Pathein Catholic Diocese Untitled Document
Untitled Document
(ဃ) ပျက်စီးသွားသော အဆက်အသွယ်ကို ပြန်လည်တည်ထောင်ခြင်း (CCC 2569-2568)

သမ္မာကျမ်းစာ၌ အစမှအဆုံးတိုင်အောင် “အဆက်အသွယ်တည်ထောင်ခြင်း” တည်းဟူသောအချက်နှင့် ပြည့်နှက်လျှက်ရှိသည်ဟု ဆိုလျှင်မမှားပါ။ မငြင်းနိုင်ပါ။ ဘုရားဘက်နှင့်လူ့ဘက်နှစ်ဘက်ရှိသည့်အနက် အရင်းဦးဆုံး အဆက်အသွယ်စတင်တည်ထောင်သူမှာ လူသားဘက်မှ မဟုတ်ပါ။ ဘုရားသခင်ဘက်မှသာလျှင်အဆက်အသွင်စတင်တည်ထောင်ခြင်းဖြစ်သည်။ ၎င်းသည် ဖန်ဆင်းခြင်း၏ရည်ရွယ်ချက်ဖြစ်ပါသည်။

ဘုရားသခင်ဘက်မှ အဆက်အသွယ်တည်ထောင်ရန် ကြိုးစားခြင်းကို အစဉ်တွေ့ရသော်လည်း လူဘက်မှဤတည်ထောင်ခြင်းကို ဖျက်ဆီးခြင်းများဖြစ်သာ တုန့်ပြန်ခဲ့သည်ကို တွေ့ရပါသည်။ ဘုရားမှ တည်ဆောက်ပေးသော်လည်း  လူ၏အမြဲတစေဖျက်ဆီးလျက်ရှိသော အဖြစ်အခြေအနေအား အီဇရာအဲလ်သမိုင်းတစ်လျှောက်၊ လူ့သမိုင်းတစ်လျှောက်တွင် တွေ့ရသည်။

အပြစ်ပြုခြင်းဖြင့် မိဦးဖဦးတို့ဖျက်ဆီးခဲ့ကြသော အဆက်အသွယ်ကို ဘုရားဘက်မှ ချက်ချင်းပြန်လည်တည်ဆောက်ခဲ့သည် (CCC 2568)။ ‘သင်တို့ဘယ်မှာလဲ’ ဟု ဘုရားသခင်ဘက်မှ ပြန်လည်စတင်ကာ အဆက်အသွယ်ပြုခဲ့သည်။ ဤအသံသည် သူ၏သားသမီးများ၊ သူ့ကိုကျောခိုင်းလျက်ရှိသောသားသမီးများအားပြန်လည်အဆက်အသွယ်ပြုလာသော ဘုရား၏ပထမဆုံးသော ‘အသံ’ ပင်ဖြစ်သည်။ ဤသို့ဝမ်းနည်းခြင်းရောပြွန်းနေသော ကိုယ်တော်၏အသံတော်မှာ လူ့သမိုင်းတစ်လျှောက်၌ ဆုတောင်းမေတ္တာကို ပထဦးဆုံးစတင်လိုက်သောဖြစ်ရပ်တစ်ခုအဖြစ် ကျန်ုပ်တို့မှတ်ယူပါသည် (ကမ္ဘာဦး ၃း၉)။

မည့်သည့်အခါမျှ လက်မလျှော့ဘဲ တစ်စိုက်မတ်မတ်ဆောင်ရွက်ခဲ့သော ဤတည်ထောင်ခြင်းအမှုတော်သည် ဘုရားမှလူ့အဖြစ်ကိုယူခြင်း၌ အထွတ်အထိပ်သို့ရောက်ရှိခဲ့သည်။ နှုတ်ကပါတ်တော်သည် လူ့ဇာတိအဖြစ်ကိုယူခြင်းဖြင့်ထာဝရတည်တံ့သော အဆက်အသွယ်ကို နှစ်ဦးနှစ်ဖက်ဘက်မှ အကောင်းဆုံးပုံစံဖြင့် ပါဝင်ဆောက်တည်လာနိုင်ခဲ့သည်။ ယခင်က တစ်ခါတလေမျှ မရှိဖူးခဲ့သည့် အပြန်အလှန် လိုက်ဖက်ညီလှသောဆက်ဆံရေးကို ခမ်းနားစွာ တည်ဆောက်နိုင်ခဲ့သည်။ ဘုရားမှခေါ်လိုက်သည့်အသံနှင့် လိုက်ဖက်ညီသော လူ၏တုန့်ပြန်သံကို တစ်ခါတလေမျှ မကြားခဲ့ရဖူးပါ။ ယခုလူသားဘက်မှ အကောင်းဆုံးသောတုံ့ပြန်သံကို ပြန်ပြုနိုင်ပြီဖြစ်သည်။ “ကြည့်လော့၊ အိုဘုရားသခင် ကိုယ်တော်၏အမှုတော်ကို ဆောင်ရွက်ရန် ကျန်ုပ်ရောက်ရှိလာပါပြီး” (ဟေဗြဲ ၁၀း ၅-၇)။

လိုက်ဖက်ညီလှသည့်အပြန်အလှန်ဆက်သွယ်ခြင်းကို တည်ထောင်ခဲ့သည်။ “ထာဝရတည်မည့် ပဋိညာဉ်သစ်” တည်ထောင်ခြင်း၌ လူသားဘက်မှလည်း အစဉ်ထာဝရမပျက်မကွက် တည်ဆောက်လာနိုင်ပြီဖြစ်သည်။ ဘုရားဘက်မှ အစဉ်ထာဝရတည်မည့် ပဋိညာဉ်တော်ကို တည်ထောင်ခြင်းမှာ ထူးဆန်းအံ့ဩဖွယ်ရာမဟုတ်ပါ။ သူ့အတွက်မည်သို့မျှခက်ခဲသောအရာမဟုတ်ပါ။ သို့သော် လူသားဘက်မှ လူသားအားလုံး၏ ကိုယ်စား လူသားတစ်ဦး (ခရစ်တော်) မှ ဤပဋိညာဉ်တည်ထောင်ခြင်းအမှုတော်တွင်ပါဝင်နိုင်ခြင်းသည် တစ်ခါမျှမကြားဖူးသောအရာ အမှန်တကယ်ဖြစ်လာခြင်းဖြစ်သည်။ အံ့ဩဖွယ်ကောင်းပေစွ။

လူတိုင်းသည် မိမိတို့ဘက်မှ စတင်တည်ဆောက်ရန်မဆိုထားနှင့်၊ အခြားသူများတည်ဆောက်ထားသည့်အရာပင်ဖျက်ဆီးရန် အသင့်အနေအထား၌ အမြဲရှိနေကြသည်။ ပင်ကိုယ်သဘာဝအရ တည်ဆောက်ဖို့ထက် ဖျက်ဆီးရန်သာ  ပို၍အားသန်သောသူများဖြစ်ကြသည်။ ထာဝရတည်မည့် ပဋိညာဉ်တည်ဆောက်ခြင်းအမှု၌ဆိုလျှင်လူတို့၏ဖျက်ဆီးမှုစွမ်းအားမှာ ပို၍ပင်ကြီးမားလှသည်။

ဤသို့ ဖျက်ဆီးရန်သာ အားသန်ကြသော လူသား၏ဇာတိကို တည်ဆောက်ဖို့ရန်  မိမိအသက်ကိုပင်ပေးလိုက်သော ဇာတိအဖြစ်သို့ ပြောင်းလဲပေးခဲ့ပြီ။ ဘုရားသခင်နှင့် အဆက်အသွယ်ရဖို့ဆိုလျှင် မိမိ၌ရှိသမျှ “ဘာပဲပေးရပေးရ”ဟူသော ဇာတိတစ်ခုလူသားမျိုးနွယ်မှထွက်ပေါ်လာသည်။

သူ (ခရစ်တော်) ကို နွယ်ကာ ကျန်လူအားလုံးသည်လည်း ဤထာဝရတည်မည့်အဆက်အသွယ်အတွင်းသို့ ဝင်ရောက်သွားတော့သည်။ လူသားများအတွက်အားယူစရာပင်ဖြစ်သည်။ မစုံလင်မှုများနှင့်ရှိသော လူ့ဘဝမှ စုံလင်မှုများပေါ်ထွက်နိုင်ပါသေးသည်ဆိုသော ယုံကြည့်ချက်မှာ ကျွန်ုပ်တို့အတွက် အားယူစရာပင် ဖြစ်ပါတော့သည်။

ကျွန်ုပ်တို့ဘက်မှ မကြာခဏပြတ်တောက်သွားနိုင်သော အဆက်အသွယ်ကိုသူ့အားဖြင့် ထာဝရတည်တံ့စေခဲ့သည်။ ကျွန်ုပ်တို့ကြောင့် မကြာခဏပြတ်တောက်ခဲ့ရသော အဆက်အသွယ်ကိုသူသည် တည်ဆောက်ပေးခဲ့ပြီ။

ဆုတောင်းခြင်းအသက်တာ၌လည်း ဤသို့ပင်ဖြစ်ရတော့သည်။ ကျွန်ုပ်တို၏စွမ်းအားဖြင့် တည်ဆောက်ခဲ့သော အဆက်အသွယ်အတွင်းသို့ ဆွဲငင်ခေါ်ယူထည့်သွင်းခဲ့သည်။ လူ၏စွမ်းအားကို လူ၏အထဲမှနေ၍ မြင့်တင်ပေးခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ မှေးမှိန်တိုးညှင်းလှသော ကျွန်ုပ်တို့၏ဆုတောင်းသံအတွက် ယုံကြည်ခြင်း၌ရဲရင့်ရန် အားအင်ဖြစ်စေမည့် အရင်းအဖြစ်ဖြစ်လာတော့သည်။

catechism