Pathein Catholic Diocese Untitled Document
Untitled Document
ရဟန်းနဲ့ယုံကြည်ခြင်း

ရဟန်း(သူတော်စင်)တွေထံက သခင်ယေဇူးလိုလားတဲ့ ယုံကြည်ခြင်းက မိမိရဲ့အယူအဆ အလိုဝါသနာတွေကို သခင်ယေဇူးထံ လုံးလုံးပုံအပ်တဲ့ ယုံကြည်ခြင်းမျိုးကို လိုအပ်ပါတယ်။ ဒီလိုယုံကြည်ခြင်းမျိုးမရှိရင် ဘုရားသခင်နှစ်သက်လိမ့်မည်မဟုတ်ပါဘူး။

ယုံကြည်ခြင်းမရှိရင် လူ့ဘဝမှာ အဓိပ္ပါယ်မရှိပါဘူး။ ယုံကြည်ခြင်းမရှိရင် ကျန်ုပ်တို့ပြုနေတဲ့အပြောအဆို‌တွေ အပြုအမူတွေ ကျင့်နေတဲ့ဖြူစင်ခြင်းတွေဟာ အဓိပ္ပာယ်ကင်းမဲ့နေပါတယ်။ ယုံကြည်ခြင်းရှိရင်တော့ ကျွန်ုပ်တို့ဆွဲထားတဲ့ လက်ဝါးကားတွေ၊ ခံထမ်းနေတဲ့ ဒုက္ခစရိယာတွေ ပူဇော်နေတဲ့ချိုးခြံခြင်းတွေဟာ အဓိပ္ပါယ်ရှိပါတယ်။

ယုံကြည်ခြင်းဟာ သူတော်စင်ဘဝရဲ့ အသက်သွေးကြောမကြီးဖြစ်ပါတယ်။ ယုံကြည်ခြင်းမရှိရင် သူတော်စင်တစ်ဦးအနေနဲ့ ဘုရားသခင်အလိုရှိတဲ့ ပုံစံအတိုင်းကျင့်ကြံနေထိုင်ဖို့မလွယ်ပါဘူး။

၁။ ရှင်ပေါလူးက “ဖြောင့်မတ်တဲ့သူဟာ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ရမယ်” လို့ပြောပါတယ်။ ကျွန်ုပ်တို့သူတော်စင်တွေလည်း ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ကြရပါမယ်။ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းက ကျွန်ုပ်တို့ရဲ့ ဘဝကို လွှမ်မိုးနေရပါမယ်။ ဘုရားသခင်ရဲ့အလိုမရှိရင် ဘာမှမဖြစ်နိုင်တဲ့အတွက် အရာရာတိုင်းမှာ ဘုရားသခင်ရဲ့အလိုတော်ကို မြင်တွေ့နိုင်ရပါမယ်။ကျွန်ုပ်တို့ရဲ့ကျောင်းထိုင်ရဟန်း၊ ကျွန်ုပ်တို့ရဲ့ဆရာတော်၊ ကျွန်ုပ်တို့ရဲ့အကြီးအကဲကျွန်ုပ်တို့ရဲ့လုပ်ဖော်ဆောင်ဖက်တွေဟာ ဘုရားသခင်ရဲ့အလိုတော်နဲ့အညီ ကျွန်ုပ်တို့ရရှိတာဘဲလို့ခံယူရပါမယ်။

၂။ ယုံကြည်ခြင်းဟာ ကျွန်ုပ်တို့ ခံထမ်းရတဲ့ဒုက္ခဝေဒနာရဲ့ တန်ဖိုးကိုသိစေပါတယ်။ ယုံကြည်ခြင်းရှိတဲ့ ရဟန်း (သူတော်စင်) ဟာ လူတွေကိုကြည့်ရင် သခင်ယေဇူးကို မြင်တယ်။ လူတွေကို ကြည့်ပြီး သခင်ယေဇူးအလုပ်လုပ်နေတယ်။ သခင်ယေဇူးအစေခံနေတယ်။ သခင်ယေဇူး ဒုက္ခခံနေတယ်။ သခင်ယေဇူးလူတွေကို အုပ်ချုပ်နေတယ် ဆိုတာမြင်တယ်။

၃။ ယုံကြည်ခြင်းဟာ  ဆုတောင်းခြင်းရဲ့ တန်ဘိုးကို သိစေပါတယ်။ ယုံကြည်ခြင်းရှိတဲ့သူဟာ အမြဲဆုတောင်းတယ်။ ဝိညာဉ်ကယ်တင်ခြင်းလုပ်ငန်းမှာ ဆု‌တောင်းခြင်းဟာ အလုပ်ထက်တောင်မှ  ပိုပြီး အရေးကြီးတယ်။ ထိရောက်တယ်ဆိုတာ သိတယ်။

၄။ ယုံကြည်ခြင်းဟာ ဝိညာဉ်တစ်လုံးတန်ဘိုးကြီးမားကြောင်းကို သိစေတယ်။  ဒါ့ကြောင့် ယုံကြည်ခြင်းရှိတဲ့ ရဟန်း  (သူတော်စင်) ဟာ မိမိလက်အတွင်းမှာ အပ်နှံထားခြင်းခံရတဲ့ ဝိညာဉ်တွေဟာ ဖြူစင်အောင် သခင်ယေဇူးရဲ့ အသွေးတော်နဲ့ ဆေးကြောထားတဲ့အတွက် အလွန်တရာမှ တန်ဖိုးကြီးတယ်ဆိုတာ သိတယ်။ ယုံကြည်ခြင်းကြီးတဲ့ရဟန်း (သူတော်စင်) ဟာ ဝိညာဉ်တွေအတွက် အချိန်ပေးတယ်။ နှစ်နာခံအပင်ပန်းခံတယ်။ သခင်ယေဇူးက ပျေက်သောသိုးကို ရှာသလို ရဟန်းကအပြစ်သားကို ရှာတယ်။

၅။ ယုံကြည်ခြင်းဟာ ကျွန်ုပ်တို့ကို နှောင်သံသယာအတွက် ကြိုပြီးမြင်စေတယ်။ ကျွန်ုပ်တို့တတွေဟာ ဒီလောကကြီးမှာဘဲ ယစ်မူးပျော်မွေ့မနေသင့်ဘူး။ ဒီလောကကြီးမှာ ကျွန်ုပ်တို့တတွေဟာ ခရီးသည်တွေဘဲ။ ဒီလောကကြီးမှာ နေအိမ်နဲ့ ဥစ္စာ စီးပွားများဟာလည်း မမြဲဘူး။ အစဉ်တည်မြဲတဲ့ နှောင်သံသရာအတွက် ကျွန်ုပ်တို့ အသက်ရှင်ကြရမယ်။

ယုံကြည်ခြင်းပျောက်ဆုံးခြင်းနဲ့ယုံကြည်ခြင်းအရည်အသွေးများ အကြောင်းကို ဆက်လက်ဖော်ပြပေးအုံးမှာဖြစ်ပါတယ်။

catechism