Pathein Catholic Diocese Untitled Document
Untitled Document
ဝါတော် ၂၅ နှစ်အထက် စိန့်ဖရန်စစ်ဇေဗီးယားသီလရှင်များအတွက် မွမ်းမံသင်တန်းနှင့် နှစ်ပတ်လည်ဝတ်စောင့်ခြင်းပြုလုပ်


သတင်းနှင့်ဓာတ်ပုံ-စစ္စတာရ် ရို့စ်ဖိလစ်နန်းနွယ်ပြုံး
ဝါတော် ၂၅ နှစ်အထက် စိန့်ဖရန်စစ်ဇေဗီးယားသီလရှင်များအတွက် မွမ်းမံသင်တန်းနှင့် နှစ်ပတ်လည်ဝတ်စောင့်ခြင်းပြုလုပ်

စိန့်ဖရန်စစ်ဇေးဗီးယားကက်သလစ်ခရစ်ယာန်သီလရှင်အသင်းဂိုဏ်းရှိ ဝါတော် ၂၅ နှစ်အထက် သီလရှင်အများအတွက် မွမ်းမံသင်တန်းကို အောက်တိုဘာ ၃ ရက်မှ ၅ ရက်အထိနှင့် နှစ်ပတ်လည် ဝတ်စောင့်ခြင်းကို ၆ ရက်မှ ၁၂ ရက်နေ့တို့တွင် ရန်ကုန်ကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ်သာသနာအပိုင် မော်ဘီကက်သလစ်ခရစ်ယာန်ကျောင်းထိုင်သာသနာရှိ စိန့်ဖရန်စစ်ဇေးဗီးယားသီလရှင်များကျောင်း  တွင် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မွမ်းမံသင်တန်းအတွင်းမှာ ဖာသာရ်ဂျော့စောအယ်ဒိုမှ ဝတ်ပြုခြင်း (Liturgy) နှင့်ပတ်သက်တဲ့ သိမှတ်စရာများကို ပို့ချခဲ့ပြီး စစ္စတာရ် ပက်ထရစ်ရှာမေဦးခိုင် (SFX) မှ နောက်လိုက်ဖြစ်ခြင်းခေါင်းစဉ်ဖြင့် လည်းကောင်း (Fellowship)၊ စစ္စတာရ် ထ‌ရေဇား ဥမ္မာကျော် (SFX) မှ အခြေခံ စာရင်းပြုစုခြင်း (Basic Accounting)ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မာသာရ် အန်းထရေဇား (SFX) မှ အသင်းဂိုဏ်း၏အနာဂါတ်မျှော်မှန်းချက်နှင့် ကော်မရှင်များ၏ ဆောင်ရွက်ချက်များအကြောင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ သမားတော်ဆရာဝန်ကြီး ဒေါက်တာစည်သူလင်းမှ အထွေထွေကျန်းမာရေးအသိပညာပေးခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စစ္စတာရ် ရို့စ်ဖိလစ်နန်းနွယ်ပြုံးမှ စိန့်ဖရန်စစ်ဇေးဗီးယားသီလရှင်များအဖြစ်ဆက်ကပ်ခြင်းဘဝအသက်တာ၌ရှင်သန်ခြင်း (Living in Consecrated Life as St. Francis Xavier’s Sisters) ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပို့ချပေးခဲ့ကြပါတယ်။

မွမ်းမံသင်တန်းပြုလုပ်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ “အနာဂါတ်သီလရှင်ဘဝအသက်တာကို ဘက်စုံဖွံ့ဖြိုးစွာဖြင့် ပိုမိုဆက်ကပ်နိုင်စေဖို့ မွမ်းမံပြင်ဆင်ပေးခြင်း” ဖြစ်တယ်လို့ စစ္စတာရ် နန်းနွယ်ပြုံမှ ဧရာအလင်းကို ပြောပြပါတယ်။

နှစ်ပတ်လည်ဝတ်စောင့်ခြင်းကိုတော့ မော်ဘီမြို့ရှိ စိန့်ဖရန်စစ်ဇေးဗီးယားသီလရှင်အသင်းဂိုဏ်း၏ ဓမ္မရိပ်သာ (SFX Retreat Center) တွင်ပြုလုပ်ခဲ့ပြီး ဆလေးရှင်းအသင်းဂိုဏ်းဘုန်းတော်ကြီး ချားစ်စောသီဟန်မှ ဝတ်စောင့်ခြင်းကို ဦးဆောင်ပို့ချပေးခဲ့ပြီး သီလရှင် ၅၆ ပါး ပါဝင်ခဲ့ကြောင်းသိရပါတယ်။

စစ္စတာရ် လူစီယားဇာခြည်ဦး မွန်မြတ်သောအသွေးတော်အသင်းဂိုဏ်း (The Congregation of the Most Precious Blood) တစ်ပါးလည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။

ယင်းစစ္စတာရ်ဇာခြင်ဦးကပဲ စိန့်ဖရန်စစ်ဇေးဗီးယားသီသရှင်တွေနဲ့အတူ ဝတ်စောင့်ခြင်းမှာ ပါဝင်ရတဲ့အတွက် တစ်လုံးတစ်ဝတည်းဖြစ်ခြင်း (Oneness)၊ နွေးနွေးထွေးထွေးနဲ့ အရမ်းကိုပျော်စရာကောင်းပြီး ဒီ Religious LifeCommunity LifeTogetherness အဲဒါကို ပြည့်ပြည့်ဝဝခံစားရပြီးတော့ သူ့အတွက်အဆင်ပြေပြေငြိမ်းငြိမ်းချမ်းချမ်းနဲ့ သီလရှင်ဘဝရဲ့ အနှစ်သာရကို ကောင်းကောင်းလေးရရှိပြီး ဝတ်စောင့်ခြင်းဟာ သူ့အတွက်အရမ်းအကျိုးရှိကြောင်းနဲ့ နောက်နှစ်တွေမှာလည်း ဒီလိုမျိုးလာပြီးတော့ ဝတ်စောင့်ဖို့အတွက် တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။

စစ္စတာရ်နန်းနွယ်ပြုံးကပဲ “ဝတ်စောင့်ခြင်းအောင်မြင်စွာပြုလုပ်နိုင်ခဲ့ခြင်းအတွက် ဘုရားရှင်အားအထူး ကျေးဇူးတင်ရင်းအလှူငွေအားဖြင့်လည်းကောင်း၊လုပ်အားဖြင့်လည်းကောင်း၊ဆုတောင်းမေတ္တာအားဖြင့်လည်းကောင်း ပံ့ပိုးကူညီပေးခဲ့ကြတဲ့ ကျေးဇူးရှင်များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်” လို့ ဆိုပါတယ်။

သတင်းနှင့်ဓာတ်ပုံ-စစ္စတာရ်ရို့စ်ဖိလစ်နန်းနွယ်ပြုံး

 

 

 



2022-10-15 01:31:17