Pathein Catholic Diocese Untitled Document
Untitled Document
ရဟန်းဝါ ၁၀ နှစ်နဲ့အထက်ရှိ ပုသိမ်ကက်သလစ်ရဟန်းတော်များအတွက် စဉ်ဆက်မပြတ်ပုံသွင်းခြင်းသင်တန်းပြုလုပ်


သင်တန်းကာလအတွင်း မှတ်တမ်းဓာတ်ပုံများ
ရဟန်းဝါ ၁၀ နှစ်နဲ့အထက်ရှိ ပုသိမ်ကက်သလစ်ရဟန်းတော်များအတွက် စဉ်ဆက်မပြတ်ပုံသွင်းခြင်းသင်တန်းပြုလုပ်

ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာရှိ ရဟန်းဝါ ၁၀ နှစ်နဲ့အထက် ကက်သလစ်ရဟန်းတော်များအတွက် စဉ်ဆက်မပြတ်ပုံသွင်းခြင်းသင်တန်းကို ပုသိမ်မြို့ရှိ စိန့်ပီတယ် ကယ်သီဒြယ်ကျောင်းဝန်းအတွင်းရှိ သာသနာ့ခန်းမဆောင်တွင် အောက်တိုဘာ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ၃ ရက်တာ ပြုလုပ်ခဲ့ကြပါတယ်။

သင်တန်းပထမနေ့နံနက် ၆ နာရီတွင် အတူတကွ နံနက်ဆုတောင်းမေတ္တာများရွတ်ဆိုခြင်းနှင့် ဝတ်ပြုဆုတောင်းခြင်းမစ္ဆားတရားတော်မြတ်ဖြင့်သင်တန်းကို အစပြုခဲရာ စီစဉ်ဦးဆောင်သူ သာသနာ့တာဝန်ခံ ဖာသာရ် ဟင်နရီအိုင်ခလိန်မှ ဦးဆောင်ပူဇော်ဆုတောင်းခဲ့ပါတယ်။

သင်တန်းပထမနေ့ကို အဖွင့်ဆုတောင်းမေတ္တာဖြင့် ဖာသာရ် အိုင်ခလိန်မှအစပြုဖွင့်လှစ်ခဲ့ပြီး ယင်းဖာသာရ်ကပဲ အမှာစကားမွက်ကြားရာတွင် “အနာဂတ်ကို ကျွန်ုပ်တို့မစောင့်ဘူး။ ပစ္စုပ္ပန်ကို ကျွန်ုပ်တို့အကောင်းအထည်ဖော်နေတယ်။ပြောင်းလဲမှုကို ကျွန်ုပ်တို့မစောင့်ဘူး။ ပြောင်းလဲမှုကို ကျွန်ုပ်တို့ လုပ်နေတယ်။ အရွေ့တစ်ခုကို ကျွန်ုပ်တို့သွားမယ်” လို့ ပါဝင်တက်ရောက်ခဲ့ကြတဲ့ ဘုန်းတော်ကြီးများကို သင်းတန်းလုပ်ဆောင်ရတဲ့အကြောာင်းရင်းကို ပြောပြခဲ့ပါတယ်။

“Continuous learning အစဉ်မပြတ်သင်ယူလေ့လာခြင်း, lifelong learning ဘဝတစ်လျှောက်သင်ယူလေ့လာခြင်း,  we never finish learning သင်ယူလေ့လာခြင်းကို ဘယ်တော့မှ ကျွန်ုပ်တို့ ပြီးဆုံးမသွားဘူး။ အဲဒီတစ်ချက်ကို ကျွန်ုပ်တို့အမြဲတမ်းတွေးနေရမယ်” လို့ ဆက်လက်မှာကြားခဲ့ပါတယ်။.

အချိန်ပေးပြီးတက်ရောက်လာခြင်းအတွက် ကျေးဇူးတင်ကြောင်း နဲ့ အချင်းချင်းပြန်တွေ့ခြင်းဟာလည်း It is already a contribution. ဝေမျှခြင်းတစ်ခုဖြစ်ပြီးသားဖြစ်ကြောင်း ဆက်လက်အားပေးတိုက်တွန်းပြောကြားခဲ့ပါတယ်။

သင်တန်းပို့ချသူများကတော့ ဖာသာရ် ဖလော့ရင့်အောာင်ကျော်ဦး (သင်းတော်သွန်သင်ချက်ဘာသာရပ်)၊ ဖာသာရ် အိုင်စီဒို (အသင်းတော်အတွင်း ဘာသာတူများပါဝင်ခြင်းအခန်းကဏ္ဏ)၊ ဖာသာရ်ဂျော့စောအယ်ဒို ( ဝတ်ပြုကိုးကွယ်ခြင်းဘာသာရပ်)၊ ဖာသာရ်ဂျွန်လွှမ်းမိုးနိုင် (အသင်းတော်ရဲ့ဖခင်ကြီးမျာ) တို့ပဲဖြစ်ကြပါတယ်။

သင်တန်းချိန်အတွင်း အပြန်အလှန်မေးခွန်းများမေးခြင်း၊ ဆွေးနွေးခြင်းများဖြင့်သင်တန်းချိန်ကို နေ့စဉ်ပြီးဆုံးစေခဲ့ပါတယ်။ ပို့ချသူဘုန်းတော်ကြီးများကလည်း မေးလာသမျှမွေးခွန်းများကို ရှင်လင်းစွာဖြင့်ပြန်လည်ဖြေကြားပေးခဲ့ကြပါတယ်။

သင်တန်းတွင်ပါဝင်တက်ရောက်ခဲ့သူ တစ်ပါးအပါအဝင်ဖြစ်တဲ့ လက်သမားကျောင်းထိုင်သာသနာလက်ထောက် ဖာသာရ် အဲလ်ဘတ်အောင်နိုင်ကလည်း “ဒီသင်တန်းကိုတက်ရခြင်းအားဖြင့် မိမိတို့တစ်ချိန်ကလေ့လာသင်ယူထားခဲ့တဲ့ Fathers of the Church ဆိုတဲ့ အသင်းတော်ရဲ့ ဝိညဉ်ရေးဖခင်ကြီးတွေရဲ့ အခန်းကဏ္ဏအရေးကြီးတာတွေကို ပြန်ပြီးတော့ သတိရစေပြီးတော့ ကိုယ်ပေါ့နေတဲ့အရာလေးတွေပိုပြီးနိုးကြားလာတယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး ယင်းဖာသာရ်ကပဲ “အသင်းတော်ဖခင်ကြီးများအကြောင်းကိုလေ့လာခြင်းအားဖြင့် အဆက်မပြတ်ထိတွေ့ခြင်းအားဖြင့် ယုံကြည်ခြင်းအတွက် အုတ်မြစ်ဆိုတာကို သိလာတယ်။ သူတို့တွေဟာ ကျမ်းစာတွေမရှိခင်ကတည်းက ယုံကြည်ခြင်းနဲ့ စခဲ့တယ်ဆိုတာကို ပိုသိလာတယ်” လို့ဆိုပါတယ်။

“ဒါအပြင် အသင်းတော်ရဲ့ သွန်သင်ခြင်းအပိုင်းနဲ့ ပတ်သက်လို့ ပိုပြီးတော့ နက်ရှိုင်းစွာလေ့လာရမယ်ဆိုတာကို ခံယူထားကြောင်း၊ ဝတ်ပြုကိုးကွယ်ခြင်းမှာလည်း ပိုပြီးတော့ အနစ်သာရရှိတဲ့ အခန်းကဏ္ဏလေးတွေကို နားလည်သဘောပေါက်လာကြောင်း၊ ဝတ်ပြုကိုးကွယ်ခြင်းဟာ ဘုရားသခင်နဲ့ထိတွေ့ခြင်းမှာ တကယ် အရေးကြီးဆုံး ကဏ္ဏတစ်ခုလည်းဖြစ်ကြောင်း၊ သာသနာလုပ်ငန်းမှာ ဘာသာဝင်တွေရဲ့ အခန်းကဏ္ဏဟာ သေးငယ်တယ်လို့ သိထားခဲ့ပေမဲ့ အခုမှကျယ်ကျယ်ပြန့်ပြန့်သဘောပေါက်လာကြောင်း၊ ဒါ့အပြင်ဒီအရာတွေဟာလည်းပဲ ကျောင်းထိုင်တွေက သုံးမယ်ဆိုရင် ကိုယ့်ရဲ့ သာသနာတွေမှာ ထိထိရောက်ရောက် တွင်တွင်ကျယ်ကျယ် ဖြစ်မယ်ဆိုတာကိုလည်း နားလည်လာကြောင်း” ဖာသာရ်အောင်နိုင်ကပဲ မှတ်ချက်ပြုပြောပြပါတယ်။

သက်ကြီးဝါကြီး ညီကို ဘုန်းတော်ကြီးများကိုလည်း ဒီသင်တန်းကိုတက်ရောက်စေခြင်ကြောင်း၊ ဒီသင်တန်းကိုတက်ရောက်ခြင်းအားဖြင့် အသစ်သောအသိတွေရရှိလာကြောင်း ဝေမျှခဲ့ပါတယ်။

သင်တန်းနောက်ဆုံးနေ့တွင် သင်ကြားပို့ချဝေမျှပေးခဲ့ကြတဲ့ ဘုန်းတော်ကြီးများကို လက်ဆောင်ပေးခြင်း၊ ကျေးဇူးတင်နုတ်ဆက်ခြင်းများဖြင့် သင်တန်းကို အဆုံးသတ်ခဲ့ကြပါတယ်။

သင်တန်းပို့ချပေးတဲ့ ဘုန်းတော်ကြီးအများအပါအဝင် ဘုန်းတော်ကြီး ၂၈ ပါး တက်ရောက်ခဲ့ကြပါတယ်။

 

သတင်းနှင့်ဓာတ်ပုံ-ရေမွန်မန်းကျော်

 



2022-10-09 05:05:28