Pathein Catholic Diocese Untitled Document
Untitled Document
(ခ) ကျေးဇူးတော်နှင့်လူ့ဇာတိ

ကျေးဇူးတော်ကို ပြင်ပမှ လာသော အထောက်အပံ့တစ်ခုအဖြစ် မှတ်ယူထားကြပါသည်။ ထိုထက်မကပါ၊ ဤအရာထက် ပိုပါသည်။ လူ၏အတွင်းသက်သို့ ဝင်ရောက်ကာ  လူ့ဇာတိကိုပြုပြင်၍ လူကိုယ်တိုင်တတ်နိုင်စေသေအရာဖြစ်သည်။

လူ့ဇာတိမှာ ကျေးဇူးတော်နှင့် ပူးပေါင်းလိုက်သည့်အချိန်မှစတင်၍ ဤအရာနှစ်ခုသည် တစ်ခုစီသီးခြားလုပ်ဆောင်လည်ပတ်သည့်အရာများ မဟုတ်တော့ဘဲ နှစ်ခုမှတစ်ခုတည်းအဖြစ်သို့ ရောက်ရှိတော့သည်။ ပေါင်းစပ်၍သွာားတော့သည်။

အသင်းတော်မှ ယုံကြည်ထားသည့်အချက်မှာ ဤသို့ပင်ဖြစ်သည်။

ဘုရားကျေးဇူးတော်နှင့် လူ့ဇာတိတို့မှာ သီးခြားအလွှာတစ်ခုစီမှ လုပ်ဆောင်နေခြင်းမျိုးမရှိပါ ဆိုသည့်အချက်ပင်ဖြစ်သည်။ နှစ်ခုတစ်ခုအဖြစ်သို့ရောက်ရှိပြီးတအူတကွပေါင်းစည်းကာ လုပ်ဆောင်နေခြင်းမျိုးဖြစ်ပါသည်။

(၁) လူ့ဇာတိ

အရင်ဦဦးဆုံး လူ့ဇာတိကို သုံးသပ်ကြည့်ကြပါစို့။ ရှင်ဩဂတ်စတင်း၏အဆိုအရ လူ့ဇာတိမှာ အဓိပ္ပာယ်နှစ်မျိုးရှိသညည်။

ပထမအဓိပ္ပာယ်မှာ အပြစ်တွင်းသို့အကျရောက်မီ ရှေးဦးပိုင်ဆိုင်ထားသော လူသား၏ ပင်ကိုယ်ဇာတိပကတိဖြစ်ပါသည်။ သူပိုင်ဆိုင်ထားသော အတွင်းအပြင်အရာများအားလုံး ပူးပေါင်းထားသည့်အရာအဖြစ် ယေဘုယျအားဖြင့် နားလည်၍ရသည်။ အထက်၌ ဆွေးနွေးခဲ့သည့်အတိုင်း ဤအရာများအားလုံး၏ အခြေခံအဖြစ် "ဘုရား၏ပုံသဏ္ဍာန်တော်" ကိုတွေ့ရကာ ဘုရားနှင့်အဆက်အသွယ်ပြုနိုင်သူ၊ ဘုရားနှင့်ဖန်ဆင်းခံများကြား ရပ်တည်ဆက်သွယ်ပေးသည့် ပုဂ္ဂိုလ်အဖြစ် နားလည်ရမည်။

အခြားအဓိပ္ပာယ်တစ်ခုမှာ မိဦးဖဦးတို့အပြစ်တွင်းသို့ ကျရောက်ပြီးနောက် လျော့ကျခဲ့ရသောအဆင့်၌ရှိသည့် အဖြစ်အခြေအနေဖြစ်ပါသည်။ သေဆုံးရမည့်သတ္တဝါအဖြစ် မွေးဖွားလာသည့်အခြေအနေ၊ အမိုက်မှောင်ဖုံးပိတ်မှုကြောင့် မျက်ကန်းဖြစ်ရသည့်အခြေအနေ၊ အသွေးအသား၏ကျေးကျွန်အဖြစ်နောက်ဆုံးဦးတည်ရာဖြစ်သည့် စီရင်ခြင်းခံရမည့်အခြေအနေတို့ပင်ဖြစ်သည်။

ဤကျဆုံးခဲ့သော ဇာတိပကတိ၌ အထက်ကဆွေးနွေးခဲ့သည့် လူ့အတွင်းရှိဘုရား၏ ပုံသဏ္ဍာန်တော်သည် ပျောက်ကွယ်မသွားသော်လည်း ပုံမှန်အခြေအနေမရှိတော့ဘဲ ပုံပျက်ပန်းပျက်ဖြစ်သွားရသည်။ ထိုသို့လုံးဝပျက်သွားခြင်းမဟုတ်သောကြောင့် ဘုရားနှင့်အဆက်အသွယ်ပြုလိုသော ဇာတိမှာ လူသားအားလုံး၏ အနက်ရှိုင်းဆုံးသောနေရာတွင် တည်ရှိနေသေးသည်။ သို့သော် စိတ်ဓာတ်ခွန်အားလျော့နည်းခဲ့ရသည်။ အသိဥာဏ်လည်း မှုန်ဝါးဝါးဖြစ်သွားရတော့သည်။ ကိလေသာ၏လွှမ်းမိုးမှုအောက်သို့ရောက်ခဲ့ရသည်။ ထိုအရာများသည် အပြစ်ရင်း၏ ကွင်းဆက်ရလဒ်များပင်ဖြစ်သည်။ 

(၂) ကျေးဇူးတော်

ကျေးဇူးတော်၏လှုပ်ရှားလည်ပတ်ပုံအခြေအနေကို အထက်၌ဆွေးနွေးခဲ့ပြီးဖြစ်သည်။ ဇာတိပကတိနှင့်ကျေးဇူးတော်မှာ အလွှာနှစ်လွှာ၌ မပူးပေါင်းကြဘဲ သီးခြားလှုပ်ရှားနေကြသောအရာများ မဟုတ်ပါ။ တစ်ခုတည်းအဖြစ်တည်ရှိလာကာ လှုပ်ရှားလည်ပတ်ခြင်းဖြစ်သည်။ ဘုရားအဖြစ်တော်နှင့်လူ့အဖြစ်တော် ပူးပေါင်းလိုက်ခြင်းဖြစ်သည်။ 

ရှင်ယောဟန်ဧဝံဂေလိကျမ်းသည် ဤသို့ လူ့ဇာတိမှဘုရားဇာတိထဲသို့ ဆက်နွယ်ခွင့်ရသည့်အဖြစ်ကို အလေးပေးဖော်ပြထားသည် (ယောဟန် ၁၅)။ ရှင်ဩဂတ်စတင်းအပါအဝင် ရှေးဦးအသင်းတော်ဖခင်များက ဤကဲ့သို့ နားလည်ခဲ့ကြသည်။ ရှင်သောမတ်စ်အကွိုင်းနက်စ်နှင့် အလယ်ခေတ်မှ ပညာရှင်များကလည်း ထိုဆက်နွယ်ခြင်းကို ဤသို့နားလည်ခဲ့ကြသည်။ နှင်းဆီပန်းပင်တစ်ပင်ကို 'ပွင့်စေ' ဟု အပေါ်စီးမှ အမိန့်ပေးကာ ပွင့်စေနိုင်သော်လည်း ဘုရားသည် ဤသို့ မလုပ်ခဲ့ပါ။ နှင်းဆီးပန်းပင်၏ ဇာတိအထဲသို့ ဝင်ရောက်ပြင်ဆင်ပြီး ပန်းပွင့်အဖြစ် သူ့ဇာတိမှ ပွင့်လာစေသည်။ 

အလယ်ခေတ်တွင်လည်း ကျေးဇူးတော်ဆိုသည့်အရာကို ဇာတိပကိအားအတွင်းသက်၌ပြင်ဆင်ပေး၍ မိမိကိုယ်တိုင်တတ်စွမ်းနိုင်သူဖြစ်စေသည့်အရအဖြစ် နားလည်ခဲ့ကြသည်။ 

(၃) လူ့ဇာတိနှင့်ဘုရားကျေးဇူးတော် တစ်ခုတည်းဖြစ်သွားခြင်း

ဘုရားသခင်သည် လူသား၏အပြင်ဘက်မှ "မင်းလုပ်တော့" ဟု အထက်စီးဖြင့် အမိန့်ပေးခြင်းမဟုတ်ပါ။ လူ့ဇာတိကို အတွင်းမှပြုပြင်ပေး၍ မသီးမပွင့်နိင်သော လူ့ဇာတိကို သီးပွင့်နိုင်သောအရာအဖြစ်သို့ မြင့်တင်ပေးခြင်းဖြစ်သည်။

အသီးပွင့်လာသော အသီးအပွင့်တို့သည် လူသားထံမှ ပေါ်ထွက်လာသောအရာများသာဖြစ်စေသည်။ လူသား၏ဂုဏ်သိက္ခာကို မြင့်တင်ပေးလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ကိုယ်တော်က "အကြင်သူသည် ငါ၌တည်၍ငါသည်လည်းသူ၌တည်နေလျှင် သူသည်များစွာသော အသီးတို့ကို သီးလိမ့်မည်" ဟု ဆိုခြင်းဖြစ်သည်။ သူ့ဘက်မှ မည်သည့်အခါမှ နာမည်ကောင်းမယူပါ (ရှင်ယောဟန် ၁၅း ၅)။ 

"မင်းမလုပ်တတ်၊မကိုင်တတ်နဲ့။ ငါပေးမှ မင်းလုပ်လို့ရမှာပါကွား" ဆိုပြီး ဘုရားမှ လူကိုအပေါ်စီးမှနေ၍ မဆက်ဆံပါ။ အတွင်းသက်မှနေပြီး လူ့ဇာတိကို ပြန်လည်ပြုပြင်လှုပ်ရှားစေခြင်းဖြင့် ၎င်း၏ပင်ကိုယ်သဘောအရ သီးပွင်လာသောအခြေအနေသို့ရောက်စေသည်။ လူ၏လွတ်လပ်ခြင်းကို ချိုးဖောက်ကာ အတင်းဝင်ရောက်လာသည့် သဘောမျိုးလည်းမဟုတ်ပါ။ လူ၏လွတ်လပ်ခြင်းကို လေးစားပြီး လူ၏အတွင်းမှ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်သော စိတ်ဆန္ဒကို ပြုပြင်ဖန်တီးပေးလိုက်ခြင်းဖြစ်သည်။

အလုပ်တစ်ခုကို လုပ်ရမည်၊ လုပ်သင့်သည်ဟု နားလည်ထားသော်လည်း စိတ်ဆန္ဒမှာ မကြာခဏအားနည်းတတ်ပါသည်။ ကျွန်ုပ်တို့၏စိတ်ဆန္ဒကို တောင့်တင်းခိုင်မာစေပြီ စိတ်စွမ်းအင်များကို မြင့်မားစေခြင်းမှာ ကျေးဇူးတော်ပင်ဖြစ်ပါသည်။ ဤအချက်ကို ရှင်ပေါလူးနှင့် ရှင်ဩဂတ်စတင်းအပေါအဝင် အခြားသောရဟန္တာများတွေ့ကြုံခဲ့ရသော ကိုယ်တွေ့ အဖြစ်အပျက်များက သက်သေခံပါသည်။

မကြာခဏဆိုသလို ကျွန်ုပ်တို့၏စွမ်းအင်မှာ အားနည်းသည်ကို တွေ့ကြုံကြရသည်။ သေးငယ်သော စွဲလမ်းတတ်မက်မှုများကိုပင် စွန့်လွတ်ရန်ခက်ခဲသည်ကို မကြာခဏကြုံတွေ့ရပါသည်။ ကျေးဇူးတော်ကိုသတိရကာ ယုံကြည်စွာဖြင့် စိတ်စွမ်းအင်ကို မြင့်တင်နိုင်ပါသည်။

"မကောင်းသော စွဲလမ်းတတ်မက်မှုများမှ လွတ်မြောက်နိုင်ရန်"ဆိုသည့် ဆုတောင်းခြင်း၏  ရည်ရွယ်ချက်များကိုတစ်ခါတစ်ရံ ကျွန်ုပ်တို့ကြားရပါသည်။ အင်မတန်မှ မှန်ကန်သောတောင်းလျှောက်ချက်ဖြစ်ပါသည်။ အပြစ်၏ကွင်းဆက်အကျိုးကြောင့် ချိနဲ့လျက်ရှိသော စိတ်စွမ်းအား၏ တည်ရှိမှုအဖြစ်မှန်ကို ဖော်ပြလျက်ရှိသောတောင်းလျောက်ချက်ဖြစ်ပါသည်။

"ငါနှင့်ကင်းကွာလျှင် 'မည်သည့်' အရာကိုမျှ မတတ်နိုင်" (ရှင်ယောဟန် ၁၅း ၅)။ 'မည်သည့်အရာ' ဆိုသည့်အချက်မှာ ဤနေရာ၌ ကြီးမားသောအရာများပါပြီး သေးငယ်သောအရာလေးများမပါဟု မဆိုလိုပါ။ အရာအားလုံးပါဝင်သည်ဟု အဓိပ္ပာယ်ရပါသည်။ ကြီးမားသောလိုအပ်ချက်များအတွက်သာ သူ့ကိုအားကိုးရမည်ဟု ကျွန်ုပ်တို့မှတ်ယူကြသည်။ အမှန်တကယ်မှာ ကြီးမားသောအရာများသာမက သေးငယ်သောအရာများအတွက်ပါ အားကိုးကြရမည်ဖြစ်သည်။ 

ရှင်ယောဟန်ကျမ်း၌ ရေမှစပျစ်ရည်သို့ ပြောင်းလဲခြင်းသည် လူ့ဇာတိကို မတူညီသော အဖြစ်အခြေအနေတစ်ခုသို့ ပြောင်းလဲမည့်အကြောင်း ကြိုတင်ပြသခြင်းပင်ဖြစ်သည်။

ကျွန်ုပ်တို့သည် သေးငယ်သောအရာများဟု ထင်ရသောအရာများအတွက် ကျေးဇူးတော်မလိုအပ်ပါဟု မှတ်ယူကာ ကိုယ့်ကိုယ်ကိုအားကိုးနေသူများ ဖြစ်တတ်ကြပါသည်။ ဆုတောင်းလိုသော စိတ်ဆန္ဒသည် ကျေးဇူးတော်ကြောင့်သာ ဖြစ်လာရသည်ကို နားလည်ရန်လိုအပ်သည်။

ကိုးကားစာအုပ်

ဆုတောင်းခြင်း၊ မြတ်သောအယူဝါဒကို ချဉ်းကပ်ခြင်း။ ဘာသာပြန်သူ-ဖာသာရ် ဖလောရင်းစ်အောင်ကျော်ဦး

 

 

 

 

catechism