Pathein Catholic Diocese Untitled Document
Untitled Document
ပဥ္စမအကြိမ်မြောက် သာသနာပြု လုပ်ငန်းမြင့်တင်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ


အဖွဲ့ မှတ်တမ်းဓာတ်ပုံများရိုက်ခြင်း (ဓာတ်ပုံ-PMS Myanmar Facebook)
ပဥ္စမအကြိမ်မြောက် သာသနာပြု လုပ်ငန်းမြင့်တင်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံရှိ ရဟန်းမင်းကြီးဆိုင်ရာသာသနာပြုအသင်းများရုံး (Pontifical Mission Societies of Myanmar) မှ ဦးစီးပြီး ပဥ္စမအကြိမ်မြောက် သာသနာပြုလုပ်ငန်း မြင့်တင်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ဩဂုတ်လ ၃၀ မှ စက်တင်ဘာလ ၁ ရက်နေ့အထိ တောင်ငူဂိုဏ်းအုပ်သာသာနာ၊ လိပ်သိုတိုက်နယ်၊ ယေဇူးရွှေနှလုံးတော်ဘုရားကျောင်းတွင် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အသိပညာပေး ဆွေးနွေးခြင်းအစီအစဉ်ကို ဝတ်ပြုဆုတောင်းခြင်းမစ္ဆားတရားတော်မြတ်ဖြင့် တောင်ငူဂိုဏ်းအုပ်ဆရာတော် အိုက်ဇက် ဓနု မှ နံနက် ၆ နာရီတွင် ဦးဆောင်ပူဇော်ဆုတောင်း ဖွင့်လစ်ခဲ့တယ် လို့ သိရပါတယ်။

ဆွေးနွေးပွဲအစတွင် ဆရာတော်ကြီး ဓနု မှ ကမ္ဘာ့သာသနာပြန့်ပွားရေးတနင်္ဂနွေနေ့၊ ၂၀၂၂ ခုနှစ်အတွက် ရဟန်းမင်းကြီး၏ သတင်းစကားကို ဝေမျှပေးခဲ့တယ်လို့ PMS Myanmar Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဟားခါးဂိုဏ်းအုပ်သာသနာမှ ဖာသာရ် လုကား သာလင်းဆွမ် (Father Lucas Tha Ling Sum) က “အသွင်သစ်ဖြင့်ဒေသနာတော် သင်ကြား၊ဟောကြားရေး (Transforming Catechesis and Evangelization) ခေါင်းစဉ်ဖြင့် နှစ်ရက်တာ ပို့ချဆွေးနွေးပေးခဲ့ကြောင်း ယင်းစာမျက်နှာမှာပဲ ရေးသားထားတာကို တွေ့ရပါတယ်။

ဆက်လက်ပြီး PMS-Myanmar ရုံးမှ National Director Father Bernardino Ne Ne ကလည်း ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုအသင်းများ၏ ထူခြားကျင့်စဉ်နှင့် လက်တွေ့ကျင့်ဆောင်ခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး၊ Isabella အီဇဘလ်လာ ပြုံးပြုံးအောင် မှလည်း ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုအသင်းများရုံး၏ ၂၀၁၉ မှ ၂၀၂၂ အထိလှုပ်ရှားမှုမှတ်တမ်းများကို တင်ပြပေးခဲ့ကြောင်း ယင်းစာမျက်နှာကပဲ ဆက်လက်ဖော်ပြထားတာကို ဖတ်ရပါတယ်။

ပုသိမ်ဂိုဏ်းအုပ်သာသနာမှ ပါဝင်တက်ရောက်ခဲ့သူ PMS Pathein တာဝန်ခံ ဖာသာရ် ဆေရီဝင်းမောင်က “ဖာသာရ်လုကားပို့ချခဲ့တဲ့ ယုံကြည်ခြင်းကို အခြေခံတဲ့အသက်တာ၊ ကောင်းသောခရစ်ယာန်ဘဝ (စံပြဘဝ) အသက်တာ၊  စက္ကရမင်တူးမင်္ဂလာမြတ်များ၊ ကိုယ်ကျင့်တရားအသက်တာ၊ ဆုတောင်းခြင်းအသက်တာ အကြောင်းတွေဟာ ကျွန်တော့်အတွက် တန်ဖိုးဖြတ်လို့မရတဲ့ အသိတရားတွေရရှိခဲ့တယ်”လို့ ဧရာအလင်းကို ပြောပြပါတယ်။

ဗန်းမော် ဂိုဏ်းအုပ်သာသနာ၊ ရန်ကုန်ဂိုဏ်းချုပ်သာသနာ၊ လားရှိုးဂိုဏ်းအုပ်သာသနာ၊ တောင်ငူဂိုဏ်းအုပ်သာသနာများမှ ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုကလေးသူငယ်များ၏လှုပ်ရှားမှုမှတ်တမ်းများကိုလည်း တင်ပြပေးခဲ့တယ် လို့ သိရပါတယ်။

“ကျွန်တော် PMS Myanmar က ပြုလုပ်ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲအတော်များများကို တက်ရောက်ခဲ့ဖူးပါတယ်။ ဒီတစ်ကြိမ်တက်ရောက်ပါဝင်ခဲ့ရတဲ့ ဆွေးနွေးပွဲကတော့ အရင်ဆွေးနွေးပွဲတွေနဲ့ မတူပဲ တမူထူးခြားတဲ့အချက်ကိုသတိပြုမိပါတယ်။ အဲဒါကတော့ အရင်ဆွေးနွေးပွဲတွေ တုန်းက လူဦးရေးအကန့်အသတ်နဲ့လုပ်ခဲ့တာဖြစ်သလို ပို့ချပေးခဲ့တဲ့ပုဂ္ဂိုလ်တွေက များသောအားဖြင့် နိုင်ငံခြားကလူတွေ ဖြစ်တဲ့အတွက် ထိရောက်မှုရှိပေမဲ့ နည်းခဲ့တယ်။ ဒီတစ်ခါဆွေးနွေးပွဲကတော့ သာမန်ဘာသာတူတွေလည်း ပါဝင်ခဲ့သလို ကိုယ့်ပြည်တွင်းက ပို့ချပေးတဲ့ ပုဂ္ဂိုလ်ဖြစ်တာကြောင့်ပိုပြီး လေးနက်ထိရောက်မှုရှိတယ်” လို့ ပါဝင်တက်ရောက်ခဲ့သူ ပုသိမ်ဂိုဏ်းအုပ်သာသနာရဲ့ လူငယ်တာဝန်ခံ ဖာသာရ် ဂေးလ်ဘက် စွန်းစွန်းကလည်း သူ့ရဲ့အမြင်သုံးသပ်ချက်ကို ပြောပြပါတယ်။

PMS Myanmar က နှစ်စဉ်နှစ်တိုင်း အသင်းတော်ရဲ့ ညွှန်ကြားချက်နဲ့အညီး အသိပညာပေးဆွေးနွေးပွဲကို ပြုလုပ်ကျင်းပလေ့ရှိပြီး အရင်နှစ်တွေက အကြောင်းအမျိုးမျိုးကြောင့်မလုပ်ဖြစ်ခဲ့ပဲ ဒီနှစ်မှ ပြန်လည် လုပ်ဆောင်ရခြင်းဖြစ်တယ်လို့လည်း ဖာသာရ် ဝင်းမောင် ထံမှ သိရပါတယ်။

ဆွေးနွေးပွဲကို ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်သာသနာ အသီးသီးမှ ရဟန်းတော် အပါး (၃၀)၊ သီလရှင်း (၁၉)ပါး၊ ကိုယ်စားလှယ် (၆၄)ဦး စုစုပေါင်း (၁၁၃) ဦးတက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

သတင်း-ရေမွန် မန်းကျော်



2022-09-04 22:22:25