Pathein Catholic Diocese Untitled Document
Untitled Document
(၂) ခရစ်တော်၏ လူသားအဖြစ်တော်

လူသား၏ ပြည့်ဝစုံလင်ခြင်းအားလုံးကို သခင်ခရစ်တော်၌တွေ့ရပါသည်။ အစဉ်အမြဲပြည့်ဝစုံလင်သော လူသားအဖြစ်ကို ခရစ်တော်၌ တွေ့ရပါသည်။ ထာဝရပြည့်ဝစုံလင်သော၊ ပြန်လည်ယုတ်လျော့သွားရန်မရှိသော လူပီသလှသည့် “လူသားဖြစ်ခြင်းကို” ကိုယ်တော်၌တွေ့ရသည်။ ကျွန်ုပ်တို့ အားလုံး ရှာဖွေလျက်ရှိကြသော ဘဝ၏အဓိပ္ပာယ်အားလုံးကို ကိုယ်တော်၌ တွေ့ရပါသည်။

ဖန်ဆင်းခြင်း၌ ဘုရားသခင်၏ရည်ရွယ်ချက်ကို ယေဇူးသခင်၏လူသားအဖြစ်တော်တွင် တွေံရသည်။ လူအားလုံးသည် သူ့၌ပြည့်ဝစုံလင်ခြင်းသို့ရောက်စေရန်ဖြစ်သည်။ ဖန်ဆင်းခြင်းသည် ခရစ်တော်ကို ညွှန်ပြလျက်ရှိသော ပုံကြမ်းတစ်ခုဖြစ်လေသည်။ ဖန်ဆင်းခြင်းအားလုံးသည် သူ့၌ပြီးပြည့်စုံခြင်းသို့ ရောက်ရှိလေသည်။

ထို့ကြောင့် ကျွန်ုပ်တို့ လူသားများသည် ခရစ်တော်၏ညီအစ်ကို မောင်နှမဖြစ်နိုင်သူများဖြစ်ကြသည်။ လူသားများသည် ခရစ်တော်နှင့် “တစ်လုံးတစ်ဝတည်း” ဖြစ်နိုင်သော ဖန်ဆင်းခံပုဂ္ဂိုလ်များဖြစ်ကြသည်။ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းရှိလာကြပါတော့သည်။

ဤသို့ခရစ်တော်နှင့်ဆက်နွယ်လာရခြင်းသည် လူသားများအနေဖြင့် ခရီးတစ်ခုအပေါ် (ဦးတည်းချက်လားရာ) တွင်စတင်ခရီးပြုနေပြီဆိုသည့်အချက်ကို ညွှန်းပြပါသည်။ လူ့ဘဝကိုတဝဲလည်လည်ဖြင့် မည့်သည့်နေရာသို့မျှရွေ့လျားခြင်းမရှိသောအရာတစ်ခုအဖြစ် မမှတ်ယူရပါ။ ဘဝသည် ရွေ့လျားခြင်းတစ်ခုအပေါ်၌တည်ရှိနေသည်။ ဦးတည်ချက်လားရာတစ်ခုရှိနေသည်။ ကိုယ်တော်နှင့် ဆက်နွယ်လိုက်ခြင်းကြောင့် လူသး၏ဘဝမှာ ‘ပြောင်းလဲခြင်း’ ၏လမ်းမပေါ်၌ ခရီးနှင်နေပြီဖြစ်သည်ကို သတိရပါ။ ထို့ကြောင့် ငါဟူသော ‘ငါ’ အစစ်ကို ရာနှုန်းပြည့်မတွေ့ရသေးပါ။ ငါလိုချင်သော ‘ငါ’ ၏ အပြည့်ဝဆုံးပုံစံသို့ရောက်ရှိရန် ထုဆစ်ခြင်းအဆင့်၌သာ ရှိပါသေးသည်။ အဆုံး၌ ‘ငါ’ အစစ်ကို တွေ့ရှိပိုင်ဆိုင်ကာ ငါသည် ‘ငါ’ ဖြစ်လာတော့မည် ဖြစ်ပါသည်။ ငါ့ကိုငါ ရှာမတွေ့သေးဘဲ လက်ရှိတွေ့နေသော ငါသည်လည်း ‘ငါအစစ်’ ဖြစ်ဖို့ရန် လမ်းကြောင်းပေါ်၌သာရှိသေးကြောင်း အတွေ့အကြုံအရ ကျွန်ုပ်တို့အားလုံး သိရှိနေကြသည်။ ကျွန်ုပ်တို့ဘဝကို ကျွန်ုပ်တို့အပြည်အဝ မပိုင်ကြသေးပါ။ နေချင်သေးသော်လည်း မနေရ၊ သေချင်သေးသော်လည်း မသေနိုင်သေးသည့်ဘဝအခြေအနေမျိုးကြုံဖူးသူများသည် ဤအချက်ကို ပိုမိုနားလည်မည်ဟု ထင်မိပါသည်။ တချို့က စောဒက တက်ကြမည်။ ဥစ္စာပစ္စည်း ကုံလုံကြွယ်ဝသူများသည် မိမိဘဝကို မိမိ ပိုင်ကြသည်ဟု ပြေကြမည်။ ထိုသူတို့သည်လည်း မိမိကိုယ်မိမိ ပိုင်သူများမဟုတ်ကြသေးပါ။

လူအများအနေဖြင့် လောကအရာများကိုသာ “ဘဝအသက်တာ” ဟု ထင်မှတ်ကြသည်။ “ဥစ္စာရှိလျှင် ဘဝရှိပြီး၊ အာဏာရှိလျှင် ဘဝရှိပြီ” ဟု ထင်မှတ်ကြသည်။ ထိုအရာများကို ပိုင်ဆိုင်ခြင်းမှာ မကောင်းဟု မဆိုလိုပါ။ လူသားများအတွက် အသုံးချနိုင်လျှင် ထိုအရာများသည်လည်း ကောင်းပါသည်။ (မှတ်ချက်-လောကအရာ၌ တိုးတက်အောင်မြင်ရန် ကြိုးစားဖို့မလိုဟု မဆိုလိုပါ။ ရနိုင်သမျှအရင်းအမြစ်များကို အသုံးပြုလျက် ဘုရားကိုအားကိုးကာ အစွမ်းကုန်ကြိုစားရမည်ဖြစ်သည်။)

ဤနေရာ၌အဓိကဆွေးနွေးလိုသည့်အချက်မှာ “ဘဝဆိုတာဘာလဲ”၊ လူဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ” ဟူသောမေးခွန်းများ၏ အဖြေကိုရရှိရန် ကြိုးစားပြီးဆင်ခြင်တွေးတောခြင်းသာဖြစ်ပါသည်။ “ငါဆိုသောပုဂ္ဂိုလ်ကို အဘယ်မှာ ရှာနိုင်မည်နည်း” ဟုအစဉ်အမြဲစူးစမ်းနေရမည်ဖြစ်သည်။ သမ္မာကျမ်းစာ၌ အစဉ်တည်မြဲသော ‘ငါ’ ကို ခရစ်တော်၌သာတွေ့ရသည်ဟု ကျွန်ုပ်တို့အားလုံး တစ်ညီတစ်ညွတ်တည်း ယုံကြည်ကြပါသည် (ယောဟန် ၁၂း ၃၂၊ ပ-ကောရိန်သု ၁၅း ၄၄-၄၈)။ ခရစ်တော်သည် ထာဝရတည်တံ့မည့် လူသားမျိုးနွယ်၏ အစဦးဆုံးသောပုဂ္ဂိုလ်ဖြစ်ပြီး သူနှင့်ဆက်နွယ် လာသူဟူသမျှသည်လည်း ထာဝရတည်သော ‘ငါ’ ကို ကိုယ်ပိုင်အဖြစ် ပိုင်ဆိုင်လာကြမည်ဖြစ်သည်။  ထို့ကြောင့် ကိုယ်တော်နှင့် အစဉ်အမြဲအဆက်အသွယ်မပြန်ရန်လိုအပ်သည်။ ခရစ်တော်သည် လူ့အဖြစ်ကိုယူတော်မူစဉ်က မပြည့်ဝ၊ မစုံလင်သော လူ့အဖြစ်ကို ယူခဲ့ပါသည်။ ကယ်တင်ခြင်းလုပ်ငန်းပြီးသည့်နောက် ဤမပြည့်ဝ၊ မစုံလင်သောလူ့အဖြစ်ကို ပြည့်ဝစုံလင်သောလူ့အဖြစ်သို့ ပြောင်းလဲပေးခဲ့ပါသည်။

‘တစ်နွယ်ငင် တစ်စင်ပါ’ ဆိုသကဲ့သို့ လူသားတစ်ဦး၏ ပြည့်ဝစုံလင်ခြင်း၌အားလုံးသောသူများပါ ပါဝင်နိုင်သောအခွင့်အရေးကို ကမ်းလှမ်းခဲ့ပါသည်။ “မိုးကောင်းကင်သို့တက်ကြွတော်မူ၏” ဆိုသောယုံကြည်ရာအချက်၌ ကျွန်ုပ်တို့သဘောပေါက်ထားရမည်မှာ ဘုရားအဖြစ်တော်ဖြင့် တက်ကြွသွားသည်ဟု ဆိုခြင်းထက် လူ့အဖြစ်တော်ဖြင့် တက်ကြွသွားသည်ဆိုသည့်အချက်ကို ပို၍အလေးပေးကာ ထောက်ရှုသင့်သည်။ ဘုရား၏နယ်ပယ်ထဲသို့ ဘုရားပြန်ပြီးဘုန်းဝင်စားခြင်းသည် အဆန်းမဟုတ်ပေ။ ဘုရား၏နယ်ပယ်ထဲသို့ လူသားစင်စစ်တစ်ဦး ဝင်စားသွားသည့်အဖြစ်သည် တစ်ခါမှ မရှိခဲ့ဖူးသော အဖြစ်အပျက်တစ်ခုဖြစ်သည်။

ကျွန်ုပ်တို့အားလုံး ယခုပိုင်ဆိုင်ထားသော လူ့ဇာတိကို ရှိရင်းစွဲအခြေအနေမှ တစ်ဆင့်နိမ့်သောအခြေအနေသို့ ကျဆင်းသွားခဲ့ရသောအဖြစ်ဖြင့် နားလည်ထားကြသည်။ ဤသို့တစ်ဆင့်နိမ့်သောအခြေအနေကို ပြန်လည်မြင့်တင်ပြီးအကောင်းဆုံးအခြေအနေတစ်ခုသို့ တင်မြောက်ခဲ့သည်။ ဤကယ်တင်ခြင်းလုပ်ငန်းစဉ်ကို ခရစ်တော်၏ လူ့ဇာတိ၌ အကောင်အထည်ဖော်ခဲ့သည်။ အောက်ပါဥပမာကိုကြည့်ပါ။

catechism