတာကို သေသေချာချာ တွေ့မြင်ခဲ့တယ်။ ဒါ့ကြောင့်မို့လို့ ဒီနှစ်မှာတော့ဘုရားရှင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းရင်းနဲ့ ဘုရားကို အထူးကျေးဇူးတင်မိတယ်။ ပြီးတဲ့အခါမှာ ကျွန်မတို့ အသင်းဂိုဏ်းကြီးကို စွန့်လွှတ်စွန့်စားမှုမျိုးစုံပြုလုပ်ပြီးတော့ အခက်အခဲပေါင်းစုံထဲကမှ အသင်းဂိုဏ်းကိုတည်ထောင်ပေးခဲ့တဲ့ ကျွန်မတို့ရဲ့ ဖခင်ကြီး ဘီးရှော့ အလက်စန္ဒားကာဒိုးကိုလည်းအထူးသတိရမိတယ်၊ ကျေးဇူးတင်မိတယ်။ ဒီနေ့ဒီအချိန်မှာဆိုရင်တော့ ကျွန်မတို့ စိန့်ဖရန်စစ်အသင်းဂိုဏ်းကြီးဟာ တည်ထောင်သူအဖဖြစ်စေချင်သလို အသီအပွင့်တွေဝေဆာပြီးတော့ အရိပ်ကောင်းကောင်းနဲ့ လိုအပ်တဲ့လူတွေကို အရိပ်ပေးနိုင်တဲ့ သစ်ပင်ကြီးတစ်ပင်ဖြစ်နေခဲ့ပြီး။ ဆိုတော့ ဒါကို ကြည့်ပြီးတော့ အဖေကတော့ ကောင်းကင်ဘုံကနေ ပျော်နေမယ်လို့ ကျွန်မယုံကြည်မိပါတယ်။ ပြီးလို့ရှိရင် ကျွန်မတို့ အသင်းဂိုဏ်းကို နှစ် ၅၀ ကျော်ကျော် ကြည့်ရှုစောက်ရှောက်ပေးခဲ့ကြတဲ့ စိန်ဂျိုးဇက်သီလရှင်များကိုလည်း သတိရမိပါတယ်။ ဒီစိန်ဂျိုးဇက်သီလရှင်တွေဟာ ကျွန်မတို့ စိန့်ဖရန်စစ်ဇေးဗီးယားသမီးငယ်တွေကိုလမ်းလျှောက်တတ်စ ကလေးလေးတွေအရွယ်ကနေပြီးတော့ပြုစု ပျိုးထောင်ပေးခဲ့ကြတာဖြစ်ပါတယ်။ အရွယ်ရောက်တဲ့အထိပြုစု ကြည့်ရှုခဲ့ကြတာဖြစ်ပါတယ်။ ဆိုတဲ့အခါကျတော့ အခက်အခဲများစွာ ရင်ဆိုင်ရမယ် စိတ်ရှည်ရမယ် မေတ္တာတရားကြီးမားရမယ်။ လိုအပ်တဲ့အရာအားလုံးပေးပြီးတော့ ကျွန်မတို့ အရွယ်ရောက်တဲ့အချိန်မှာမှ ကျွန်မတို့ကို လိုအပ်တဲ့လမ်းညွှန်မှုတွေပေးပြီး‌တော့ ညီမတို့စီကနေပြီးတော့ပြန်လည်ထွက်ခွာသွားခဲ့တာဖြစ်တယ်။ ဆိုတော့ အမေတို့ရဲ့ကျေးဇူးတရားတွေကိုလည်း ဒီနေ့မှာ ပြန်လည်သုံးသပ်သတိရမိပြီးတော့ စိန့်ဂျိုးဇက်သီလရှင်တွေနဲ့အတူတူ စိန့်ဂျိုးဇက်အသင်းဂိုဏ်းတစ်ခုလုံးကို ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်။ ဒါ့အပြင်ကျွန်မတို့အသင်းဂိုဏ်းနဲ့ စိန့်ဖရစ်စစ်ဇေးဗီးယားစစ္စတာရ်တွေကို သာသာနအသီးသီးမှာ မစ်ရှင်း တာဝန်တွေကို ထမ်းဆောင်ဖို့အတွက် ယုံယုံကြည်ကြည် ဖိတ်ခေါ်ခဲ့ကြတဲ့ Archbishops ဂိုဏ်းချုပ်ဆရာတော်တွေ၊ အခု ဘီးရှော့တွေ (ဆရာတော်တွေ) နောက်အတူတကွလက်တွဲလုပ်ဆောင်ပြီးတော့ သာသနာ့အမှုတော်တွေကို လုပ်ဆောင်ခဲ့ကြတဲ့ ရဟန်းတော်တွေအားလုံးကိုလည်း အထူးပဲကျေးဇူးတင်မိပါတယ်။ ဒါ့အပြင်အသင်းဂိုဏ်းကြီးစပြီးတော့ ဖြစ်တည်ကတည်းက ဒီနှစ်အထိ ဒီနေ့လက်ရှိအခြေအနေအထိ အသင်းဂိုဏ်းကို အဖက်ဖက်ကနေပြီးတော့ နည်းလမ်းပေါင်းစုံနဲ့ ပံ့ပိုးပေးခဲ့ကြတဲ့ ကျေးဇူးရှင်တွေ၊ အသင်းဂိုဏ်းကို ချစ်ခင်ပြီးတော့ အားပေးခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ လူအားငွေအားဆုတောင်းခြင်းအားတွေနဲ့အသင်းဂိုဏ်းကို နည်းလမ်းမျိုးစုံနဲ့ ကူညီပေးခဲ့ကြတဲ့ ကျေးဇူးရှင်တွေအားလုံကိုလည်းပဲ ဒီနေရာကနေပြီးတော့ ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ နောက်ဆုံးအနေနဲ့တော့ ဒီ ၁၂၅ နှစ်ပြည့်မြောက်တဲ့ ဒီဂျူဗီလီအချိန်အခါသမယလေးမှာ ကျွန်မကို အင်တာဗျူးလေးနဲ့ ပရိတ်သတ်တွေစီကို ကျွန်မတို့အသင်းဂိုဏ်းလေးအကြောင်း ပို့ဆောင်ပေးတဲ့ ဧရာအလင်းဂျာနယ်ကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။

 

By Raymond Mahn Kyaw

August 24, 2022



2022-09-03 04:05:06