Pathein Catholic Diocese Untitled Document
Untitled Document
အင်တာဗျူး (နောက်ဆုံးပိုင်း)။ ။အဆိုတော် နှင်းဆီကိုကို ဘဝမှ ကက်သလစ်ခရစ်ယာန်သီလရှင်အကြီးအကဲဖြစ်လာသူ မာသာရ်အန်းထရေဇားနှင့်အင်တာဗျူး


Photos credit to Mother Ann Teresa, SFX
အင်တာဗျူး (နောက်ဆုံးပိုင်း)။ ။အဆိုတော် နှင်းဆီကိုကို ဘဝမှ ကက်သလစ်ခရစ်ယာန်သီလရှင်အကြီးအကဲဖြစ်လာသူ မာသာရ်အန်းထရေဇားနှင့်အင်တာဗျူး

ဧရာအလင်း။     သီလရှင်ဖြစ်လာတဲ့အခါမှာ အပြင်လောက အဆိုတော်ဘဝကို ပြန်သတိရတမ်းတမိတဲ့အချိန်တွေရှိလာ? အဆိုတော်ဘဝနဲ့ သီလရှင်ဘဝကွာခြားမှုတွေကို သတိပြုမိတာရှိရင် ပြောပြာပေးပါအုံး။ ဘယ်ဘဝက ကိုယ့်ကိုပိုပြီးပျော်ရွှင်မှုတွေပေးလဲ?

မာသာရ်ကြီး။     ကျွန်မဒီသီလရှင်ဘဝကို ဘုရားကျေးဇူးတော်ကြောင့် ရခဲ့တာပါ။ရယူခဲ့တယ်ဆိုတာ ကဘုရားရှင်ကကျွန်မကို အခက်အခဲ အတားအစည်းတွေကို ဖြတ်ကျော်နိုင်စေခဲ့တယ်။ သီလရှင်ဖြစ်ဘို့ ဆုံးဖြတ်ချိန်ကစပြီးလွတ်လပ်ပေါ့ပါးမှု ခံစားရပြီး တနေ့နေ့မှာတော့ သီလရှင်ကျောင်းကို ဝင်နိုင်လိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ အရာရာ တိုင်းကို အကောင်းဘက်ကမြင်တွေ့တတ်လာခဲ့တယ်။ ပြသာနာတိုင်းမှာ အဖြေဆိုတာကိုရှာဖွေတတ်လာခဲ့တယ်။ ဒါကို ချစ်ခြင်းမေတ္တာ ပါလားလို့ နားလည်လာခဲ့ပါတယ်။

ကျွန်မရဲ့ သီလရှင်ဘဝမှာ ကိုယ့် ရဲ့ ပင်ကိုယ် အကျင့်စရိုက် တွေကြောင့် ကျွန်မ တော်တော်လေးကို ကြိုးစားသင်ယူခဲ့ရပါတယ်။ ကျွန်မအနေနဲ့ သီလရှင်ဘဝရဲ့ ကျင့်ဝတ်နဲ့ သစ္စာသုံးပါးဖြစ်တဲ့- နာခံခြင်း၊ ဆင်းရဲခြင်း၊ စင်ကြယ်ခြင်း ကတိသစ္စာများကို ကြိုးစားလိုက်နာ ကျင့်ကြံအားထုတ်ရာမှာ လည်း ခက်ခဲပါတယ်။ ဘုရားရှင်ရဲ့ကျေးဇူးတော်ကြောင့်သာ ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်နိုင်ခဲ့ပြီး စိတ်နှလုံးထဲမှာ ခံစားရတဲ့ ငြိမ်းချမ်း၊ ပျော်ရွှင်၊ လွတ်လပ် မှုတွေဟာ ဘာမှမနှိုင်းယှဉ် နိုင်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်မအနေနဲ့ ကြိုးစားရခြင်းဟာ ၁% မျှသာဖြစ်ပြီး ဒီသူတော်စင် ဘဝကို လျှောက်လှမ်းနိုင်ဘို့ ၉၉% ကို ဘုရားရှင်ရဲ့ ကျေးဇူးတော်လို့ မြင်တွေ့လက်ခံမိပါတယ်။

နောက်တစ်ခုက ကျွန်မကို ပြန်ပြီးတော့ လောကကြီးကို မလွှမ်းဘူးလားလို့ မေးရင်း-

လွှမ်းပါဘူးလို့ဖြေရမှာပါ။ ကျွန်မသီလရှင် မဖြစ်ခင် အပြင်လောကမှာ ပြည့်ပြည့်ဝဝ ကျွန်မကျင်လည်ခဲ့ရပါတယ်။ မိဘ မိသားစုရဲ့ ချစ်ခြင်းမေတ္တာတွေကို ကျွန်မအပြည့်အဝရရှိခဲ့ပါတယ်။ ကျွန်မတို့က မောင်နှမ (၁၀) ယောက် ပါ။ အစ်ကို (၅) ယောက်၊ အစ်မ (၄) ယောက်နဲ့ ကျွန်မကအငယ်ဆုံးပါ။ ကျွန်မ မိသားစုအပေါ်၊ ကျွန်မ အသိုင်းအဝန်းအပေါ် ကို ကျွန်မ တာဝန်မကျေခဲ့တာတွေ၊ ချစ်ခြင်းမေတ္တာ ပျက်ကွက်ခဲ့တာတွေအတွက်သာ ကျွန်မ နောင်တ ရမိပါတယ်။ ဒါကြောင့် ခုလက်ရှိဘဝမှာ တွေကြုံလာရတဲ့ အခြေအနေ အဖြစ် အပျက်တိုင်းမှာ အမြဲသတိရှိဘို့ ကြိုးစားနေပါတယ်။

ကျွန်မဒီသီလရှင်ဘဝကို ရွေးချယ်ဘို့ ဆုံးဖြတ်ခဲ့ စဉ်က ကျွန်မရဲ့ ခံယူချက်ကတော့- ဒီ ကြီးမားလှတဲ့ မိသားစုရဲ့ချစ်ခြင်း၊ မြင့်မြတ်တဲ့ အိမ်ထောင်သည်ဘဝရဲ့ ချစ်ခြင်းထက်ပိုပြီး ကြီးမားတဲ့ ဘုရားရဲ့ ချစ်ခြင်းဆိုတာကို ကျွန်မ သိရှိခံစားချင်မိခဲ့တယ်။ ဂဃနဏ မသိရပေမယ်လို့ ကျွန်မဆုတောင်းရှာဖွေခဲ့တယ်။ ဘုရားကို သိချင်ခဲ့တယ်။ ကိုယ်တော့်ကို သိချင်၊ ချစ်ချင်ပါတယ်လို့ ကျွန်မ ရိုးရိုးလေးဆုတောင်းခဲ့ဘူးပါတယ်။ ဟောဒီ့ အသက်ရှင်နေတဲ့ လူ့လောကကြီးထဲမှာ တည်မြဲအေးချမ်းတဲ့ဘဝ ဆိုတာ ကို ရှင်ပြန်ထမြောက်တဲ့ ယေဇူးသခင် ဘုရားတစ်ပါးတည်းသာ ပေးနိုင်စွမ်းရှိမှာပဲလို့ မျှော်လင့်မိလို့ ဒီ သူတော်စင်ဘဝ (ဘုရား) နောက်ကျွန်မ ကြိုးစားလိုက်ခဲ့ရခြင်းပါ။

ကျွန်မရဲ့သီလရှင်ဘဝမှာ ကျွန်မရဲ့အားနည်းချက်တွေ၊ မပြည့်စုံမှုတွေ ရှိပေမယ်လို့ ဘုရားရဲ့ နားလည်ခွင့်လွှတ်မှု၊ စာနာမှုတွေကို နီးစပ်သူအချင်းချင်း ကနေတဆင့် ကျွန်မခံစားရတယ်။

ဒါကြောင့် ကျွန်မရဲ့ ဒီသီလရှင်ဘဝဟာဘုရားရှင်ရဲ့ “အမြတ်ဆုံး ဆု” လက်ဆောင်လို့ ခံယူမိပါတယ်။

ဧရာအလင်း။     သီလရှင်ဖြစ်လာတော့လည်း အသင်းဂိုဏ်းရဲ့အကြီးအကဲ ဥက္ကဌအဖြစ် အသင်းဂိုဏ်းကို ဦးဆောင်ဖို့ရွေးချယ်ခံလာရတဲ့အခါမှာ ဘယ်လိုခံစားရလဲ? အသက်အရွယ်ဘယ်လောက်မှာ အရွေးခံခဲ့ရတာလဲ?

မာသာရ်ကြီး။     ပထမဦးဆုံးကျွန်ခံစားမိတာကတော့ ဘုရားရှင် အလိုတော်လို့ ကျွန်မတို့ အားလုံး ခံစားကြရပါတယ် ။ ဒုတိယ အနေနဲ့ အသင်းဂိုဏ်းကို ဘုရားရှင် ပဲ ဦးဆောင်နေတယ်ဆိုတာကို ကျွန်မတို့ ယုံကြည်ပြီး အားပါးတရ ပေးဆက် အသုံးပြုခံဘို့ပဲလိုမယ်လို့ ကျွန်မ နားလည်ထားပါတယ်။

ကျွန်မ သီလရှင်ဝါ ၂၇ ဝါနဲ့ အသက်က ၅၇ နှစ်မှာ စိန့်ဖရန်စစ်ဇေးဗီးယဲ သီလရှင် အသင်းဂိုဏ်း ဥက္ကဌဖြစ်အရွေးချယ်ခံရပါတယ်။

ဧရာအလင်း။     အသင်းဂိုဏ်းရဲ့ သမိုင်းတစ်လျှောက် ဂိုဏ်းရဲ့အကြီးအကဲ ဥက္ကဌဖြစ်သူတွေဟာ များသောအားဖြင့် ပုသိမ်ဂိုဏ်းအုပ်သာသနာအတွင်းက ကရင်တိုင်းရင်းသူသီလရှင်တွေပဲ ရွေးချယ်တင်မြောက်ခံရတာများတယ်ပေါ့။ အခုလို ရန်ကုန်ဂိုဏ်းချုပ်သာသနာက မြန်မာလူမျိုး (မသေချာ၊ ခန့်မှန်းပြီးပြောခြင်း) သီလရှင်တစ်ပါးအနေနဲ့ အသင်းဂိုဏ်းရဲ့အကြီးအကဲအဖြစ်ရွေးချယ်ခံရပြီး ဂိုဏ်းကို ဦးဆောင်ရတဲ့အခါမှာ စိုးရိမ်ကြောက်ရွံ့မှုတွေ ပူပန်မှုတွေရှိလာ? ဦးဆောင်ရတဲ့အခါမှာရော အခက်အခဲတွေရှိပါသလား?

မာသာရ်ကြီး။     ကျွန်မတို့ရဲ့ စိန့်ဖရန်စစ်ဇေးဗီးယဲ ကက်သလစ် သီလရှင် အသင်းဂိုဏ်းဟာ မြန်မာပြည် မြစ်ဝကျွန်းပေါ် ဒေသမှာ စတင် ဖြစ်တည်၊ မွေးဖွား၊ ကြီးထွားဖွံဖြိုးပြီး၊ ရိုးဆင်းတဲ့ လူသားတွေကို အလုပ်အကြွေးပြု ယင်း လူမှုဘဝ မြှင့်တင်ပေးဘို့ ရည်ရွယ်ချက်နဲ့ (MEP: Paris Foreign Missions Society) မှ အသင်းတည်ထောင်သူ ပြင်သစ် သာသနာပြု ဆရာတော်ကြီး အလက်ဇန်းဒါးကာဒိုး (၁၈၅၈-၁၉၂၅) က ဒီမြစ်ဝကျွန်းပေါ်မှ ကရင်လူမျိုးအမျိုးသမီးကလေး (၄) ဦးနဲ့ ပြင်သစ်သာသနာပြု သီလရှင်အသင်းဂိုဏ်း စိန့်ဂျိုးဇက် သီလရှင်များထံ (St. Joseph of Apparition Sisters ) အပ်နှံခဲ့ပြီး(၁၈၉၇) ခုနှစ် မှ စတင်ခဲ့တာပါ။ ဒါကြောင့် ကရင် အမျိုးသမီးသီလရှင်အများဆုံး ပါဝင်နေတဲ့ သီလရှင်အသင်းဂိုဏ်း တစ်ခု ဖြစ်ပါတယ်။ ဒီနှစ် (၂၀၂၂) ဟာ အသင်းဂိုဏ်းတည်ထောင်ခြင်းရဲ့ (၁၂၅) နှစ်မြောက် ကျေးဇူးတော် မင်္ဂလာ ဂျုဗလီနှစ်လည်းဖြစ်ပါတယ်။ ၂၀၂၂ မှာ ကတိသစ္စာပြုပြီး သီလရှင်ပေါင်း (၄၅၂) ပါးနဲ့ သီလရှင်ဖြစ်ဘို့ ပညာသင်ကြားနေသူ (ဝင်လိုသူ မိန်းကလေးများမှ သီလရှင်လောင်းများ အဆင့်ထိ) (၄၀) ဦး ခန့် ရှိနေပြီဖြစ်ပါတယ်။ အသင်းဂိုဏ်းရဲ့ ရှေလျှားတဲ့ လူသားအကျိုးပြု သာသနာ့ သမိုင်းခရီးစဉ်ရဲ့ မှာ တစ်ဒေါင့်တစ်နေရာကနေ ပါဝင်ခွင့်ရလို့ ဘုရားရှင်နဲ့ ပါဝင်ပတ်သက်ခဲ့တဲ့ သူများ အားလုံးကို ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။

ခုချိန်မှာတော့ ကျွန်မ တို့ သီလရှင် အသင်းဂိုဏ်းဟာ လူမျိုးစုံတဲ့ အသင်းဂိုဏ်းတစ်ခုဖြစ်နေပါပြီ။ အဲ့ဒီအရာဟာ လူသားအားလုံးကို အကျိုးပြုဘို့ ဘုရားပေးတဲ့ အဖိုးတန် ရတနာပဲဖြစ်ပါတယ်။ အသုံးဝင်အောင် အသုံပြုတတ်ဘို့ပဲလိုပါတယ်။

ကျွန်မကို စိန့်ဖရန်စစ်သီလရှင်ဖြစ်ဖို့အတွက် ဆွဲဆောင်တဲ့ အရာကတော့ သူတို့ရဲ့ရိုးသားမှု၊ မိသားစုစိတ်ဓာတ်ရှိမှုပေါ့နော်။ သူတို့ကို ကျွန်မကြည့်တဲ့အခါ အေးချမ်းတယ်။ လူမျိုးတိုင်းကိုလည်းချစ်တယ်။ ကျွန်မက ဗမာလူမျိုး နဲ့ အာမေးနီးယန်းလူမျိုးတို့ ပေါင်းစပ်ထားသူပါ။ လူမျိုးဟာ ကျွန်မတို့အတွက်ကို တံတိုင်းမဟုတ်ပါဘူး။ တားစီးထားတဲ့ အရာမဟုတ်ပါဘူး။ ဒါတွေထက် သီလရှင် တွေဟာ သာသနာပြုစိတ်ဓာတ်ရှိတဲ့၊ တမာန်တော်စိတ်ဓာတ်ရှိတဲ့ ဘုရားနောက်လိုက်တွေပါလို့ ကျွန်မက ခံယူပါတယ်။

ဧရာအလင်း။     ယနေ့ခေတ်ရဲ့ ကက်သလစ်လူငယ်မောင်မယ်လေးတွေကို အားပေးစကားနဲ့အကြံအဉာဏ်လေးတွေပေး ပေးပါအုံး။ ကိုယ့်ရဲ့ဘဝဖြတ်သန်းမှုအတွေ့အကြုံတွေထဲကနေပေါ့။

မာသာရ်ကြီး။     လူငယ်တွေကို အကြံဥာဏ်ပေးပါဆိုတော့ -

လူငယ်ဘဝဆိုတာ ဘုရားကပေးတဲ့ ဘဝဖြစ်ပါတယ်။ လူငယ်မောင်မယ်တွေကို ကျွန်မအားပေးချင်တာ ယုံကြည်ပါ။ ဘဝကို ယုံကြည်ပါ။ ကိုယ့်ရောက်နေတဲ့ဘဝနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို စိတ်ဝင်စားပါ။ ပွင့်ပွင့်လင်းလင်းဆက်ဆံပါ။ ရိုးသားပါ။

အမှန်တရားကိုမြတ်နိုးတဲ့လူငယ်တွေ ဖြစ်ပါစေပေါ့နော်။ အခုလိုမျိုးအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ အားမွေးထားပါ။ သည်းခံပါ။ အနာဂါတ်ဟာ လူငယ်တွေရဲ့ လက်ထဲမှာရှိတယ်ဆိုတဲ့အတွက်ကြောင့်အမှန်တရားကိုမြတ်နိုးပြီးတော့ ရိုးရိုးသားသားနဲ့ ကြိုးစားကြပါ။ အမှန်တရားကို မြတ်နိုးတတ်တဲ့သူ မှန်ကန်စစ်မှန်တဲ့လူတွေသာလျှင် ရေရှည်ခရီးမှာ ခံတယ်ဆိုတဲ့အတွက်ကြောင့် ရိုးသားပြီးတော့ ကြိုးစားတဲ့သူတွေဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်ပေါ့နော်။

ကက်သလစ် လူငယ်တွေအတွက် အားပေးစကားကတော့ အခုချိန်မှာဝိညာဉ်ရေး သတင်းစကားနဲ့ပဲ ခွန်အားပေးချင်ပါတယ်။ အဲဒါကတော့ ဘုရားရှင်က သူ့ရဲ့သားတစ်ပါးတည်းသော သားကိုမှ ကားတိုင်ပေါ်မှာ ရက်ရက်စက်စက်အနာခံပြီးတော့ ရှက်ကွဲခံပြီးတော့ သေချင်းမျိုးကို ဘုရားသခင်ခွင့်ပြုခဲ့တယ်။ ဘာဖြစ်လို့လဲဆိုရင် သူမှာ စီမံကိန်းရှိလို့လေ။ လူသားတွေအားလုံးကို ကယ်တင်ဖို့ အတွက်လေ။ အဲဒါကို ကျွန်မသိတယ်ဆိုရင် ဘုရားရှင်ရဲ့ အလိုတော်ဟာ ဘာလဲဆိုတာကို ကျွန်မတို့ခန့်မှန်းလို့ရပါတယ်။ ဆိုတော့ ကျွန်မတို့မှာ မျှော်လင့်ချက်ရှိတယ်။ လွတ်မြောက်လိမ့်မယ်။ အောင်မြင်လိမ့်မယ်။ ဘုရားရှင် ရှင်ပြန်တော်မူတယ်။ ဒါ့ကြောင့်မို့လို့ သေခြင်းနဲ့ အဆုံးမသတ်ပါဘူး။ ဒုက္ခပင်လယ်ဝေပြီး ဒုက္ခဆင်းရဲတွေနဲ့ အဆုံးမသတ်ပါဘူး။ ကျွန်မတို့ အားလုံး ရှင်ပြန်နိုင်ပါတယ်။ အားလုံး အတူတကွရွှင်လန်းအားရပြီးတော့ ပျော်ရွှင်ရမဲ့အချိန်ဆိုတာ ရှိပါတယ် ကျွန်တို့ လူငယ်တွေ အတွက် အဲဒါလေးကို အားပေးချင်ပါတယ်။



2022-09-23 04:59:19