Pathein Catholic Diocese Untitled Document
Untitled Document
လူငယ်ကျောင်းဆရာ (ကက်သလစ်ဘာသာတူ) တစ်ဦး နေအိမ်၌ အသတ်ခံရ


Photo credit to Christopher Justin's FB
လူငယ်ကျောင်းဆရာ (ကက်သလစ်ဘာသာတူ) တစ်ဦး နေအိမ်၌ အသတ်ခံရ

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ ဇော်ဂျီကွင်းအုပ်စု၊ ကြံတော့စုကျေးရွာမှာနေထိုင်တဲ့ ကက်သလစ်ခရစ်ယာန်ဘာသာတူတစ်ဦးဖြစ်တဲ့ လူငယ်ကျောင်းဆရာစောရဲသီဟ ဟာ အောက်တိုဘာ ၁၇ ရက်နေ့ ညနေ ၇ နာရီအချိန်၌ နေအိမ်တွင် အသတ်ခံရတယ်လို့ သိရပါတယ်။

“တစ်ယောက်တည်းသမားလူပျိုကြီး၊ လူချစ်လူခင်လည်းအရမ်းပေါတယ်။ အနုကြမ်းစီးတယ်ဆိုပြီးဓားနဲ့ထိုးသွားတာ။ အသက် ၃၄ နှစ်ပဲရှိသေးတယ်” လို့ အမည်မဖော်လိုသူ စီဒီအမ်ဆရာမတစ်ဦးကပြောတယ်လို့ ဇလွန်မြို့ကို တိုးတက်ချင်သူများဆုံစည်းရာ ဖေ့စ်ဘွတ်စာမျက်နှာမှာ အောက်တိုဘာ ၁၇ ရက်နေ့က ဖော်ပြထားပါတယ်။

ခရစ်တော်၌အိပ်ပျော်ခြင်းနာရေးဖိတ်စာတစ်စောင်မှာလည်း ရောဘက်စောရဲသီဟ အသက် ၃၃ နှစ် သည် အောက်တိုဘာ ၁၇ ရက်နေ့တွင် ခရစ်တော်၌ အိပ်ပျော်သွားပါသဖြင့် ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဈာပနဝတ်ပြုကိုးကွယ်ပြီး မေရီလန်းရွာရှိရွှေနှလုံးတော်ဘုရားကျောင်းသို့ပို့ဆောင် ဂူသွင်းသင်္ဂြုလ်မည်ဖြစ်ပါ၍ ဇော်ဂျီကွင်းရွာအုပ်စု၊ ကြံတောစုကျေးရွာ (စောရဲသီဟ) ၏ နေအိမ်သို့ကြွရောက် ဝတ်ပြုကိုးကွယ်ကြဖို့ ကျန်ရစ်သူမိသားစုမှ လေးစားစွာဖြင့်ဖိတ်ကြားထားတာကို တွေ့ရပါတယ်။

ဆရာစောရဲသီဟဟာဆိုရင် ကက်သလစ်လူငယ်ကျောင်းဆရာတစ်ဦးဖြစ်သလိုသာသနာရဲ့ ပညာရေးအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်တယ်လို့ ဧရာအလင်းက စုံစမ်းသိရှိရပါတယ်။ သူဟာ ငယ်စဉ်ကလေးဘဝက မိကွဲဖကွဲဘဝနဲ့ ဘိုးဘွား၊ အဒေါ်ဖြစ်သူတွေရဲ့ ပြုစုပျိုးထောင်မှုအောက်ကနေကြီးပြင်းလာရပြီး ကက်သလစ်ခရစ်ယာန်သာသနာ ကျောင်းတွေမှာ နေထိုင်းရင်း ကျောင်းပညာများကို ကြိုးစားဆည်းပူးသင်ယူခဲ့သူတစ်ဦးလည်းဖြစ်တယ်လို့ သိရပါတယ်။

ဆရာဟာ ဘာသာရေးဘက်မှာလည်း တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး အင်မတန်မှ အားကိုးရတဲ့ လူငယ်ကျောင်းဆရာတစ်ဦးဖြစ်သလို သက်ရှိထင်ရှားရှိစဉ်ကလည်း တစ်ဦးတည်းနေထိုင်တဲ့အိမ်ကို ဘာသာသာသနာကို လှူဒါန်းမယ်လို့လည်း သူနဲ့ရင်းနှီးကျွမ်းဝင်ခဲ့သူတစ်ဦးထံမှတဆင့် ကြားသိရပါတယ်။

ဆရာစောရဲသီဟအသတ်ခံလိုက်ရတာဟာ သာသနာအတွက်လည်း ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ သူနဲ့ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ ကက်သစ်ခရစ်ယာန်ဘုန်းတော်ကြီးအသိုင်းအဝိုင်းက မှတ်ချက်ပြုပြော ဆိုကြပါတယ်။

ဆရာစောရဲသီဟဟာဆိုရင် တစ်ဦးတည်းအလုပ်ကို ကြိုးစားရုန်းကန်ရင်း ရှာဖွေစုဆောင်းပြီး ကိုယ်ပိုင်တိုက်အိမ်လေးတစ်လုံးနဲ့နေပြီး စီဒီအမ်လှုပ်ရှားမှုပါဝင်ခဲ့ပြီး ကျောင်းဆရာဘဝမှထွက်ကာ အိမ်တွင် ဈေးရောင်းနေသူလို့လည်း သိရပါတယ်။

သူနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကလူတွေရဲ့ပြောပြချက်အရ လူငယ်ကျောင်းဆရာဟာ သူစာသင်ခဲ့ဖူးတဲ့ကျောင်းသားဟောင်းတစ်ဦးနဲ့အခြားလူငယ်တစ်ဦးတို့က ဆရာအိမ်ကိုအလည်လာရင်း ငွေ ‌တောင်းတဲ့ပမာန မပေးလို့ ဆိုပြီး အိမ်မှာရှိတဲ့ ကပ်ကြေးနဲ့ အချက်ပေါင်းများစွာအထိုးခံခဲ့ရတယ်လို့ သိရပါတယ်။

ဆရာဟာ ဆေးရုံအရောက်မှာ  ဆုံးပါးသွားတယ်လို့ လိုက်ပါပို့ဆောင်ရာတွင်ပါဝင်ခဲ့သူလူငယ်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။‌‌ တရားခံလူငယ်နှစ်ဦးကိုလည်း ဖမ်းစီးရမိထားတယ်လို့ စုံစမ်းသိရှိရပါတယ်။

သူ့ရဲ့ရုပ်ကလပ်ကိုတော့ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မေရီလန်းကျေးရွာရှိ ရွှေနှလုံးတော်ကက်သလစ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် ဈာပနဝတ်ပြုကိုးကွယ်ပြီး ဂူသွင်းသင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း-ရေမွန်မန်းကျော်



2022-10-20 06:43:11