Pathein Catholic Diocese Untitled Document
Untitled Document
(ဒုတိယပိုင်း) အဆိုတော် နှင်းဆီကိုကို ဘဝကနေ ကက်သလစ်သီလရှင်အကြီးအကဲဖြစ်လာသူနှင့် မေးမြန်းထားခြင်း


Photos of Mother Ann Teresa, SFX, in collection
(ဒုတိယပိုင်း) အဆိုတော် နှင်းဆီကိုကို ဘဝကနေ ကက်သလစ်သီလရှင်အကြီးအကဲဖြစ်လာသူနှင့် မေးမြန်းထားခြင်း

ဧရာအလင်း။   ။ အပြင်လောကမှာ အဆိုတော်ဖြစ်ဖို့ကြိုးစားခဲ့သူတစ်ယောက်အနေနဲ့ သီလရှင်လောင်းကျောင်းသူဖြစ်လာတဲ့အခါမှာ ဘယ်အရာတွေက မာသာရ်ကြီးကို စိန်ခေါ်မှု သို့မဟုတ် အခက်အခဲတွေဖြစ်စေခဲ့လဲ? တကယ်လို့ စိန်ခေါ်မှုတွေအခက်အခဲတွေကြုံတွေ့ခဲ့ရတယ်ဆိုရင်ဘယ်လို ကျော်လွှားအောင်မြင်ခဲ့လဲ ဝေမျှပေးလို့ရမလား?

မာသာရ်ကြီး။   ။ကျွန်မ ရှေ့ကပြောခဲ့အတိုင်းပေါ့ ကျွန်မရဲ့ သီလရှင်ဖြစ်ချင်တယ်ဆိုတဲ့ ခံယူချက်ကြောင့်ပေါ့နော် စိတ်ထဲမှာပေါ့ပါးပြီးနေ့တိုင်း ပျော်ရွှင်မှုပြန်ခံစားလာခဲ့ရတယ်။ ကျမကို တစ်မိသားစုလုံးက သီလရှင်ကျောင်းရှိရာ ပုသိမ်မြို့ကိုလိုက်ပို့ကြတယ်။ ချက်ချင်းတော့ ကျွန်မတို့ ပုသိမ်ကို မဝင်ကြသေးပဲ ချောင်းသာသွားကြတယ်။ ချောင်းသာမှာ ကျွန်မတို့ သုံးလေးရက် လောက်နေကြတယ်။ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နဲ့။ အဲ့ဒီတုန်းက ကျွန်မခံစားရတာက ဒီမိသားစုနဲ့ နောက်ဆုံးအကြိမ် ဒီချောင်းသာကိုလာပြီးတော့ အပျော်ခရီးလေးထွက်ခြင်းပဲဖြစ်မှာပါပေါ့။

အပြန်ခရီးမှာ သူတို့က ကျွန်မကို ပုသိမ်သီလရှင်ကျောင်းကို ဝင်ပို့ကြတယ်။ သူတို့တစ်ရက်လောက်ပဲနေပြီး နောက်တစ်နေ့ပြန်ကြမယ်ပေါ့နော် ပရိုဂန်တွေက အဲလိုရှိခဲ့တယ်။
သီလရှင်ကျောင်းရောက်တော့ ကျွန်မကို အကြိုတောင်းခံသူအဆင့်ကို တန်းဝင်ခိုင်းပါတယ်။ အဲဒီတုန်းက မာသာရ် အစွန်းတား ကအသင်းဂိုဏ်းဥက္ကဌပါ။ အဲဒါ ၁၉၉၂ ကပါ။ ကျွန်မကို သီလရှင်တစ်ချို့ နှင့် သီလရှင်လောင်း အဖော်လေးတွေက ကြိုဆိုကြတယ်။ ကျွန်မ မိသားစုကတော့ ကျွန်မကိုသီလရှင်ကျောင်းမှာ ထားခဲ့ရပြီဆို တော့ စိတ်မကောင်းကြဘူးပေါ့နော်။
ကျွန်မကို ကျမလည်း စွန့်စားမှုကြီးတစ်ခုလို့ ခံစားရတယ်။ ဒီလိုနဲ့ နောက်တစ်နေ့မနက်မှာ ပုသိမ်တစ်ဘက်ကမ်းက ကမ်းပါးနီ ဆိုတဲ့ ကျေးရွာလေးမှာ ကျွန်မတို့အဖော်လေးတစ် ယောက်ရဲ့ အစ်မရဲ့မင်္ဂလာဆောင်ပွဲကို ကျွန်မတို့ အကြိုတောင်းခံသူသီလရှင်လောင်းတွေသွားပြီးပါဝင်ရမယ် ဆိုတဲ့အခါကျတော့ ကျွန်မမိသားစုက ပုသိမ်ကနေ မပြန်ကြသေးဘူး။ ကျွန်မကို ပုသိမ်သီလရှင်ကျောင်းထိ လိုက်ပို့ကြတဲ့ မိသားစု အသိမိတ်ဆွေတွေ အားလုံးကို သူတို့ပြန်တဲ့အထိဧည့်ခံ၊ နှုတ်ဆက်ပြီးမှ ကိုယ့်လုပ်ဆောင် ရမည့် တာဝန်ဝတ်တရားတွေကို လုပ်ဆောင်ချင်ခဲ့တာပေါ့။ ကျွန်မခရီးကပြန်လာမဲ့အချိန်မှာ သူတို့ကအိမ် ကိုပြန်နှင့် ကြတော့မယ်လေ။ အဲ့ဒီခေတ်အခါက အချင်းချင်းဆက်သွယ်ဘို့ကလည်း မလွယ်ကူတဲ့ခေတ်ပေါ့။ ကျွန်မရဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်ချဖို့ ဘုရားရှင်ဖိတ်ခေါ်နေသလိုလည်း ခံစားမိခဲ့တယ်။ တစ်ဖက်မှာလည်း ကျွန်မကို သီလရှင်ကျောင်းမှာ အပြီးထားခဲ့ရမယ် မိဘနဲ့မောင်နှမတွေရဲ့ နောက်ဆုံးအကြည့်တွေ မျက်ရည်တွေကို ကျွန်မမကြည့်ရက်ခဲ့ဘူး။ ခုလို ပြန်ပြောပြတဲ့အခါမှာတော့ ပြီးခဲ့တဲ့အဲ့ဒီဖြစ်ရပ်လေးဟာဘာမှ မဟုတ်တော့သလိုထင်ရပေမဲ့ ကျွန်မတကယ်ကို မွန်းကြပ်ခဲ့ရပါတယ်။ ကျွန်မခေါ်တော်မူခြင်းဘဝရဲ့ ဦးထွက် တိုက်ပွဲလေးပါ။
အဲဒီမှာ ကျွန်မ မိသားစုကိုထားခဲ့ပြီး ကျွန်မ အဖော်တွေနဲ့ လိုက်သွားလိုက်ပါတယ်။ အဲဒီတော့ ကျွန်မကိုမိသားစုက အော်တိုဂရပ်ဖီ စာအုပ်လေးရေးထားပေးခဲ့တယ်။ အယောက်တိုင်းက နှုတ်ဆက်ဆုတောင်းလေးတွေရေးပေးခဲ့ကြတယ်။ ကျွန်မစိတ်ကို အထိဆုံး စာကြောင်းလေးက ဘာလဲဆိုရင် ကျွန်မကို သီလရှင်ဖြစ်ဖို့ အမြဲတမ်းသဘောမတူအတိုက်အခံလုပ်တဲ့ ကျွန်မရဲ့ အထက်ကအစ်ကိုက “နင့်ရဲ့ ဒီသီလရှင်ဖြစ်သင်တန်းကျောင်းက နင့်အတွက် နောက်ဆုံးသင်တန်းကျောင်းဖြစ်ပါစေတဲ့။” အဲလိုသူရေးခဲ့တယ်။ ဘုရားသခင်ကသူ့ကို အလင်းပေးပြီး ရေးလိုက်တဲ့ စာကြောင်းတစ်ကြောင်းလို့ ကျွန်မခံစားမိလိုက်တယ်။ ဖတ်ဖတ်ချင်းတော့ သူ့ကိုစိတ်ဆိုးတာပေါ့နော်။ ကျွန်မကို အထင်သေးတဲ့ စာကြောင်းရေးလိုက်တယ်ပေါ့နော်။ တကယ်မှာတော့ ကျွန်မအတွက် ဒီသီလရှင်ကျောင်းကို ဝင်ဘို့ တော်တော်ဆုတောင်းရုန်းကန်ခဲ့ရတာပါ။ သီလရှင်ဖြစ်သင်တန်းကျောင်းလို့ ခေါ်ပေမဲ့ ဒါဟာ အမြဲတည်မယ့်ဘဝတစ်ခုကို ရယူဘို့ ပုံသွင်းပြုပြင်ပေးတဲ့ သင်တန်းကျောင်းလို့ ကျွန်မခံယူနိုင်ခဲ့ပါတယ်။ ကျွန်မကို သတိပေးခဲ့တဲ့ကျွန်မအစ်ကို ကို တကယ် ကျေးဇူးတင်ပါတယ်။ ဘုရားရှင်ဟာ သူ့ကို အသုံးပြုပြီး ကျွန်မဘဝရွေးချယ်မှုရဲ့ နောက်ဆုံးဖြစ်စေခဲ့ပါတယ်။
ဒီသီလရှင်လောင်းဘဝရော၊ သစ္စာပြုပြီးသီလရှင်ဘဝနဲ့ရောကျွန်မတာဝန်ကျရာ သာသနာနယ်တိုင်းမှာ ကျွန်မပျော်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မတို့ဘက်မှာ ဘုရားပြည့်ပြည့်ဝဝရှိတယ်ဆိုတာကို ကျွန်မသိနေ ခံစားနေခဲ့ရတယ်။ ပြောချင်တာကလေ ကျွန်မအတွက်က ဘာအရာကမှ အတားအဆီးမဟုတ်ခဲ့ဘူးပေါ့နော်။ ကျွန်မက ပျော်နေတဲ့သူပဲလေနော်။ သတိုးသားကို ရှာဖွေတွေ့ရှိထားခဲ့သူပဲလေနော်။ ဒါ့ကြောင့်မို့လို့ ကျွန်မအတွက်က ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းပါစေ ထိုက်တန်တယ်လို့ ကျွန်မယူဆထားလို့ပါပဲ။ ဒါကျွန်မအတွက်အကြုံလေးတွေပထမဦးဆုံးပြောပြတာပါ။
ကျွန်မရဲ့မေမေက သီလရှင်ဘဝပထမဆုံးနှစ် (၁၉၉၆) ပထမသစ္စာပြုတဲ့နှစ်မှာ ကျွန်မရဲ့သီလရှင်ဘဝကို ကျေနပ်အားရစွာနဲ့ ကျွန်မရဲ့လက်ထဲမှာ ကွယ်လွန်ခဲ့ပါတယ်။ ကျွန်မရဲ့ အဖေကတော့ သီလရှင်ဘဝ ရာသက်ပန် သစ္စာပြုတဲ့နှစ် (၂၀၀၃) မှာ ကျွန်မ အီတလီနိုင်ငံမှာ ဘုရားတရားဘာသာပညာသင်ကြားနေစဉ် ကွယ်လွန်ခဲ့ပါတယ်။ အဲဒီတော့ ဘုရားရှင်ရဲ့ ကောင်းမြတ်ခြင်းတွေကို ကျွန်မရဲ့ သီလရှင်ဘဝမှာ ကျွန်မခံစားရရှိခဲ့ပါတယ်လို့ သက်သေခံချင်ပါတယ်။
 
တတိယပိုင်းမျှော်

 



2022-09-12 03:29:09