Pathein Catholic Diocese Untitled Document
Untitled Document
ယုံကြည့်ခြင်း၏အဓိပ္ပာယ်နဲ့သဘောသဘာဝ

မေရီမာဖီ (Mary Murphy) လို့ခေါ်တဲ့ အမျိုးသမီးကြီးတစ်ယောက်ရှိခဲ့တယ်။ အသက်အရွယ်အားဖြင့် (၆၀) ကျော်  (၇၀) ခန့်ရှိပြီး။ သူမဟာ မနက်တိုင်း မစ္ဆားနာပြီး ကိုယ်တော်မြတ်ပင့်တယ်။ ညနေတိုင်းလည်း ဘုရားကျောင်းမှာ ကိုယ်မြတ်လာလာဖူးတယ်။ တစ်နေ့တော့ သူမဟာ ကိုယ်တော်မြတ်ဖူးကအပြန် ကျောင်းထိုင်ဘုန်းတော်ကြီးက ကိုယ်တော်မြတ်ဖူးဘို့ ဘုရားကျောင်းကိုအသွားလမ်းမှာ ဆုံကြတယ်။

ဘုန်းတော်ကြီးက “မေရီ, မင်္လာပါ” လို့ နှုတ်ခွန်းဆက်သလိုက်တယ်။ မေရီကလည်း “မင်္လာပါ” လို့ ဘုန်းတော်ကြီးကို ပြန်ပြီးနုတ်ဆက်တယ်။ ဘုန်းတော်ကြီးက “မေရီ, သင့်ကို ကျွန်ုပ်တစ်ခုမေးမယ်။ ယုံကြည်းခြင်းဆိုတာ ဘာအဓိပ္ပာရှိလဲ။

မေရီက “ကိုယ်တော်..တပည့်တော်မက အတန်းပညာမရှိဘူး။ ဘုရားစကားလည်း ကောင်းကောင်းမသင်ခဲ့ရဘူး။ ကိုယ်တော်က တပည့်တော်ကို နှောက်နေပြန်ပြီး” လို့ ပြန်ပြောလိုက်တယ်။ ဘုန်းတော်ကြီးက “နှောက်နေတာမဟုတ်ပါဘူး မေရီ၊ ပြောကြည့်စမ်းပါ” လို့ ထပ်ပြောလိုက်တယ်။ မေရီက “ယုံကြည်ခြင်းဆိုတာ ဘုရားသခင်ရဲ့ နုတ်ကပတ်တော်အတိုင်း ဘုရားသခင်ကို လက်ခံယုံကြည်ခြင်းပင်ဖြစ်တယ်” လို့ ဖြေလိုက်တယ်။

Faith is taking God at His word.”

မှန်ပါတယ်။ ယုံကြည်ခြင်းဆိုတာ ဘုရားသခင်ဖွင့်လစ်ထုတ်ဖော် မိန့်တော်မူတဲ့အတိုင်း လက်ခံယုံကြည်ခြင်းဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ဗျာဒိတ်တော်အတိုင်း ယုံကြည်တာဟာ မှားယွင်းခြင်းနဲ့ကင်းပြီး သစ္စာသမ္မာဓိနဲ့ ပြည့်စုံတဲ့ ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို ဘယ်တော့မှ မလိမ်မညာဘဲ ဗျာဒိတ်တော်ထားတဲ့အတွက်ဘဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ယုံကြည်ခြင်းဟာ ကျွန်ုပ်တို့ရဲ့ အသိပညာနဲ့ဆင်ခြင်တုံတရား၊ ပညာနဲ့ သမ္မာတရားတို့ကို ဘုရားသခင်အား အကြွင်းမဲ့ ဆက်ကပ်လိုက်ခြင်းပင်ဖြစ်ပါတယ်။

ယုံကြည်ခြင်းဟာ ဘုရားသခင်ပေးသနားတဲ့ကျေးဇူးပါရမီဖြစ်တယ်။ ဘုရားသခင်ရဲ့ ဘုန်းတန်ခိုးအာနုဘော်တော်ကြောင့် ဘုရားသခင်ဖွင့်လှစ် ထုတ်ဖော်မိန့်တော်မူသမျှနဲ့ အသင်းတော်အားဖြင့် ဘုရားသခင်ရဲ့ ဆုံးမသွန်သင်ခြင်းဟူသမျှကို လက်ခံခြင်းဟာ ယုံကြည်ခြင်းပင် ဖြစ်တယ်။

“ယုံကြည်ခြင်းဟာ မမြင်မတွေ့ရတဲ့အရာကို ယုံကြည်မျှော်လင့်ခြင်းဖြစ်တယ်” လို့ ဟေဗြဲ ၁၁း ၁ မှာ‌ဖော်ပြထားပါတယ်။ ဒီလိုဆိုတော့ လူတွေက မမြင်မတွေ့ရတဲ့အရာကို ယုံကြည်မျှော်လင့်နေခြင်းဟာ အဓိပ္ပါယ်မရှိပါဘူးလို့ ပြောကြပါလိမ့်မယ်။

စိန့်သောမတ်အကွတ်နပ်စ် က “လူ့ရဲ့ အသိဉာဏ်ဟာ နည်းပါးလွန်းပါတယ်။ ဉာဏ်ကြီးရှင်တွေတောင်မှ လောကဓာတ်ပညာနဲ့ ပျားပိတုန်းလေးတွေရဲ့ အကြောင်းကို ဃဃဏဏ မသိနိုင်ကြဘူးတဲ့။” တစ်ခါတော့ သိပ္ပံပညာရှင်တစ်ဦးက ပျားကလေးတွေရဲ့အကြောင်းကို သိရှိဖို့ အနှစ်သုံးဆယ်တိုင်တိုင်လေ့လာတယ်။ ဒီလောက်အချိန်ကုန်ခံလေ့လာပေမယ့်လည်း ပျားကလေးတွေရဲ့ အကြောင်းကို အကုန်အစင် မသိနိုင်ခဲ့ပါဘူး။ ဒီလောက်သေးနုတ်တဲ့ ပျားလေးတွေရဲ့အကြောင်းကိုတောင် ဉာဏ်ကြီးရှင်တွေ လောကဓါတ်ပညာရှင်တွေမမှီနိုင်ရင် အလွန်တရာမှကြီးမြတ်တဲ့ ဘုရားသခင်ကို သိရှိဖို့ဆိုတာ ဝေးပါလိမ့်မယ်။ ဒါ့ကြောင့် ယောဘ (JOB 36: 26) က “ကျွန်ုပ်တို့ ဉာဏ်မမှီနိုင်လောက်အောင် ဘုရားဟာကြီးမြတ်တော်မူတယ်” လို့ ဖော်ပြထားပါတယ်။

ယုံကြည်ခြင်းရှိရန်လိုအပ်ခြင်း

ကျွန်ုပ်တို့ကယ်တင်ခြင်းရရှိရန် ယုံကြည်ခြင်းရှိဘို့ လိုအပ်တယ်။ သမ္မာကျမ်းစာအုပ်ရဲ့ စာမျက်နှာတွေကို လှန်ကြည့်ရင် ကယ်တင်ခြင်းရရှိဖို့ ယုံကြည်ခြင်းအဓိကဖြစ်တယ် ဆိုတာတွေ့နိုင်ပါတယ်။ ဝိညာဉ်ရေးမှာတိုးတက်ဘို့လည်း ယုံကြည်ခြင်းရှိဘို့ လိုပါတယ်။ ဒုက္ခအခက်အခဲတွေ စုံစမ်းနှောက်ယှက်ခြင်းတွေနဲ့ တွေ့ကြုံရင်ဆိုင်ရရင်လည်း ယုံကြည်ခြင်းရှိဘို့ဘဲလိုပါတယ်။

ဓမ္မဟောင်းကျမ်းမှာ ဘုရားသခင်က ယုံကြည်ခြင်းကြီးတဲ့ သူတော်စင်ကြီးတွေကို ဆုချခဲ့တယ်။ အထူးသဖြင့် ယုံကြည်ခြင်းကြီးတဲ့သူကတော့ အာဗြံဟန် ဘဲဖြစ်ပါတယ်။

ဓမ္မသစ်ကျမ်းမှာလည်း သခင်ယေဇူးက သူ့ရဲ့တပည့်တော်ကြီးတွေကို ယုံကြည်ခြင်းရှိကြဖို့ ဆုံးမခဲ့တယ်။ ကယ်တင်ခြင်းရရှိဘို့ ယုံကြည်ခြင်းလိုအပ်ကြောင်းကိုလည်း ကိုယ်တော်မိန့်ကြားခဲ့တယ်။

၁။ ကိုယ်တော်က “ယုံကြည့်ပါ၊ ယုံကြည်ရင် ကယ်တင်ခြင်းရမယ်” လို့ (သံလူကား ၈း ၅၀) မှာ ပြောထားပါတယ်။

၂။ ယုံကြည်ပြီး ဆေးကြောခြင်းမင်္ဂလာကို ခံယူရင်ကယ်တင်ခြင်းခံရမယ်။ မယုံကြည်ရင်တော့ ပျက်စီးခြင်းကို ရောက်မယ်” လို့ (ရှင်မာကု ၁၆း ၁၆) မှာ ပြောသေးပါတယ်။

၃။ “ငါဟာ ရှင်ပြန်ထမြောက်ခြင်းနဲ့ အသက် ဖြစ်တယ်။ ငါ့ကို ယုံကြည်ရင် သေပြီးသော်လည်း ရှင်ပြန်ထမြောက်ရမယ်” လို့ (ရှင်ယောဟန် ၁၁း ၂၅) မှာ ပြောပါတယ်။

ပုသိမ်ကက်သလစ်ခရစ်ယာန်ဂိုဏ်းအုပ်သာသနာရဲ့ သက်ကြီးဝါကြီးရဟန်းတစ်ပါးရဲ့ ဟောပြောဝေမျှချက်အဟောင်းကို ပြန်တင်ပေးခြင်းဖြစ်ပါတယ်။

ရဟန်းနဲ့ယုံကြည်ခြင်းအကြောင်းကို တင်ပေးပါအုံးမည်။

catechism