Pathein Catholic Diocese Untitled Document
Untitled Document
သက်ကြီးဆရာတစ်ဦးအား တပည့်ကက်သလစ်ခရစ်ယာန်ရဟန်းများမှ ပထမအကြိမ် ထောက်ပံ့ကူညီလှူဒါန်း


ဆရာကြီးနှင့်အတူ အလှူပစ္စည်းများတွေ့ရစဉ်
သက်ကြီးဆရာတစ်ဦးအား တပည့်ကက်သလစ်ခရစ်ယာန်ရဟန်းများမှ ပထမအကြိမ် ထောက်ပံ့ကူညီလှူဒါန်း

ပုသိမ်ကက်သလစ်ခရစ်ယာန်ဂိုဏ်းအုပ်သာသနာရှိ အခြေခံကက်သလစ်ခရစ်ယာန်ရဟန်းဖြစ်သင်ကျောင်းတွင် အင်္ဂလိပ်စာကိုနှစ်ပေါင်းများစွာသင်ကြားပေးခဲ့သူ သက်ကြီးဆရာတစ်ဦးအား တပည့်ရဟန်းများမှ ပထမအကြိမ် ထောက်ပံ့ကူညီလှူဒါန်းမှုကို အောက်တိုဘာ ၁၈ ရက်နေ့တွင် ဆရာကြီး၏အိမ်၌ ပြုလုပ်ပေးခဲ့ပါတယ်။

အလှူငွေများဦးဆောင်ကောက်ခံခဲ့သူတစ်ဦးလည်းဖြစ်ပြီး အလှူငွေနဲ့ စားစရာများသွားရောက်ပို့ဆောင်ရာတွင်ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်တဲ့ ဖာသာရ် ရောဘက်ဥာဏ်လင်းက အလှူငွေကောက်ခံလှူဒါန်းပေးရတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်လို့ ဧရာအလင်းကို ပြောပြတာကတော့ “ကိုယ့်ရဲ့ဆရာသမားအသက်လည်းကြီးပြီးဆိုတော့ လှူဒါန်းတာပါ။ ဒီလိုလှူဒါန်းခြင်းအားဖြင့် ဘုရားအတွက်ဆက်ကပ်ခဲ့တာကို ဘုရားကလည်းသူ့ကိုပစ်မထားဘူးဆိုတာ ဆရာကြီးကိုယ်တိုင်လည်း ခံစားရစေဖို့ဖြစ်တယ်” လို့ ဆိုပါတယ်။

“သူလည်းထင်မှတ်မထားဘူဆိုတော့ စိတ်ထဲဝမ်းသာဝမ်းနည်းဖြစ်တဲ့ပုံပဲ။ သူကလှူရမှာလို့ဆရာကြီးက ပြန်ပြောပါတယ်” လို့ ဖာသာရ် ဥာဏ်လင်းကပဲ ဆက်ပြောပါတယ်။

ဆရာကြီးရဲ့နာမည်ကတော့ ဆရာကြီးမန်းပနိုင်ဖြစ်ပြီး ကညင်ဆိုင်ကက်သလစ်ခရစ်ယာန်ကျောင်းထိုင်သာသနာ၊ ကညင်ဆိုင်ရွာတွင်နေထိုင်ပြီး အသက် ၇၆ နှစ်ရှိပြီဖြစ်ပါတယ်။

ဆရာကြီးနဲ့ဖုန်းကနေဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ “ဘုန်းကြီးတွေဖြစ်သွားကြပေမဲ့ ဆရာသမားများကိုမမေ့ဘူးဆိုတာကိုပေါ်လွင်တဲ့အတွက် ပိုပြီးဝမ်းသာရပါတယ်” လို့ ရင်တွင်းစကားကိုပြောပြပါတယ်။

ဆရာကြီးဟာ ၁၉၉၈ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ဒုတိယအကြိမ်အဖြစ် ၁၉ နှစ်တိုင်တိုင် ပုသိမ်မရမ်းချောင်းရှိ ရွှေနှလုံးတော်အခြေခံရဟန်းဖြစ်သင်ကျောင်းတွင် ကိုရင်ဖြစ်ဖို့ဝင်ခွင့်ဖြေဆိုကြမဲ့ ကျောင်းသားများကို အင်္ဂလိပ်စာသင်ကြားပေးခဲ့သူတစ်ဦးဖြစ်ခဲ့ပါတယ်။ ပထမအကြိမ်ကိုတော့ ၁၉၇၃ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အထိ ၃ နှစ် ဆယ်တန်းကျောင်းသားများကိုလည်း စာသင်ပေးခဲ့ကြောင်း ဆရာကြီးထံမှတဆင့်သိရပါတယ်။

ဆရာကြီးဟာဆိုရင် သား ၄ ယောက်၊ သမီး ၁ ယောက်ရှိပြီး သားနှစ်ယောက်နဲ့ သမီးတစ်ယောက်ကတော့အိမ်ထောက်ကျလျှက်ရှိပြီး အိမ်ထောင်မပြုသေးတဲ့သားနှစ်ယောက်ရှိကြောင်း ပြောပြပါတယ်။

ဆရာကြီးစာသင်ကြားပေးခဲ့တဲ့ တပည့်ရဟန်းအပါးပေါင်း အလှူငွေထည့်ဝင်ခဲ့တဲ့စာရင်းအရ ၃၅ ပါးရှိပြီး ရဟန်းဖြစ်ဖို့ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ဒဿနိကဗေဒဌာန၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ဝိညဉ်ရေးရာဌာနနှင့် ရန်ကုန်မြို့ရှိ သီအိုလော်ဂျီဓမ္မသင်္ဂြိုလ်ဌာနတို့တွင် ပညာဆည်းပူးနေကြတဲ့ ရဟန်းလောင်းကိုရင်များလည်းရှိသေးကြောင်း မှတ်သားရပါတယ်။

တပည့်ရဟန်းတစ်ပါးလျှင် လှူဒါန်းငွေ ၃၀၀၀၀ (သုံးသောင်း) ကျပ် အနည်းဆုံးထားကောက်ခံခဲ့ရာ အလှူငွေစုစုပေါင်း ၁၃၂၅၀၀၀ (ဆယ့်သုံးသိန်းနှစ်သောင်းငါးထောင်) ကျပ်ရရှိခဲ့ပါတယ်။

ကောက်ခံရရှိခဲ့တဲ့အလှူငွေများနဲ့ ဆရာကြီးနဲ့သူ့ရဲ့မိသားစုအတွက် ဆန် ၁ အိတ်၊ ဆီ ၅ ပိဿ နှင့် ငွေသား ၁၀ သိန်းကို တပည့်ရဟန်းများတွင်ပါဝင်ခဲ့ကြတဲ့ ဖာသာရ် ရာဖာအဲလ်နေမင်းထွန်း (မဒေါ့ကုန်းကျောင်းထိုင်)၊ ဖာသာရ် မောရစ်သိန်းသန်း (Family Home တာဝန်ခံ)၊ ဖာသာရ် ဝီလျှံစိုး (ပုသိမ်လူထုဆက်သွယ်ရေးရုံးတာဝန်ခံ)၊ ဖာသာရ် ဂျက်စတင်းမင်းသစ်လွင် (ပုသိမ်ကယ်သီဒြယ်ကျောင်းထိုင်လက်ထောက်နှင့် ဦးဂျော့ယောက်ျားလေးများဘော်ဒါတာဝန်ခံ) နှင့် ဖာသာရ် ရောဘက်ဉာဏ်လင်း (ပုသိမ်ကျောင်းထိုင်လက်ထောက်နှင့် ပုသိမ်လူငယ်တာဝန်ခံ)တို့မှ ဆရာကြီးရဲ့နေအိမ်သို့သွားရောက်ကာ ပို့ဆောင်လှူဒါန်းခဲ့ကြပါတယ်။

သက်ကြီးဝါကြီးရဟန်းတစ်ပါးလည်းဖြစ် ပုသိမ်ကယ်သီဒြယ်ကျောင်းထိုင်လည်းဖြစ်တဲ့ ဖာသာရ်ဖိလစ်စိုးဝင်းကို ရဟန်းတွေရဲ့  ထောက်ပံ့ကူညီလှူဒါန်းမှုနဲ့ပတ်သက်လို့ သူ့ရဲ့ သဘောာထားမှတ်ချက်ကို ဧရာအလင်းက သွားရောက်မေးမြန်းကြည့်တဲ့အခါမှာ သူက “သူတို့သွားပြီးတော့ ကူညီတာကောင်းပါတယ်။ ကောင်းတယ်ဆိုတာက သူတို့က ပညာအမွေပေးထားတာလေ။ ကောင်းကောင်းမွန်မွန်ဂရုစိုက်ပြီးတော့ တတ်အောင်အမျိုးမျိုး သူ့အတွေးအခေါ်နဲ့ သွန်သင်ပေးခဲ့တာပေါ့။ ဘုန်းကြီးတွေလည်းဖြစ်သွားကြတယ်။ ဒါကျေးဇူးတော်တစ်ခုပေါ့။ ကိုယ့်ဆရာသမားတွေကို ပြန်ပြီးပြုစုတာဟာ ကောင်းတဲ့အလေ့အထလေးတစ်ခုပဲ” လို့ ဆိုပါတယ်။

“ဆရာရဲ့အခြေအနေကို ကြည့်ပြန်တော့ ဆရာက အသက်လည်းကြီးပြီ။ သူ့အမျိုးသမီးကလည်း ကျန်းမာရေးချူချာတယ်။ ချူချာတဲ့အခါကျတော့ သူတို့ ဒီကသွားပြီးတော့ အဲလိုလေးစုပေးတဲ့အခါကျတော့ ဆရာအနေနဲ့လည်း အသိအမှတ်ပြုတယ်။ နောက် သူတို့ကလည်း သွားပြီးလှူရတဲ့အတွက်ပျော်ရွှင်တာပေါ့” လို့ ဖာသာရ်စိုးဝင်းကပဲ မှတ်ချက်ပြုပြောပြပါတယ်။

သတင်းနဲ့ဓာတ်ပုံပေးပို့သူ-ဖာသာရ်ရောဘတ်ဉာဏ်လင်း

သတင်းအဖြစ်အရေးသားတင်ဆက်သူ-ရေမွန်မန်းကျော်

 

 



2022-10-19 04:12:44