Pathein Catholic Diocese Untitled Document
Untitled Document
(၁) ပျောက်သောသား၏ အိမ်အပြန် (ရှင်လုကာ ၁၅း ၁၁-၃၂)

လူသားကို "အဆက်အသွယ်ပြု" ရန်ရည်ရွယ်ကာ ဖန်ဆင်းထားခဲ့သည်ဟု အထက်၌ ဆိုခဲ့ပြီးဖြစ်ပါသည်။ လူ့ဘဝအဓိပ္ပာယ်ကို ဤသို့နားလည်ခြင်းဖြင့်အခြားမြောက်များစွာသောတွေ့ရှိချက်များကိုလည်း မြင်တွေ့လာရသည်။ ပထမဦးစွာဘုရားနှင့် ဆက်သွယ်မှုပြုမည့်ပုဂ္ဂိုလ်အဖြစ် ဦးစွာတွေ့ရှိခြင်းဖြင့် လူ့ဘဝ၌ ရှာဖွေနေသော ကျန်အရာအားလုံးကိုလည်း ဆက်လက်တွေ့ရှိလာသည်။

အပြစ်ဆိုသည်မှာ-

"အပြစ်" ၏ အခြေခံအဓိပ္ပာယ်မှာ "ဘုရားနှင့်လူအကြားရှိသော အဆက်အသွယ်အား ဖြတ်တောက်ခြင်း” ဖြစ်သည်ဟု ရှင်ဩဂတ်စတင်းနှင့် အသင်းတော်၏ဖခင်များက ဆိုကြသည်။

စုံစမ်းနှောက်ယှက်ခြင်းသည် ဘုရားကို ငြင်းပယ်ရန် တိုက်ရိုက်တိုက်တွန်းခြင်းဖြင့် မစတင်ခဲ့ပါ။ ဘုရား၏တည်ရှိခြင်းကို မငြင်းပယ်ခိုင်းဘဲ မိမိနှင့်ဘုရားအဆက်အသွယ်ဖြတ်ဖို့ရန် ညင်သာစွာ ဆွဲဆောင်တိုက်တွန်းခြင်းသာဖြစ်သည်။

ဆိုလိုသည်မှာ ဘုရားရှိပါသည်ဆိုသည့်အချက်ကို ပထမဦးစွာ ငြင်းဆိုခြင်းမပြုလုပ်ဘဲလျက် ရှိသည့်အချက်ကို ဝန်ခံလျက်နှင့်ပင် သူနှင့်အဆက်အသွယ်ဖြတ်လိုသည် ဆိုသည့်အသိဖြင့် စတင်ခြင်းဖြစ်သည်။ သူရှိသည်ကို ဝန်ခံပါသည်။ သို့သော် ငါက တစ်ယောက်တည်းရပ်တည်လို့ရသည်ဆိုသည့် အသိစိတ်ဝင်လာသည့်အချိန်၌ပင် စုံစမ်းခြင်း စတင်ဝင်ရောက်လာပြီဖြစ်သည်။ အတိုချုပ်ပြောရလျှင် ‘ငါ’ နှင့် ‘ဘုရား’ အဆက်အသွယ်မလုပ်တော့ပဲ မိမိကိုယ်တိုင်ရပ်တည်နိုင်သည်ဆိုသည့် အသိဝင်လာခြင်းသည် အပြစ်၏အစပင်ဖြစ်သည်။

ထို့ကြောင့် မြွေ (စာတန်) သည် ဘုရားရှိသည်ကို သူကိုယ်တိုင် မငြင်းပယ်ပါ။ လူကိုလည်းဘုရားရှိသည်ကို မငြင်းပယ်ခိုင်းပါ။ မည်သည့်အရာနှင့် စတင်သွေးဆောင်သနည်းဆိုလျှင် ယုတ္တိရှိသည်ဟု ထင်ရသည့် တောင်းဆိုချက်လှလှလေးဖြင့် စတင်ခဲ့သည်။ ကျွန်ုပ်တို့အချင်းချင်း နေ့စဉ်ပြောဆိုနေကျစကားမျိုးဖြင့် ပြောရလျှင် “ဘုရားရှိတာတော့ ဟုတ်ပါတယ်ကွာ၊ ငါလည်းမငြင်းဘူး၊ မင်းတို့လည်း ငြင်းလိမ့်မယ်မထင်ပါဘူး။ အေ.. ဒါပေမဲ့ မင်းတို့သူနဲ့အဆက်အသွယ်မလုပ်ဘဲ ကိုယ့်ဖာသာနေလို့ရမယ်ထင်တယ်ကွ” ဟု ပါးပါးလေး ပုတ်ချလိုက်သလိုမျိုးသွေးဆောင်ခဲ့ခြင်းဖြစ်သည်။

မြွေ၏တောင်းဆိုချက်မှာ “ယုံကြည်ခြင်းမှ မယုံကြည်ခြင်းသို့” ရောက်ရှိသွားစေရန် သွေးဆောင်လှုံ့ဆော်လိုက်ခြင်းပင်ဖြစ်သည်။ ဘုရား၏ ဂတိတော်၊ ပဠိညာဉ်တော်အပေါ် သံသယဝင်လာစေရန် သွေးဆောင်ခြင်းဖြစ်သည်။ “အို..ဘုရားက အဲဒီလိုပြောလား၊ ဥယျာဉ်အလယ်ကအသီးကို မစားနဲ့လို့ပြောလား” (ကမ္ဘာဦး ၃း၁)။

ယုံကြည်ခြင်း၏အဖွဲ့အစည်း၊ ပညတ်တော်များနှင့် ဆုတောင်းခြင်းတို့အပေါ်သံသယဝင်လာအောင် သွေးဆောင်ခြင်းပင်ဖြစ်သည်။

ယုံကြည်သူအဖွဲ့အစည်း၊ ဆုတောင်းခြင်းနှင့် ပညတ်တော်များမှာ ပဠိညာဉ်တော်၏ အခင်းအကျင်းများအဖြစ် ပါဝင်လျက်ရှိသည်။ ဤအရာများထဲမှ တစ်ခုခု (သို့မဟုတ်) အားလုံးကို မယုံမကြည်ဖြစ်လာစေရန် သွေးဆောင်လိုက်ခြင်းဖြစ်သည်။

အသင်းတော်အပေါ် (သို့မဟုတ်) ဆုတောင်းမေတ္တာအပေါ် (သို့မဟုတ်) ပညတ်တော်များအပေါ် သံသယဝင်လာပြီးဆိုလျှင် စုံစမ်းနှောက်ယှက်ခြင်းသည် မိမိ၌စတင်နေပြီဖြစ်သည်ကို သတိရသင့်ပါသည်။

ထိုအရာများမှ စတင်ကာ နောက်ဆုံး၌ “ဘုရားနှင့်အဆက်အသွယ်ပြတ်တောက်ခြင်း” တွင်အဆုံးသတ်မည်ဖြစ်သည်။

ဘုရားနှင့်အဆက်အသွယ်ဖြတ်လိုက်ခြင်းဖြင့် လွတ်လပ်မှုပိုမိုရရှိလာကာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ပြီး မိမိဘဝကို မိမိသာလျှင် ပိုင်ဆိုင်နိုင်မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော်အမှန်အကန်၌ မိမိဘဝသည် ‌ပျောက်ဆုံးသွားပြီကို သိရှိလာရသည်။ ဘဝရှင်သန်ခြင်းမှာ ခမည်းတော်၏အိမ်တော်၌သာရှိနေသည်ကို သိရှိလာလိမ့်မည်။ အားလုံးသည်လည်း ခမည်းတော်၌သာ တွေ့ရှိလာမည်။

ထို့ကြောင့်လူသားထုတစ်ရပ်လုံးသည် အဖအိမ်တော်သို့ ပြန်နေကြသောပျောက်သောသားအဖြစ် အသင်းတော်၏ဖခင်ကြီးများက နားလည်ထားကြသည်။

ပျောက်သောသား၏အိမ်အပြန်ခရီး၌ လှပလွန်းသည့်အရာတစ်ခုကို တွေ့ရှိခဲ့သည်။ အင်အားချည့်နဲ့ပြီး ဒဏ်ရာများဖြင့် အိမ်အပြန်လမ်းကို စတင်ခဲ့သူမှာ လူ့အဖြစ်ယူတော်မူခဲ့သော သားတော်ဘုရားပင်ဖြစ်နေသည်။

အိမ်အပြန်လမ်း (သို့မဟုတ်) နောင်တတရားဖြင့် ပြည့်နှက်နေသော ခရီးလမ်းတစ်လျှောက်၌လည်း ကိုယ်တော်သည် ကျွန်ုပ်တို့အားနည်းချက်များ၊ အပြစ်အနာအဆာများ၊ ဒဏ်ရာများနှင့်စုတ်ပြတ်နေမှုများကို ကိုယ်ပိုင်အဖြစ်ယူလျက် ခမည်းတော်၏အိမ်တော်ဆီသို့ လျှောက်လှမ်းလျက်ရှိသည်။ ဒဏ်ရာများနှင့် ပြည့်နှက်လျက်ရှိသော လူသားထုတစ်ရပ်လုံးကို ဦးဆောင်ခေါ်ယူသွားလျက်ရှိသည်။

လူသားများ၏ မိမိကိုယ်မိမိရှာဖွေသောခရီးစဉ်မှာ အသက်တာတစ်လျှောက်လုံးရှည်လျားနိုင်သည်။ ဤနည်းဖြင့် လူသားများကို ပိုမို၍နားလည်လာနိုင်သည်။ လူသားအားလုံးသည် တစ်နည်းမဟုတ်တစ်နည်းဖြင့် အိမ်ပြန်ရန် ကြိုးစားလျက်ရှိသော ပုဂ္ဂိုလ်များသာဖြစ်ကြသည်။

သမိုင်းတစ်လျှောက်လုံးရှိ လူသားထုတစ်ရပ်လုံးသည် ဤသို့ပင်ဖြစ်သည်ကို ယနေ့ခေတ်တွင် ပို၍ထင်ရှားစွာ သိလာရသည်။ လူမှုကွန်ယက်ဆက်သွယ်ရေးများ၌ “အိမ်ပြန်ချင်သည်” ဟူသော ငြီးတွားသံများကို မကြာခဏကြားနေရသည်။

မြို့ပြနိုင်ငံများ၌ ရောက်ရှိကာ အသက်ရှင်နေထိုင်လျက်ရှိကြသော်လည်း ငယ်စဉ်တောင်ကျေးကလေးဘဝ မွေးရပ်မြေသည်သာ တမ်းတရာနေရာအဖြစ် မကြာခဏဖော်ပြလျက်ရှိသည်ကို တွေ့ရသည်။ ဇာတိချက်ကြွေမွေးရပ်မြေဖြစ်သော အရပ်ဌာနသို့သာ ပြန်လိုကြသည်။

ဇာတိချက်ကြွေမွေးရပ်မြေသို့ပြန်ချင်သည်ဆိုခြင်းထက် ငယ်စဉ်ဘဝ၏ အပြစ်ကင်းစင်မှု အဖြစ်အနေအခြေအနေကိုပါ တမ်းတလျက်ရှိကြသည် ဟု ဆိုလျှင် မမှားနိုင်ပါ။အပြစ်ကင်းစင်ခြင်း၏ လွတ်လပ်မှုနှင့် ပျော်ရွှင်မှုအရသာများကို ပြန်လိုချင်ကြသည်။ 

ဆင်းရဲသော်လည်း ရိုးရှင်းသည့်ဘဝလေးကို ပြန်လည်ပိုင်ဆိုင်လိုကြသည်။ မိသားစုနှင့်မရှိအတူ၊ ရှိအတူ ရုန်းကန်ရခြင်းသည် ပို၍မက်မောစရာဖြစ်လာသည်။

မိမိကိုယ်တိုင်၏ဘဝကိုလည်း အိမ်ပြန်လျက်ရှိသော သားအဖြစ်နားလည်ခြင်းဖြင့် ဝိညာဉ်ရေးအသက်တာအား အခြေခံအုတ်မြစ်ချရန် လိုအပ်သည်။

သခင်ယေဇူးသည်လည်း ကျွန်ုပ်တို့၏ ဝိညာဉ်ရေးအသက်တာကို ဤကဲ့သို့နားလည်သဘောပေါက်စေလို့သည်။အနည်းငယ်အသေးစိပ်ရှာဖွေကြည့်ကြပါစို့။

၂၀၀၅ ခုနှစ် ဂျာမနီနိုင်ငံတွင် ကမ္ဘာလူငယ်ပွဲတော်ကျင်းပရာ၌ ရဟန်းမင်းကြီးဘေနေဒစ်သည် ဤကျမ်းပိုဒ်လေးကို အခြေခံကာလူငယ်ထုအား မိမိကိုယ်မိမိနားလည်စေရန် မီးမောင်းထိုးပြပေးခဲ့သည်။ လူငယ်အများအပြား မျက်ရည်ကျခဲ့ကြသည် (ရှင်လုကာ ၁၅း၁၁-၃၂)။

နောင်တတရားဖြင့် အဖအိမ်သို့ပြန်လာသော ပျောက်သောသားဥပမာသည် ရှင်လုကားကျမ်း၌သာ သီးသန့်ပါဝင်သည်။ ဤအချက်ကို အမှန်တရားတစ်ခုအဖြစ်ဖော်ပြထားလေသည်။ လူသားတို့အား မိမိကိုယ်ကို ဤနည်းဖြင့် နားလည်လက်ခံစေရန် ရည်ရွယ်ကာ သခင်ယေဇူးက ဤပုံဥပမာကို ပေးခဲ့သည်။

ကျွန်ုပ်တို့၏မိဦးဖဦးများ အပြစ်ထဲသို့ကျရောက်ခဲ့ပုံနှင့် တစ်ထပ်တည်းပင်ဖြစ်သည်။ ခမည်းတော်၏တည်ရှိမှုကို မငြင်းပယ်ပါ။ ခမည်းတော်အားကျောခိုင်း၍ အခြားနေရာ၌ မိမိ၏အသက်တာကို ရှာဖွေရန်ကြိုးစားကြခြင်းသာလျှင်ဖြစ်သည်။

ခမည်းတော်၌အသက်ရှိသည်ဟု မယုံကြည်ခဲ့ပါ။ ခမည်းတော်၏ အိမ်တော်၌လွတ်လပ်ခြင်းရှိသည်ဟုလည်း မခံစာားခဲ့ကြရပါ။ ပျော်ရွှင်ဖွယ်သာ၍ ကောင်းသောနေရာသည် အခြားနေရာ၌သာရှိသည်ဟု ထင်မှတ်ခဲ့သည်။ ဤသို့ဖြင့်ခမည်းတော်၏အိမ်တော်ကို ကျောခိုင်းထွက်ခွာခဲ့သည်။

အတွေ့အကြုံအရ နောက်ဆုံးသိလိုက်ရသည့်အချက်မှာ မိမိသည် သားသမီးအဖြစ်မှ လျော့ကျကာ အစေခံကျွန်ထက်ပင် နိမ့်ကျအခြေအနေသို့ ရောက်ရှိနေခြင်းပင်ဖြစ်သည်။

အဓိကဇာတ်ကောင်ဖြစ်သည့် ပျောက်သောသားသည် ကျွန်ုပ်တို့တစ်ဦးစီ၏ဖြစ်အင်ကို ဖော်ပြလျက်ရှိသည်။ ကျွန်ုပ်တို့သည် ပျောက်သောသားများဖြစ်ကြသည်။ အသင်းတော်၏ဖခင်ကြီးများ အထူးသဖြင့် ရှင်ဩဂတ်စတင်းသည် ဤနေရာ၌ သခင်ယေဇူးကိုလည်း ပျောက်သောသားအဖြစ် နားလည်လက်ခံထားသည်။ ထိုမျှမက အဖအိမ်တော်သို့ပြန်ရမည်ကို သိရှိနားလည်လာသော်လည်း မိမိကိုယ်တိုင် အိမ်ပြန်ဖို့ရန် အတတ်နိုင်သော လူသားဇာတိကို ထမ်းပိုးကာ ခမည်းတော်၏အိမ်တော်သို့ ဦးဆောင်ပြန်ခေါ်လာခဲ့သောသူအဖြစ် ခရစ်တော်ကို လက်ခံထားသည်။

လူ့ဇာတိမှ မဖြစ်နိုင်သောအခြေအနေသည် ဖြစ်လာခဲ့သည်။ အိမ်အပြန်လမ်း၏ ခက်ခဲကြမ်းတမ်းမှုများကို ကိုယ်တိုင်ကျော်ဖြတ်ကာ ဒဏ်ရာများဖြင့် ပြည့်နှက်စုတ်ပြတ်လျက်ရှိသော လူသားဇာတိကို ခမည်းတော်ထံ ဆက်ကပ်ခဲ့သည်။

ခရစ်တော်သည် ခမည်းတော်၏ ပြည့်စုံကြွယ်ဝမှု၊ ခွင့်လွတ်ခြင်း၊ ကရုဏာသနားခြင်းကို ယုံကြည်သောသူဖြစ်ပြီး ဤယုံကြည်ခြင်း၌ မိမိဘဝသက်တာရှိသမျှကို ပြန်လည်အပ်နှံဝံ့သူလည်းဖြစ်သည်။ခမည်းတော်၏အိမ်တော်သို့ပြန်လည်ရောက်ရှိကာ သားသမီးအဖြစ်တော်ကို ကျွန်ုပ်တို့အတွက် ပြန်လည်ရယူပေးသူလည်းဖြစ်သည်။

မိသားစုပြန်စုံခြင်းထက် ပျော်စရာကောင်းသည့် အခြေအနေမျိုးမရှိဟု ကျွန်ုပ်တို့အားလုံး ယုံကြည်ကြပါသည်။ ထာဝရတည်မည့် မိတ်သဟာယဖွဲ့ခြင်းသည်သာ၍ ပျော်ရွှင်စရာကောင်းမည်မှာ အမှန်ပင်ဖြစ်ပါသည်။

လူ့ဘဝအဓိပ္ပာယ်ကို သခင်ယေဇူး၏အဖြစ်အပျက်များအပေါ်မူတည်၍ ဖွင့်ဆိုကြသည်၊ နားလည်ကြသည်။ ဘဝသည် ဒုက္ခဆင်းရဲခြင်းများနှင့် ပြည့်နှက်နေသော်လည်း တန်ဖိုးရှိသေးသည်ဟု နားလည်းလာရသည်။ ယုံကြည်သူများသည် သမိုင်းတစ်လျှောက်၌ ဤအချက်ကို မိမိတို့ဘဝ၏ အခြေခံအုတ်မြစ်အဖြစ်ထားရှိကာ မိမိအတွက်နှင့် အဖွဲ့အစည်းအတွက် အသက်ရှင်သန်ကြသည်။ မိမိသည် တစ်ဦးတည်းရပ်တည်နေသည့် ပုဂ္ဂိုလ်ဟု မည်သည့်အခါမျှ မခံယူခဲ့ကြပါ။

မိမိနှင့်အတူသူရှိနေသည်။ ဘေး၌ရပ်နေသူအဖြစ်သာမက အတွင်းဘက်အနက်ရှိုင်းဆုံးအထိဝင်ရောက်ကာ မိမိကိုယ်ကို တတ်စွမ်းနိုင်သူ အတွင်းအားတစ်ခုအဖြစ် တည်ရှိနေခြင်းဖြစ်သည်။ ဝိညာဉ်တော်တည်းဟူသော ဘုရားကိုယ်တိုင်သည် ကျွန်ုပ်တို့၏အတွင်းသက်၌ ဤသို့တည်ရှိလျက်နေကာ ပေါင်စည်းလျက်ရှိသည်။

catechism