Pathein Catholic Diocese Untitled Document
Untitled Document
(ဃ) ခရစ်တော်၌ အားလုံးပြီးပြည့်စုံစေခြင်း (CCC 522,518,668,2748)

အရာအားလုံးကိုယ်တော်၌ အသစ်ပြန်လည်ပြုပြင်ခြင်း

(ဧဖက်ဆု ၁း၁၀၊ ၁း၂၂) (ပထမကောရိန်သု ၁၅း၄၇)၊ (ကော်လော်သဲ ၁း၁၈)

သခင်ယေဇူးသသည် လူသားများနှင့်အပြည့်အဝ ထပ်တူပြုပေါင်းစည်းကာမပြည့်စုံခြင်းအားလုံးကို ပြည့်စုံခြင်းသို့ရောက်စေသည်။

ကိုယ်တော်၏လုပ်ဆောင်ပေးချက်များကို ပို၍နားလည်လက်ခံနိုင်စေရန်အခြားရှုထောင့်တစ်ခုကို တင်ပြလိုက်ရပေသည်။ (Recapitulation) ကို “ပြီးပြည့်စုံစေခြင်း” ဟု ဤနေရာ၌ အဓိပ္ပာယ်ဖွင့်ရမည်ဖြစ်သည်။

သူသည် သမိုင်းတစ်လျှောက်လူသားအားလုံးကို ပြီးပြည့်စုံသူများအဖြစ်သို့ရောက်စေသည်။ သူသည်အားလုံးတွေ့ဆုံရာ ဆုံမှတ်လည်းဖြစ်သည်။ သူ၏ရှေ့မှပေါ်ထွန်းခဲ့သော ပုဂ္ဂိုလ်များနှင့် နောင်မှတည်ရှိလာကြသောသူများအားလုံးကို စုံလင်းခြင်းသို့ ရောက်စေခဲ့သည်။

ဥပမာ-ဒါဝိတ်မင်းကြီးကိုကြည့်ကြပါစို့။ သူသည် အီစရာအဲလ်လူမျိုးများအတွက် စံပြပုဂ္ဂိုလ်ဖြစ်သည်။ အီစရာအဲလ်နိုင်ငံတော်ကို တည်ထောင်ပေးမည့် ပုဂ္ဂိုလ်အဖြစ်မျော်လင့်ထားကြသည်။သို့သော်သူသည် ရာနှုန်းပြည့်ပြီးပြည့်စုံကောင်းမွန်သူတစ်ဦးတော့မဟုတ်ပေ။ကောင်းကွက်များရှိသကဲ့သို့ ချို့ယွင်းချက်၊ အားနည်းချက်များလည်းရှိနေသည်။ သူအကောင်အထည်မဖော်နိုင်ခဲ့သော အရာများလည်း ရှိပါသည်။ သူ၏နိုင်ငံတော်သည် ခဏတာသာ တည်တံ့ခဲ့သည်။

သခင်ယေဇူးသည် ဒါဝိတ်၌ရှိသော ကောင်းသည့်အရာများကို အမြင့်ဆုံသို့ရောက်စေခဲ့ပြီးဖြစ်သည်။ ချို့ယွင်းချက်များ၊အားနည်းချက်များ၊အကောင်အထည်မဖော်နိုင်ခဲ့ခြင်းများကိုလည်းအကောင်းဆုံးအရာများဖြစ်လာစေရန်ပြုပြင်ခဲ့သည်။အီစရာအဲလ်တို့မျှော်လင့်ထားသောထာဝရနိုင်ငံတော်တည်ထောင်ခြင်းကို ဒါဝိတ်မင်းကြီးအနေဖြင့် မစွမ်းဆောင်နိုင်ခဲ့သော်လည်း သခင်ခရစ်တော်သည် အကောင်အထည် ဖော်ကာ  ပြီးမြောက်စေမည်ဖြစ်သည်။

ဓမ္မဟောင်းရှိ ဘိုးဘေးများ၊ ဘုရင်များ၊ ပရောဖက်များသည်လည်း ထိုနည်းတူပင် သူတို့၏ပြည့်ဝစုံလင်း ခြင်းကို သခင်ယေဇူး၌သာပြန်လည်ရရှိခဲ့ကြသည်။

အတင်းအဓမ္မရောင်းစားခြင်းကို ခံခဲ့ရသော်လည်း မိမိအားရောင်းစားခဲ့ကြသူများအတွက် အသက်ဆက်ပေးခဲ့သော ဂျိုးဇက်သည် သခင်ယေဇူး၏ ရှေ့ပြေးပုံရိပ်ဖြစ်ခဲ့သည်။

ပရောဖက်တစ်ပါးစီ၏ အဖြစ်အပျက်တိုင်းသည်လည်း ယေဇူးသခင်၏ရှေ့တော်ပြေးဖြစ်ပျက်ခဲ့သော အခြင်းအရာများဖြစ်သည်။

ထို့ကြောင့် ဓမ္မဟောင်း၌ ရှိခဲ့ကြသော သူတော်သူမြတ်များအားလုံးသည် ကိုယ်တော်၌ ပြည့်ဝစုံလင်ခြင်းသို့ ရောက်ကြသည်။ တစ်ပါးစီ၌ရှိသော ချို့ယွင်းချက်များကိုလည်း အသစ်ပြုပြင်ကာ အကောင်းဆုံးဖြစ်စေခဲ့သည်။ ဤသို့ဖြင့်သူတို့တစ်ဦးစီ၏ အဖြစ်အပျက်များသည် သခင်ယေဇူး၏ နက်နဲရာအချက်များ၊ မြုပ်ကွယ်နေသောအဖြစ်များဖြစ်ကြသည်။ ကျွန်ုပ်တို့တစ်ဦးစီ၏ အဖြစ်အပျက်များ၌လည်း သခင်‌ယေဇူး၏ နက်နဲရာအချက်များမြုပ်ကွယ်နေသည်။ သခင်ယေဇူးသည် ဒါဝိတ်မင်းကြီး မတည်ထောင်နိုင်ခဲ့သော ထာဝရနိုင်ငံတော်ကို တည်ထောင်ခဲ့သည်။ ဒါဝိတ်မင်းကြီး ပျက်ကွက်ခဲ့သည့်အရာများကို ဖြည့်စွက်ခဲ့သည်။ ကျူးလွန်ခဲ့သည့် အပြစ်များအတွက် သခင်ခရစ်တော်သည် ဆပ်ဖြေပေးခဲ့သည်။ အတိုချုပ်ပြောရလျှင် ဒါဝိတ်၏ကောင်းကွက်များကို ပြည့်စုံခြင်းသို့ရောက်စေခဲ့ပြီး ဒါဝိတ်၏ မကောင်းမှုများကိုလည်း ပြုပြင်ပေးခဲ့သည်၊ ကောင်းမွန်စေခဲ့သည်။ ဤကဲ့သို့ ပြုလုပ်ခြင်းလုပ်ငန်းစဉ်ကို အသင်းတော်၏ ဖခင်ကြီးများက (Recapitulation) ဟု ခေါ်ခဲ့သည်။ ကျွန်ုပ်တို့အနေဖြင့် ဤနေရာ၌ “ပြည့်စုံစေခြင်း” ဟုသာ အနက်ဖွင့်လိုပါသည်။

ဤသို့ဖြင့် ဓမ္မဟောင်းကာလ၌ ရှိခဲ့သော ပုဂ္ဂိုလ်များကို ပြည့်စုံစေခဲ့သည်။ လူပုဂ္ဂိုလ်များသာမက အရာအားလုံးကို သူ၌ဆုံစည်းစေပြီး ပြည့်စုံစေခဲ့သည်။ ဝတ်ပြုကိုးကွယ်ခြင်းများ၊ ပူဇော်သက္ကာရများ၊ လူပုဂ္ဂိုလ်များနှင့် အမှတ်အသားများအားလုံးကို ပြည့်စုံခြင်းသို့ ရောက်စေခဲ့သည် (CCC 522)

ဝတ်ပြုကိုးကွယ်ခြင်းများ၊ ပူဇော်သက္ကာရများအား အနှစ်သာရပြည့်ဝစေပြီးအထွတ် အထိပ်သို့ရောက် စေခဲ့သည်။ သူကိုယ်တိုင် ယစ်ကောင်ပူဇော်သက္ကာရဖြစ်ပြီးသူကိုယ်တိုင်ပြည့်ဝစုံလင်သော ပူဇော်သူရဟန်းအဖြစ်လုပ်ဆောင်ခဲ့သည်။ ဓမ္မဟောင်း၌တွေ့ခဲ့ရသော အမှတ်လက္ခဏာ (အမှတ်အသား) များအားလုံးကိုလည်းပြည့်စုံစေခဲ့သည်။ ဥပမာ-ဓမ္မဟောင်း၌ မိုးဇယ်ဦးဆောင်းပြီး ပင်လယ်နီကို ဖြတ်ကျော်ခြင်းသည် ဓမ္မသစ်၌ သခင်ယေဇူးမှ အပြစ်သားများအား ဦးဆောင်ကာ ဘုရားသခင်နှင့် ပြန်လည်ပေါင်းစပ်စေခြင်းဖြစ်စေခဲ့သော ရှေ့ပြေးလက္ခဏာတစ်ခုဖြစ်သည်။ ဤကဲ့သို့သော အမှတ်လက္ခဏများကိုလည်း ပြည့်စုံခြင်းသို့ရောက်စေခဲ့သည်။

ဓမ္မဟောင်း၌သာမက ဓမ္မသစ်နှင့်ဓမ္မသစ်၏နောက်ပိုင်းကာလ၊ ကျွန်ုပ်တို့၏လက်ရှိခေတ်နှင့် ကာလအဆက်ဆက်တို့၌တည်ရှိကြသော လူပုဂ္ဂိုလ်နှင့် အရာအားလုံးကိုလည်း ပြည့်စုံစေသူဖြစ်သည်။

ရှေးခေတ်လူသားများသာမက ယခုလက်ရှိ ကျွန်ုပ်တို့အားလုံးကိုလည်း ပြည့်စုံအောင်ဆောင်ရွက်ပေး နေသူမှာကိုယ်တော်သာလျှင်ဖြစ်သည်။

ဥပမာ-မောင်နီဟုခေါ်သော ကျွန်ုပ်၏မပြည့်စုံခြင်းများကို ပြည်စုံစေပြီး ပြည့်စုံလျက်ရှိသောအရာများကို အကောင်းဆုံးဖြစ်စေသည်။ မဖြူ၌လည်း ထို့သို့ပင်ဖြစ်သည်။

မပြည့်စုံသူလူသားများနှင့် ကိုယ်တိုင်ထပ်တူပြုကာ သူ၏ပြည့်စုံခြင်းကို ပေါင်းစပ်ခြင်းအားဖြင့် ပြည့်ဝ စုံလင်သော လူ့ဇာတိတစ်ခုကို ကျွန်ုပ်တို့၏အတွင်းသက်၌ဖန်ဆင်းလျက်ရှိသည်။

ကိုယ်၊ စိတ်၊ နှလုံး သုံးပါးအတိဒုက္ခရောက်နေသူနှင့် ဝိညာဉ်ရေးရာ၌ဆင်းရဲနေသူများကိုလည်း ထိုးနည်းတူ ပြည့်ဝစုံလင်ပေးလျက်ရှိသည်။ ရွှေ့ပြောင်းအလုပ်သမားများ၊ မတရားဖိနှိပ်ခံနေရသူများ၊ အနိုင်ကျင့်ခံနေရသောအမျိုးသမီးများ၊ အခွင့်အရေးဆုံးရှုုံးလျက်ရှိသော ကလေးသူငယ်များ၊ အထီးကျန်ခိုကိုးရာမဲ့သက်ကြီးရွယ်အိုများနှင့် မျှော်လင့်ချက်ကင်းမဲ့နေသော လူငယ်များ၌လည်း ကိုယ်တော်ရှိနေသည်။ လူသားအားလုံး၌ သူရှိနေသည်။

သားတော်သည် လူ့အဖြစ်ကိုယူကာ လူ့ဘဝ၏ချို့ယွင်းချက်၊ အပြစ်အနာအဆာများကို ယူဆောင်လျက် သေခြင်းအထိတိုင်အောင် အရောက်သွားခဲ့သောအဖြစ်အပျက်ကြောင့် ကျွန်ုပ်တို့နှင့်အတူရှိနေသည်ဟု အခိုင်အမာပြောဆိုနိုင်ခြင်းဖြစ်သည်။

ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူရှိပါသည်။ ကျွန်ုပ်တို့နှင့်အတူရှိနေသည်ဆိုခြင်းထက် အတွင်းအကျဆုံး ကျွန်ုပ်တို့၏ မစုံလင်သောအဖြစ်အခြေအနေများ၌သူရှိနေသည်ဆိုသည့်အချက်ကို ယုံကြည်လျက်သူ့ကိုအစဉ်အမြဲအားကိုးအားထားခြင်းပြုရန်ဖြစ်ပါသည်။

တစ်ဦးတစ်ယောက်စီ၏ ဘဝ၌သာမက အဖွဲ့အစည်းတစ်ခုလုံး၏အဖြစ်အပျက်ကိုလည်း ပြုပြင်ကောင်းမွန်စေလျက်ရှိသည်။ အီစအဲလ်လူမျိုးတို့၏ ဂတိပျက်ကွက်မှု၊ သစ္စာဖောက် သွေဖီမှုမှန်သမျှကို ကိုယ်တော်သည် ပြုပြင်၍ ပဋိညာဉ်တော်ကို ထာဝရတည်တံ့မြဲမြံစေခဲ့သည်။ ထို့ကြောင့် ကိုယ်တော်ကို “အသစ်သောအီစရာအဲလ်” ဟု ခေါ်ဝေါ်ခြင်းဖြစ်သည်။

အသင်းတော်၏မပြည့်စုံမှု၊ ချို့ယွင်းချို့တဲ့ချက်များကိုလည်း အစဉ်အမြဲပြီးပြည့်စုံစေသည်။

ဒုတိယအာဒံ၊ ဒုတိယမိုးဇယ်၊ ဒုတိယ ဒါဝိတ်စသည့်ဖြင့် ကိုယ်တော်အား နာမည်ပေးခြင်းမှာ ဤအချက်ကို သိရှိနားလည်စေရန်ဖြစ်သည်။

ချစ်ခြင်းမေတ္တာ၌ အစီအစဉ်တကျဖြစ်တည်မှုရှိနေသည်။ ပေးသူ၊ လက်ခံရရှိသူ၊ တုံ့ပြန်ခြင်း၊ အပြန်အလှန်ဝေမျှခြင်းစသည့် လုပ်ငန်းစဉ်အားလုံး၌ အစီအစဉ်တကျရှိနေသည်။ လူသားများအား ဤကဲ့သို့ အစီအစဉ်ကျနလှသည့် ချစ်ခြင်းမေတ္တာအသိုင်းအဝိုင်းသို့ခေါ်ယူရန် ဘုရားသခင်သည် သူ၌ရှိသော၊ ရှိသမျှသောအရာအားလုံးကို အသုံးပြုခဲ့ပါသည်။ အဓိပ္ပာယ်မှာ သူကိုယ်တိုင် ပါဝင်လာခဲ့ခြင်းဖြစ်ပါသည်။ လူသားကြောင့် ပျက်သုဉ်းခဲ့ရသော ဤချစ်ခြင်းမေတ္တာ အသိုင်းအဝိုင်း ကိုလည်း ပြန်လည်ပြုပြင်ကာ ထာဝရတည်ဆောက်ခဲ့ပါသည်။

ထို့ကြောင့်တစ်ဦးစီ၌ဖြစ်စေ၊အဖွဲ့အစည်းတစ်ခုလုံး၌ဖြစ်စေတည်ရှိကြသောအရာအားလုံးသည် သခင်ခရစ်တော်ကိုယ်တိုင် ပြုပြင်ပေးလျက်ရှိသော ကျေးဇူးတော်သက်ဝင်လှုပ်ရှားရာ နေရာအခင်းအကျင်းများဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ နေ့စဉ်အဖြစ်အပျက်များသည် ကိုယ်တော်၏နက်နဲရာများ ပုန်းကွယ်လျက်ရှိသောအရာများပင် ဖြစ်တော့သည်။

 

catechism