Pathein Catholic Diocese Untitled Document
Untitled Document
ယုံကြည်ခြင်းပျောက်ဆုံးခြင်း

ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းဟာ ပျောက်ဆုံးသွားနိုင်တယ်။ ဘယ်နည်းဘယ်ပုံနဲ့ ယုံကြည်ခြင်းပျောက်ဆုံးသွားနိုင်တယ်ဆိုတာ စဉ်းစားကြည့်ကြမယ်။

၁။ ယုံကြည်ခြင်းကို တန်ဖိုးမထားရင် ပျောက်ဆုံးသွားနိုင်တယ်။ ယုံကြည်ခြင်းဟာ ဘုရားသခင်ပေးသနားတဲ့ ဆုလာဘ်တစ်ပါးဖြစ်တယ်။ ယုံကြည်ခြင်းရရှိတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ဆပ်ရမယ်။ ဘုရားသခင်အပါ်မှာ ကျေးဇူးတရားမဲ့ခြင်းဟာလည်း ယုံကြည်ခြင်းပျောက်ဆုံးသွားစေနိုင်တဲ့အကြောင်းတစ်ရပ်ဖြစ်တယ်။ ဆုတောင်းခြင်းအမှုမပြုခြင်း၊ ဝိညာဉ်စာမဖတ်ရှုခြင်း၊ဘာသာတရားအကြောင်းကို လေ့လာဆည်းပူးမှုမပြုခြင်း စသည်တို့သည်လည်း ယုံကြည်ခြင်းကို ပျောက်ဆုံးသွားစေနိုင်တဲ့ အကြောင်းတရားများဖြစ်တယ်။ ဒီအမှုတွေကို မပြုရင် ဝိညာဉ်ရေးအသက်တာဟာ အင်အားချိနဲ့သွားလိမ့်မယ်။

ရဟန်း (သူတော်စင်တစ်ပါး)ဟာ အပြစ်ဒုစရိုက်ကို လျစ်လျူရှုရင် (အထူးသဖြင့်အသွေးအသားနဲ့ဆိုင်တဲ့အပြစ်ကို လျစ်လျူရင်) ယုံကြည်ခြင်းပျောက်ဆုံးဘို့သေချာပါတယ်။ ဒီလိုလျစ်လျူရှုခြင်းဟာ ယုံကြည်ခြင်းအားနည်းတဲ့ အမှတ်လက္ခဏာပါပဲ။

၂။ ရဟန်း (သူတော်စင်) တစ်ပါးအနေနဲ့ လောကဆန်လွန်းခြင်းဟာလည်း ယုံကြည်ခြင်းကို ပျောက်ဆုံးသွားစေနိုင်ပါတယ်။ လောကဆန်တဲ့ရဟန်း (သူတော်စင်) ဟာ အရာရာကို လောကရဲ့အမြင်နဲ့ ရှုမြင်တတ်တယ်။ မိမိရဲ့ သူတော်စင်ဘဝကိုလည်း လျှော့တွက်တတ်တယ်။ သခင်ယေဇူးနဲ့အသင်းတော်ချမှတ်ပေးထားတဲ့ နည်းလမ်းတွေကို အသုံးမချပဲ အခြားလောကနည်းလမ်းတွေအားဖြင့် ဝိညာဉ်တွေကို ကယ်တင်နိုင်လိမ့်မယ်လို့ ယူဆတတ်တယ်။ များသောအားဖြင့် ကိုယ့်ရဲ့ဝိညာဉ်ရေး လမ်းညွှန်အပေါ်မှာ ရိုးသားပွင့်လင်းမှုမရှိတဲ့ ရဟန်း (သူတော်စင်) ဟာ ယုံကြည်ခြင်းပျောက်ဆုံးသွားကြတာက များပါတယ်။ လောကဆန်တဲ့ သူတော်စင်ဟာ ပျက်စီးဖို့သေချာတယ်။

၃။ မာနကြီးခြင်း အချည်းအနှီးသော ဂုဏ်အသရေ၊ ရာထူး၊အဆင့်အတန်းတွေကို ခုံမင်မက်မောခြင်းတွေကလည်း ယုံကြည်ခြင်းပျက်ပြားပြီး ပျက်စီးခြင်းကို ပို့ဆောင်ပေးနိုင်တယ်။ အချို့သောရဟန်း (သူတော်စင်) များက မိမိကိုယ်ကို အသင်းတော်ကြီးထက်သော်လည်းကောင်း၊ ရဟန်းမင်းကြီးထက်သော်လည်းကောင်း ပိုပြီးသိတယ်။ တတ်တယ်လို့ သဘောပိုက်ကြတယ်။ အမိအသင်းတော်ရဲ့ သင်ကြားချက်တွေနဲ့ ကာနွန်ဥပဒေတွေဟာ လက်တွေ့မကျတော့ဘူး ခေတ်နောက်ကျနေပြီးလို့ ယူဆတတ်ကြတယ်။ မိမိရဲ့အတွေးအခေါ်ကို ဦးစားပေးပြီး မိမိရဲ့ အဆုံးအဖြတ်ကိုသာ မှန်တယ်ထင်တဲ့ သူတော်စင်တွေဟာ ယုံကြည်ခြင်းမပျက်စီးတောင်မှ အင်အားတော့ နည်းပါးသွားကြတာချည်းဘဲ။

မာနထောင်လွှာခြင်းနဲ့ မိမိကိုယ်ကိုအထင်ကြီးခြင်း (ယုံကြည်လွန်ကဲခြင်း) ဟာ အပြစ်ထဲကို ရောက်နိုင်တဲ့ အန္တရာယ်တွေရှိနေတယ်။ သူတော်စင်ဘဝနဲ့မကိုက်ညီခြင်း၊ လောကီအပျော်အပါးကိုလိုက်စားခြင်း၊ မပေါင်းအပ်တဲ့သူနဲ့ ပေါင်းဖော်ခြင်း၊ မဖတ်အပ်တဲ့စာပေများကို ဖတ်ခြင်းများဟာ ယုံကြည်ခြင်းကို ပျက်ပြားစေတဲ့အပြုအမူများဖြစ်တယ်။

ပညာမာနရှိခြင်းဟာလည်း ယုံကြည်ခြင်းအတွက် အန္တရာယ်ရှိတယ်။ ပညာမာနရှိတဲ့ သူဟာ ကိုယ့်အမှားကိုမြင်ဘို့ခက်ခဲတယ်။ အသင်းတော်ရဲ့ ညွန်ကြားချက်ကို အားလုံးလက်မခံနိုင်ဘူး။

catechism