Pathein Catholic Diocese Untitled Document
Untitled Document
ပုသိမ်ကက်သလစ်ခရစ်ယာန် ရဟန်းတော်များ နှစ်ပတ်လည်ဝတ်စောင့်ခြင်းကိုအောင်မြင်စွာကျင်းပပြုလုပ်


Priests of Pathein Diocese are having an annual retreat at the diocesan hall inside the Cathedral compound (Photos by OSC Pathein)
ပုသိမ်ကက်သလစ်ခရစ်ယာန် ရဟန်းတော်များ နှစ်ပတ်လည်ဝတ်စောင့်ခြင်းကိုအောင်မြင်စွာကျင်းပပြုလုပ်

ပုသိမ်ကက်သလစ်ခရစ်ယာန်ဂိုဏ်းအုပ်သာသနာရှိ ရဟန်းတော်များရဲ့ နှစ်ပတ်လည် ဝတ်စောင့်ခြင်းကို အောက်တိုဘာလ ၁၁ ရက်မှ ၁၄ ရက်နေ့အထိ စိန့်ပီတာကယ်သီဒြယ်ကျောင်းဝန်းရှိသာသနာ့ ခန်းမဆောင်တွင် အောင်မြင်စွာကျင်းပ ပြုလုပ်ခဲ့ကြပါတယ်။

ဝတ်စောင့်ခြင်းတွင် တရားပေးသူရဟန်းတော်မှာ ဟင်္သာတကက်သလစ်ခရစ်ယာန်ကျောင်းထိုင် ဖာသာရ် မာတီယားစောစံဝင်းဖြစ်ပြီး “ဘာသာတရားနှင့် စိတ်ပိုင်းဆိုင်ရာအကြောင်း နှင့် ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းအကြောင်း” ခေါင်းစဉ်ဖြင့် တရားပေးခဲ့ပါတယ်။

ပုသိမ်ကယ်သီဒြယ်ကျောင်ထိုင်ဖာသာရ် ဖိလစ်စိုးဝင်းကလည်း ဒီနှစ် နှစ်ပတ်လည်ဝတ်စောင့်ခြင်းနှင့်ပတ်သက် လို့ အခုလိုမှတ်ချက်ပြုပြောပြပါတယ်။

ဒီနှစ်တော့ ခါတိုင်းနှစ်တွေထက် ပိုအားသာမယ်လို့ထင်တယ်။ ကိုယ့်ရဲ့ဝိညာဉ်ရေးအတွက်ကောင်းကောင်း လုပ်လို့ရတယ်။ နောက် တရားပေးဘုန်းတော်ကြီးကလည်း သူ့စကားလေးက ရိုးရိုးလေးနဲ့တန်ဖိုးရှိတယ်။ ပြီးတော့ သူ့ရဲ့စွဲထားတဲ့ အစီအစဉ်တွေကလည်း တော်တော်လေးကောင်းတယ်။ လွတ်လွတ်လပ်လပ်ရှိတယ်။ ပိုပြီးတော့ ကျေနပ်အားရမိတယ်။

ဝတ်စောင့်ခြင်းအောင်မြင်စွာပြီးဆုံးခဲ့တဲ့အတွက် သာသနာ့တာဝန်ခံဖာသာရ် ဟင်နရီအိုင်ခလိန်က “ဒီ ၂၀၂၂ Clergy Annual Retreat (ဘုန်းတော်တော်ကြီးများနှစ်ပါတ်လည်ဝတ်စောင့်ခြင်း) ကတော့ အောင်မြင်စွာပြီးဆုံးခဲ့ပြီ။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက် ညနေကနေ စတယ်။ ၁၁၊ ၁၂၊၁၃၊ ၁၄ ဆိုတော့ လေးရက်တာ Full Day ရက်ပြည့် ကောင်းမွန်စွာပြုလုပ်နိုင်ခြင်းအတွက် ဘုရားရှင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းပါတယ်၊ အားလုံးကိုလည်းကျေးဇူးတင်တယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး ယင်းတာဝန်ခံဘုန်းတော်ကြီးကပဲ “ဝတ်စောင့်ခြင်းမလုပ်ခင်မှာ စိုးရိမ်မှုတွေရှိခဲ့တယ်။ အဓိကစိုးရိမ်မှုတွေကတေ့ ကျွန်တော်တို့  အားလုံးက တစ်ရာနီးပါးစုလာတဲ့အခါမှာ ကြားဝင်စွက်ဖက်မှုတွေ ရှိနိုင်မလား။ ဥပမာ-ဧည့်စာရင်းတို့ပါတို့ပေါ့။မဟုတ်လို့ရှိရင်လာတဲ့လမ်းမှာပဲဖြစ်ဖြစ်ပေါ့၊ ပုသိမ်မြို့ထဲမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်သွားမယ်ဆိုရင် ကြားဝင်စွက်ဖက်မှုတွေ သို့မဟုတ် နှောက်ယှက်ဟန့်တားမှုတွေ ဖြစ်ပေါ်လာနိုင်တယ်ပေါ့။ သို့သော်လည်းပဲ အရာအားလုံးကအဆင်ပြေချောမောစွာနဲ့ပြီးဆုံးသွားခဲ့တယ်။

စိုးရိမ်မှုတွေကြားထဲကနေ ပါဝင်တက်ရောက်လာခဲ့ကြတဲ့ ဘုန်းတော်ကြီးတစ်ပါးချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်။ အားလုံးပါဝင်လာမှုအပေါ်မှာ အားရကျေနပ်မှုရှိပါတယ်။ သာသနာအသီးသီးကနေပြီး အလှူငွေများ၊အစားအစာများ ယူဆောင်လာပေးကြတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်” လို့ မှတ်ချက်ပြုပြောပြပါတယ်။

 ဒီ ၂၀၂၂ မှာ မိုးလေဝသ ရာသီဥတုကောင်းမယ်ဆိုရင်တော့ ဒီဝတ်စောင့်ပွဲကို ပြုလုပ်ကြမယ်ဆိုပြီး ပြီးခဲ့တဲ့ ဇွန်လ Quarterly Retreat လေးလပတ်ဝတ်စောင့်ခြင်းမှာ ဆွေးနွေးခဲ့ကြကြောင်း၊ ဒီအတွက် ပြင်ဆင်ခဲ့ကြကြောင်း၊ ဒါကတော့ ကာယပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ဝိညာဉ်ရေးပိုင်းဆိုင်ရာပေါ့။ နောက်တော့ အဲဒီအတွက်လည်းပဲ Diocese သာသနာတစ်ခုလုံးမှာ ဆုတောင်းခြင်းနဲ့ ပံ့ပိုးပေးဖို့၊ နောက်တော့ အလှူဒါနတွေနဲ့ ပံ့ပိုးနိုင်တဲ့သူတွေလည်း ပံ့ပိုးကြဖို့ နှိုးဆော်ပြီးတဲ့နောက် သတ်မှတ်တဲ့ရက်ကို ရောက်ရှိလာခဲ့ကြောင်း၊ ဘုန်းတော်ကြီးအားလုံးပေါင်း ၈၉ ပါးတက်ရောက်ကြောင်း၊ အားလုံး ၁၀၉ ပါးရှိကြောင်း၊ ၂၀၂၂ စာရင်းအရဖြစ်ကြောင်း၊ အရေအတွက် ကြည့်လိုက်တဲ့အခါမှာ အပါး ၂၀ ကတော့ မတက်နိုင်ခဲ့ကြောင်း၊ တစ်ချို့လည်းပဲ နိုင်ငံခြားမှာရောက်နေကြောင်း၊ တစ်ချို့လည်းပဲ ပြည်တွင်းမှာရှိပေမဲ့လို့ သူတို့ရဲ့ကျန်းမာရေး အခြေအနေကြောင့် မတက်ရောက်နိုင်ကြကြောင်း၊ တစ်ချို့လည်း တခြား Diocese သာသနာမှာ၊ Institute ကျောင်းတွေမှာ အလုပ်လုပ်နေရတဲ့ ပုဂ္ဂိုလ်တွေရှိကြောင်း ဖာသာရ်အိုင်ခလိန်က ပဲ ဧရာအလင်းနဲ့ လူတွေ့ အင်တာဗျူးမှာ ပြောပြထားပါတယ်။

ပုသိမ်ကက်သလစ်ခရစ်ယာန်ဂိုဏ်းအုပ်သာသနာ့ ဘဏ္ဏာရေးမှူးတာဝန်ယူထားတဲ့ ဖာသာရ်ဆေရီဝင်းမောင်ကလည်း “ဒီနှစ်က ခက်ခဲတဲ့ကာလ။ ခက်ခဲတဲ့ကာလမှာ ဘုန်းကြီးတွေအများကြီးလာပြီးတော့ ဝတ်စောင့်မယ်ဆိုတော့လည်း စိတ်တော့ပူမိတာပေါ့။ ပူတဲ့အခါမှာ ကြိုတင်ပြီးတော့ ပြင်ဆင်ထားတာတော့ရှိတယ်။ ပြင်ဆင်ပေမဲ့လို့လည်း လိုအပ်လာလို့ရှိရင်တော့ ကြိုးစားပြီးတော့လုပ်မယ်ပေါ့။ ဒါပေမဲ့ ထင်ထားတဲ့အတိုင်းပဲ ဘာသာတူတွေက အင်မတန်မှ ရက်ရက်ရောရောနဲ့ပါဝင်လာကြတဲ့အခါ ကိုယ်ထင်ထားတာထက်ပိုပြီး အများကြီးတက်လာတာကိုတွေ့ရတယ်။ ကျေးဇူးတင်တယ်။ လုံလောက်တဲ့အပြင်ကို ပိုတောင်ပိုလျှံသေးတယ်။ ငွေတင်မကဘူး ပစ္စည်းတွေ၊ ပစ္စည်းဆိုတာက ဟင်းသီးဟင်းရွက်တို့၊ အသားငါးတွေပါ လာပေးကြတဲ့အတွက်ကြောင့် ကျေးဇူးအများကြီးတင်ပါတယ်။ နှောင်လည်း များများလှူဒါန်းနိုင်ပါစေလို့။ အားလုံးအပေါ်ဘုရားသခင်ကောင်းချီးပေးပါစေလို့ မေတ္တာပို့ပေးပါတယ်။ ဝတ်စောင့်ပွဲတစ်လျှောက်လုံးမှာ အားလုံးအတွက်ဆုလည်းဆုတောင်းပေးပါတယ်။ ကျေးဇူးလည်းအများကြီးတင်ပါတယ်”လို့ ဧရာအလင်းမှတဆင့် သတင်းစကားပါးပါတယ်။

နှစ်ပတ်လည်ဝတ်စောင့်ခြင်းကို အောက်တိုဘာ ၁၀ ရက်ည ၈ နာရီတွင် အတူတကွ စိပ်ပုတီးစိပ်ခြင်း၊ ညမေတ္တာဆိုခြင်းနှင့် တရားဒေသနာတော်ကြားနာခြင်းဖြင့်အစပြုခဲ့ကြပါတယ်။

နေ့စဉ် နံနက် ၆ နာရီတွင် နံနက်မေတ္တာနှင့် ၆ နာရီ ခွဲတွင် မစ္ဆားတရားတော်မြတ်များကိုအတူတကွ ဆုတောင်းပူဇော်ခြင်း၊ မစ္ဆားအပြီးအဆာပြေသုံးဆောင်ခြင်း၊ ၈း ၄၅ နာရီတွင် Office Reading ရွတ်ဆိုခြင်း၊ ၉ နာရီတွင် တရားနာခြင်း၊ ၁၁း၁၅ နာရီတွင် နေ့လည်မေတ္တာဆိုခြင်း၊ နေ့လည်စာသုံးဆောင်ခြင်း၊ နေ့ခင်း ၃ နာရီတွင် တရားနာခြင်း၊ ညနေ ၅ နာရီ ခွဲတွင် ညနေမေတ္တာနှင့် ကိုယ်တော်မြတ်ဖူးမျှော်ခြင်း၊ ညစာသုံးဆောင်ခြင်း၊ ည ၈ နာရီတွင် အတူတကွ စိပ်ပုတီးစိပ်ခြင်း၊ ညမေတ္တာဆိုခြင်းနှင့် ဒေသနာတော်ကြားနာခြင်းတို့ဖြင့် တစ်ရက်တာကိုအစပြု အဆုံးသတ်ခဲ့ကြပါတယ်။

ဓာတ်ပုံ- OSC Pathein

သတင်း-ရေမွန်မန်းကျော်

 

 



2022-10-18 01:48:22