Pathein Catholic Diocese Untitled Document
Untitled Document
အဆိုတော် နှင်းဆီကိုကို ဘဝမှကက်သလစ်သီလရှင်အကြီးအကဲတစ်ပါးဖြစ်လာသူနှင့်မေးမြန်းထားခြင်း- Interview (ပထမပိုင်)


Photos of Mother Ann Teresa, SFX,
အဆိုတော် နှင်းဆီကိုကို ဘဝမှကက်သလစ်သီလရှင်အကြီးအကဲတစ်ပါးဖြစ်လာသူနှင့်မေးမြန်းထားခြင်း- Interview (ပထမပိုင်)
ဧရာအလင်း။ ။ မင်္ဂလာပါ၊ မာသာရ်ကြီး။
မာသာရ်ကြီးက ကက်သလစ်သီလရှင်တစ်ပါးမဖြစ်ခင် အပြင်လောကမှာကျင်လည်လှုပ်ရှားခဲ့စဉ်က နှင်းဆီကိုကို ဆိုတဲ့ နာမည်နဲ့ သီချင်းခွေတောင်ထုတ်ခဲ့ဖူးတယ်လို့ ကြားသိရပါတယ်။ အဲဒီတုန်းက သီချင်းဆိုတာဝါသနာပါပြီးအဆိုတော်ဖြစ်ချင်ခဲ့တဲ့ အိပ်မက်တွေရှိခဲ့လို့လား? ဘယ်နှစ်ခွေလောက် ထုတ်ခဲ့ဖူးပါသလဲ? အသက်အရွယ်ဘယ်လောက်မှာလဲ? ကျေးဇူးပြု၍ပြောပြပေးပါအုံး။
မာသာရ်ကြီး။ ။ကျွန်မ နှင်းဆီကိုကို ဆိုတဲ့နာမည်နဲ့ အဆိုတော်လောကကို အသက် ၁၈ နှစ် ၁၉၈၂ ကနေစပြီးတော့ သီချင်းခွေ စထုတ်ခဲ့ပါတယ်။ သီချင်းခွေ ၄ ခွေ ထွက်ဖြစ်ပါတယ်။ ပထမဦးဆုံးသီချင်းခွေရဲ့ နာမည်ကတော့ “ရေခဲချစ်” လို့ ခေါ်ပါတယ်။ ဒုတိယသီချင်းခွေကိုတော့ ၁၉၈၃ လောက်မှာ ထုတ်ပါတယ်။ အဲဒါကတော့ “တစ်ကမ္ဘာလုံးချစ်” လို့ နာမည်ရပါတယ်။ တတိယအခွေကိုကျတော့ ၁၉၈၄ လောက်မှာ ထုတ်ပါတယ်။ “သူရိယနေမင်း” ဆိုတဲ့ နာမည်နဲ့ ထုတ်ပါတယ်။ ၁၉၈၅ လောက်မှာကျတော့ “ရွှေအတောင်ပံ” ဆိုပြီးတော့ သီချင်းငွေလေးခွေထုတ်ခဲ့ပါတယ်။
မူပိုင်တေးရေးဆရာကတော့ ဆရာသုခမိန်လှိုင်ပဲဖြစ်ပြီးတော့ တေးဂီတ က “The Aces” နဲ့ပဲ တီးခဲ့ပါတယ်။ ကျွန်မအမြဲတမ်း မေ စတူရီယိုမှာပဲ သွင်းခဲ့ပါတယ်။ ကျွန်မ ၁၈ နှစ်ကနေ စတင်ပြီးတော့ ၂၅ နှစ်လောက်အထိကို ကျွန်မ သီချင်းဆိုခဲ့ပါတယ်။ အခွေကတော့ စစချင်းပဲ ကျွန်မ သီချင်းအခွေတွေထုတ်ပြီးတော့ အဲဒီခွေလေးတွေနဲ့ပဲ တီးဝိုင်းတွေ၊ နယ်တွေ၊ မင်္ဂလာဆောင်တွေမှာ ဆိုပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ မိသားစုဟာဆိုရင် အရမ်းပဲဝါသနာပါကြတယ်။ မိဘတွေရော၊ ကျွန်မမောင်နှမတွေအားလုံး ဝါသနာပါကြတယ်။
 
နောက်ပြီ Major Seminary ကထုတ်တဲ့ ကက်သလစ် ဓမ္မသီချင်းတချို့ နဲ့ ခရစ်စမတ်သီချင်းတချို့လည်း ပါဝင်သီဆိုခဲ့ပါတယ်။
ကျွန်မလည်း အဆိုတော်ဖြစ်ချင်ခဲ့တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီခေတ်ကာလမှာ လူငယ်ပီပီ အိပ်မက်တွေအများကြီးရှိခဲ့တယ်။ စတီရီရိုအဆိုတော်ြဖစ်ချင်ခဲ့တယ်။ တစ်အိမ်လုံးကလည်း ဝါသနာပါကြတယ်။ မိဘတွေက အိမ်က ပိုက်ဆံ စိုက်ထုတ်ပြီးတော့ အခွေတွေသွင်းခဲ့တာဖြစ်တယ်။ ကျွန်မရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ပေးခဲ့တယ်။
ဧရာအလင်း။ ။ အဆိုတော်ဘဝကနေ သီလာရှင်ဖြစ်ဖို့ ဘယ်အရာတွေက မာသာရ်ကြီးကို တွန်းအားတွေပေးခဲ့တာလဲ? ရှိရင်သိချင်ပါတယ်။ ပြီးတော့သီလရှင်ဖြစ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့အခါမှာ မိဘမောင်နှမတွေက ကြည်ကြည်ပြူပြူနဲ့ အားပေး ခွင့်ပြုခဲ့လာ? အတိုက်အခံတွေလုပ်ပြီး ထွက်လာခဲ့ရတာတွေရှိခဲ့လာ?
မာသာရ်ကြီး။ ။ငယ်ငယ်လေးကတည်းသီလရှင်တွေကိုတွေ့ရင် အရမ်းလည်းချစ်တယ်ပေါ့နော်။ လေးစားပြီး ဒီဘဝမျိုးလေးဖြစ်ချင်ခဲ့တယ်။
ကျွန်မမွေးကတည်းကနေပြီးတော့ ၃ နှစ် ၄ နှစ်သမီးအရွယ်လောက်အထိကို အနော်ရထာလမ်းနဲ့ ပန်းဆိုးတန်းလမ်းဒေါင့်ကတိုက်ခန်းမှာ ကျွန်မနေခဲ့ပါတယ်။ ဆေးကြောခြင်းကို St. Mary’s Cathedral (စိန့်မေရီဘုရားရှိခိုးကျောင်းကြီး) မှာ Fr. Fernandez (ဘုန်းတော်ကြီး ဖဲလ်နမ်းဒက်ဇ်) ကပေးခဲ့ပါတယ်။ ၄ နှစ် သမီးအရွယ်လောက်ကနေစပြီးတော့ တောင်ဥက္ကလာ ၁၃ ရပ်ကွက်မှာနေခဲ့တယ်။ ကျွန်မတို့နေတဲ့ အဲဒီအိမ်ဟာဆိုလို့ရှိရင် သင်္ဃန်းကျွန်း စိန့်ဂျိုးဇက်ကျောင်းထိုင်သာသနာထဲမှာပါဝင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ အမြဲတမ်း တက်ဖြစ်တဲ့တာကတော့ စိန့်ဂျူဒ် ကျောင်းထိုင်သာသနာပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ခရီးသွားရတာ လွယ်တယ်။ အဆင်ပြေတယ်ဆိုတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
ကျွန်မရဲ့ ပထမကိုယ်တော်မြတ်ယူခြင်းနဲ့ ခရစ္စမားအားပေးခြင်းတွေကိုတော့ St. Jude Parish Church က စိန့်ဖရစ်စစ်ဇေးဗီးယားစစ္စတာရ် တွေကနေပြီးတော့ ပြင်ဆင်ပေးခဲ့တယ်။ Sr Emma Phaw (အယ်မာဖော)က ပထမကိုယ်တော်မြတ်ယူခြင်း၊ Ah Sr Theresita (ထရေစီးတာ) က ခရစ္စမားအားပေးခြင်း စက္ကရမင်တူးမင်္ဂလာ များအတွက် သင်ကြား ပြင်ဆင်ပေးခဲ့ကြပါတယ်။ အခြားစစ္စတာရ်တွေဆိုရင်လည်း အများကြီးသိခဲ့ပါတယ်။ သူတို့ရဲ့ ဘဝတွေကို ကျွန်မကြည့်လိုက်တဲ့အခါကျတော့ သန့်ရှင်းတဲ့ ဘဝ၊ အေးချမ်းတဲ့ဘဝလို့ ငယ်ငယ်လေးထဲကနေပြီးတော့ ခံစားမိတယ်၊ လေးစားတယ်။ စစ္စတာရ်တွေကို တွေ့တဲ့အခါမှာ ထူးခြားတဲ့အမျိုးသမီးတွေပါလား၊ လောကကြီးထဲမှာရှိပေမဲ့ ဘုရားအတွက်သူတို့ဘဝကို ပေးထားတယ်ဆိုတာကို ငယ်ငယ်လေးကတည်းက နားလည်ခဲ့တယ်။ အရမ်းလည်းချစ်တယ်ပေါ့နော်။ ဒီဘဝလေးကိုဖြစ်ချင်ခဲ့တယ်။
ကျွန်မ ဆယ်ကျော်သက်ဖြစ်လာတဲ့အခါကျတော့ စိတ်တွေကတော့ ပြောင်းလဲသွားတာပေါ့နော်။ ကျောင်းစာမှာလည်း တစိုက်မတ်မတ်နဲ့ ကျွန်မရည်ရွယ်ချက်ရှိခဲ့တာကတော့ တက္ကသိုလ်မှာ ကျူတာဖြစ်ချင်တယ်ပေါ့။ တက္ကသိုလ်ဆရာမ ဖြစ်ချင်တဲ့အတွက်ကြောင့် ကျွန်မလည်းကြိုးစားတယ်။ ၁၉၈၇မှာ B.Econ (Statistics, Honors) ဂုဏ်ထူးတန်းနဲ့ ကျောင်းပြီးခဲ့ပါတယ်။ ကျွန်မ ကျူတာဖြစ်ချင်တယ်ဆိုပေမဲ့ ကျွန်မတို့ခေတ်ကအတော်လေးခက်ခဲတယ်။ ကျူတာဖြစ်ဖို့ အခွင့်အရေးမရခဲ့ဘူး။
ကျွန်မ ဆယ်ကျော်သက်တုန်းက ရည်းစားလည်းထားခဲ့ဖူးပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ကျွန်မတို့ လမ်းခွဲခဲ့ကြရပါတယ်။ ကျွန်မ တကယ့်ကိုစိတ်မကောင်းခဲ့ပါဘူး။ နောက်ပိုင်းမှာတော့လည်း ကျွန်မ ဘဝကို တဖြေးဖြေးနဲ့ ရင့်ကျက်လာသလို ခံစားမိတယ်။
စတီရီယို အဆိုတော်အဖြစ်နဲ့ ကျွန်မ နာမည်တော့မကြီးခဲ့ဘူး။ အဆိုပညာရှင်တော့ မဟုတ်ခဲ့ဘူး။ ကျွန်မ ဝါသနာရှင်အဆင့်လောက်ပဲ ရှိတယ်ဆိုတာ ကျွန်မကို ကျွန်မ နားလည်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မလည်းပေါက်ပေါက်မြောက်မြောက်ဖြစ်အောင်လည်း ကျွန်မ မလုပ်နိုင်ဘူးဆိုတာ ကျွန်မသိတယ်။ ဆရာသုခမိန်လှိုင်ကတော့ ကျွန်မကို စေတနာ အပြည့်နဲ့ ကြိုးစားပေးပါတယ်။ သူရေးပေးတဲ့သီချင်းလေးတွေလဲ အရမ်းကောင်းပါတယ်။ သီဆိုဖို့တွေ၊ စတိတ်ရှိုးနဲ့ ကျွန်မကို သူချိတ်ဆက်ပေးပါတယ်။
ဒါပေမဲ့ ကျွန်မစိတ်ထဲမှာတော့ တစ်ခုခု ဟာနေသလိုပဲ ခံစားမိတယ်ပေါ့နော်။ မိဘ၊ ညီအစ်ကိုမောင်နှမ တွေကလည်း ကျွန်မကို တကယ့်ကိုအားပေးပါတယ်။ အစ်ကိုတွေဆိုလည်း ဝါသနာရှင်တွေပဲ။ တူတွေ တူမတွေကလည်း ကျွန်မကို တန်ဖိုးထားတယ်။ လေးလည်းလေးစားကြတယ်။ ကျွန်မကလည်း အားရပါးရကြိုးစားတယ်ပေါ့နော်။ ဒါပေမဲ့ အဲဒီအဆိုတော်လိုင်းဟာ ကျွန်မလိုင်းမဟုတ်ဘူးဆိုတာကို အစကတည်းက ကျွန်မခံစားမိတယ်။ ဘာဖြစ်လည်းဆိုတော့ ကျွန်မပြည့်ပြည့်ဝဝခံစားချက်အပြည့်နဲ့ လျှောက်လို့မရဘူးဆိုတာ ကျွန်မသိတယ်။
ကျွန်မစိတ်ထဲမှာ ကွက်လပ်တွေ ရှိနေခဲ့တယ်။ ကျွန်မဘဝမှာ အရှုံးတွေကြီးပဲ ရင်ဆိုင်ရသလို ခံစားရတယ်။
အဲလိုဖြစ်တဲ့အခါမှာ ကျွန်မကတော့ တခြားအလုပ်ကလေးတွေလည်း စဉ်းစားလာတာပေါ့။ အသက်ကလည်း ၂၀ ကျော်လို့ ၂၄၊ ၂၅ ရောက်လာတော့ ကျွန်မဆုံးဖြတ်တယ်ပေါ့။ အလုပ်တစ်ခုခု လေးရရင်လည်းကောင်းမယ်။ ဒါပေမဲ့လို့ ကျွန်မ စိတ်တိုင်းကျ မတွေ့ဘူးပေါ့နော်။ ကျွန်မအားလုံး ကျွန်မရဲ့ ဘဝမှာ တစ်ခုမှ အကောင်အထည်တွေမဖေါ်နိုင်၊ မဖြစ်နိုင် ဘူးလို့ ကျွန်မခံစားမိတယ်။
ငယ်ငယ်တုန်းက ပြန်ပေါ်လာတဲ့ ငြိမ်းချမ်းမှုပေါ့နော်၊ လက်ရှိ ကျွန်မဘဝကို ပူလောင်တဲ့ဘဝလို့ ကျွန်မခံစားမိတယ်ပေါ့နော်။ ဒါပေမဲ့လို့လည်း ဘုရားအလိုလည်းရှိမှာပါ။ အဲဒီအချိန်မှာတော့ ကျွန်မရဲ့မိသားစုကလည်း ကျွန်မကို အားပေးပါတယ်။ သီချင်းဆိုတဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်။
ဒါပေမဲ့ ကျွန်မက အသက် ၂၅ နှစ်လောက်မှာတော့ ကျွန်မဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်လိုက်တယ်ဆိုတာ ကျွန်မ စစ္စတာရ်ဖြစ်ချင်တယ်ဆိုတာက ထင်ရှားလာသလိုပဲပေါ့နာ်။ ကျမမှတ်မိသေးတယ်၊ ဘဝမှာ ရွေးချယ်ရမဲ့ လမ်းတွေမှုံဝါးနေသလိုကျွန်မခံစားရတယ်၊ အဲ့ဒီအချိန်မှာ မိသားစုကလည်း နဂိုကတည်းကပြောထားတဲ့အတိုင်း ဘုရားတရားအရမ်းကြည်ညိုတဲ့အဖွဲ့ဖြစ်ပါတယ်။
နောက်ပြီးတော့ ဘုရားအလိုတော်ကိုလည်း နားလည်တယ်။ ဆိုတော့ တစ်ခုခုတော့ ဘုရားသခင်က ကျွန်မအတွက် စီမံထားမယ်ဆိုတာကို ကျွန်မ သိနေသလိုခံစားရတယ်။
ဆက်လက်ဖော်ပြပါအုံးမည်
နောက်ဆက်တွဲမျှော်
Photo credit to Mother Ann Teresa, SFX,
ရေမွန် မန်းကျော်
ပုသိမ်
September 2


2022-09-03 04:17:38