Pathein Catholic Diocese Untitled Document
Untitled Document
(ဂ) သွေးစည်းညီညွတ်ခြင်း

ဤနေရာ၌ သွေးစည်းညီညွတ်ခြင်းဆိုသည်မှာ ဘုရားမှလာ၍ ကျွန်ုပ်တို့အပြစ်သားများ၏ လူ့ဇာတိကို သူ့ကိုယ်ပိုင်အဖြစ် အဆုံးတိုင်ရယူပိုင်ဆိုင်ကာ ကျွန်ုပ်တို့နှင့် လူ့အဖြစ်တော်၌ တစ်လုံးတစ်ဝတည်းဖြစ်လာခြင်းကို ဆိုလိုပါသည်။ ဤဝေါဟာရ (Solidarity) သည် ဘုရားမှ ဒုက္ခရောက်နေကြသော လူသားများကို မိမိနှင့်ထပ်တူပြု၍ ပေါင်းစပ်ခြင်းကို ရောင်ပြန်ဟပ်စေသောကြောင့် ယနေ့ခေတ်၌ ပို၍အသုံးများလာသည်။ ကမ္ဘာတစ်ဝှမ်းရှိ ကရုဏာမိသားစု (International Caritas) မှ ဤ (Solidarity) ဝေါဟာရကို သူတို့၏သာသနာလုပ်ငန်းအတွက် ကောက်ယူမွေးစားလိုက်သည်မှာ လွန်စွာမှန်ကန်ပါသည်။ ဤသည်မှာ အတွင်းသက်အနှစ်သာရကို အပြင်ဘက်လုပ်ဆောင်မှုတစ်ခုအဖြစ် ပုံဖော်လိုက်ခြင်းဖြစ်သည်။ 

ဤစာလုံး (Solidairty) သည် (Communio) နှင့် (Koinonia) တို့ကဲ့သို့ ကျမ်းစာ၌အခြေခံသော စကားလုံးမဟုတ်သော်လည်း ဘုရားသခင်၏ လူ့အဖြစ်ယူခြင်းအား ပိုမိုရှင်းလင်းစွာ ညွှန်ပြလျက်ရှိသည်။ ထို့ကြောင့် ယနေ့ခေတ်ကာလ ခရစ်တော်အကြောင်း လေ့လာသူများအနေဖြင့် ဘုရား၏လူ့ဖြစ်ယူခြင်းနှင့် ရွေးနုတ်ကယ်တင်ခြင်းလုပ်ငန်းတော်များကို ဤစာလုံး၏ခေါင်စဉ်အောက်၌ လေ့လာလျက်ရှိကြသည်။

အပေါ်ယံ လူမှုလိုအပ်ချက်များကိုသာ ဝင်ရောက်ကူညီထမ်းပိုးပေးခြင်းမျိုးမကပါ။ အတွင်းသက်၌လည်း တစ်လုံးတစ်ဝတည်းပေါင်းစပ်ခြင်းမျိုးဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းများအားလုံး၏ ဦးတည်ချက် နောက်ဆုံးပန်းတိုင်မှ လူသားအားလုံးဘုရားသခင်နှင့် ပေါင်းစည်းခြင်းပင်ဖြစ်သည်။ ဤပေါင်စပ်နေခြင်းကို ယခုမှစ၍ ကရုဏာရေးလုပ်ငန်းများအားဖြင့် ပုံဖော်နေခြင်းဖြစ်သည်။ 

သာသနာလုပ်ငန်းကို ဘုရားနှင့်ခွဲ၍ နားလည်ရန်မည့်သည့်အခါမျှ မဖြစ်နိုင်ပါ။ ဘုရားကိုယ်တိုင်စတင်ခဲ့ပြီး သူကိုယ်တိုင်မှ အဆုံးသတ်ပေးမည့် လုပ်ငန်းဖြစ်သောကြောင့်ဖြစ်သည်။ မိမိတို့၏ ကဏ္ဍမှာ ပူးပေါင်းပါဝင်ရန်သာဖြစ်သည်။ ဘုရားကို အမြဲဦးထိပ်ထားဆောင်ရွက်ရန်သာဖြစ်သည်။

ထို့ကြောင့် သွေးစည်းညီညွတ်ခြင်း (Solidarit) ကို ဘုရားနှင့်လူသားကြားပြည့်ဝစွာ နှီးနှောဖလှယ်ခြင်းဟု နားလည်မည်ဆိုလျှင်လည်း မမှားပါ။ ဘုရားမှ လူ့ဇာတိကိုယူခြင်းဖြင့် လူနှင့်ဘုရားပေါင်းစပ်ရုံသာမက ဘုရားသခင်သည် ရုပ်လောကကြီးတစ်ခုလုံးနှင့်လည်း ပေါင်းစပ်လျှက်ရှိနေသည်။ ကမ္ဘာလောကကြီးမှာ လူသားများ၏အတ္တကြောင့် ပုံပျက်ပန်းပျက်ခြင်းအမျိုးမျိုးရှိသော်လည်း ဘုရား၏အစိတ်အပိုင်းတစ်ခုအဖြစ် နားလည်ကာ ဝိုင်းဝန်းပြုပြင်အလှဆင်ရန်ခေါ်တော်မူခြင်းခံရပါသည်။ "ရုပ်လောကကြီးကမကောင်းပါဘူး"ဟုဆိုကာ စွန့်ခွာရန်ကြိုးစားခြင်းသည် ခရစ်ယာန်တို့၏ အလုပ်မဟုတ်ပါ။ 

သတ္တလောကကြီးက လူသား၏အစိတ်အပိုင်းမှတ်ယူကာ မိမိကဲ့သို့ တန်ဖိုးထားထိန်းသိမ်းရန်ရှေးနှစ်ပေါင်းများစွာကပင် အသင်းတော်သည်တိုက်တွန်းခဲ့သည်။ 

"ရာသီဥတုဖောက်ပြန်ခြင်း" ကဲ့သို့သော ကိစ္စရပ်မှာ ယခုခေတ်၌ လူအများပို၍ ရှေ့တန်းတင်ပြောဆိုလာကြပြီဖြစ်သည်။ယနေ့ခေတ် ရေပန်းစားလျက်ရှိသော ထိုကိစ္စရပ်ကို အသင်းတော်အနေဖြင့် နောက်မှ သံယောင်လိုက်ကာ ပြောဆိုနေခြင်းမဟုတ်ပါ။

လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် တိုက်တွန်းနှိုးဆော်ပြီး အကောင်အထည်ဖော်လျှက်ရှိသည့် သာဓကများစွာ ရှိခဲ့ပါသည်။ ဤကဲ့သို့ လုပ်ဆောင်ခြင်းများမှာလည်း ဆုတောင်းမေတ္တာတစ်ပုဒ်ပင် ဖြစ်ပါတော့သည်။ 

ဇာတိတော်နှစ်ပါးရှိခြင်းကြောင့် ခရစ်တော်သည် လူသားနှင့်အပြည့်အဝ သွေးစည်းညီညွတ်နိုင်ပြီး ဘုရားသခင်နှင့်လည်း မိတ်သဟာယဖွဲ့နိုင်သည့် ပုဂ္ဂိုလ်ဖြစ်သည်။ ဒုက္ခဝေဒနာများအားလုံးကို ကိုယ်တိုင်ခံထမ်းခြင်းဖြင့် လူသားများနှင့် သွေးစည်းညီညွတ်လျက်ရှိကြောင်း ပြသခဲ့သည်။ 

ထို့ကြောင့် ခရစ်တော်ကို "လူအများအတွက် လူ" ဖြစ်တော်မူ၏ဟု ရဟန်းမင်းကြီး ဘေနေဒစ်က မိန့်ဆိုခဲ့သည်။ သူ၏လူသားအဖြစ်တော်မှာ အားလုံးသောလူသားများအတွက်ဖြစ်သည်။ လူ့အဖြစ်တော်နှင့်ဘုရားအဖြစ်တော် ခွဲခြားလိုက်ခြင်းမဟုတ်ပါ။ သူ၏ဘုရားအဖြစ်တော်မှာ ခမည်းတော်နှင့် တစ်လုံးတစ်ဝတည်းပေါင်းစပ်လျက်ရှိပြီး လူသားအားလုံးအတွက်လည်းဖြစ်သည်။ 

"လူသားအများအတွက် ဘုရား" ဟု ပြောရမည့်အစား "လူသားများအတွက်လူ" ဟူ ၍ ဤနေရာ၌ အဘယ်ကြောင့်ပြောဆိုရသနည်း။ 

ရှင်းပါသည်။ ခရစ်တော်၏ လူ့အဖြစ်ယူတော်မူခြင်းအားဖြင့် အားလုံးသောလူသားများနှင့် မည်သို့ပေါင်းစပ်လျက်ရှိသည်ကို ရဟန်းမင်းကြီးက အသားပေးဖော်ပြလိုက်ခြင်းပင်ဖြစ်သည်။ 

အထက်၌ဆွေးနွေးခဲ့သော (Communio) နှင့် (Solidarity) တို့အား ဖြစ်ပေါ်စေသော လုပ်ငန်းတော်တွင် ခရစ်တော်၏ဇာတိတော်နှစ်ပါးစလုံးပါဝင်ကာ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။ သို့ရာတွင် ဤနေရာ၌ ပိုမိုနားလည်စေရန် လက်တွေ့ကျကျထိတွေ့ခဲ့ရသော ခရစ်တော်၏ လူ့အဖြစ်တော်ကို ပိုမိုအသားပေး၍ ထောက်ရှုခြင်းပင်ဖြစ်သည်။

သခင်ခရစ်တော် ပိုင်ဆိုင်ရယူထားသော ဘုရားဇာတိတော်နှင့် လူ့ဇာတိတော်နှစ်ပါးမှ တစ်ပါးပါးကိုခွဲခြား၍ သီးခြားစွာနားလည်ရန်မဟုတ်ပါ။ ဤကဲ့သို့ပြုလုပ်၍လည်း မည်သည့်အခါမျှမရပါ။ 

ဘုရားအဖြစ်တော်အားဖြင့် လူအားလုံး၊ အရာအားလုံးနှင့် ပေါင်းစပ်သည်။ ပေါင်းစပ်နိုင်သည်။ ပေါင်းစပ်လျက်ရှိသည်။ သို့သော်ဤအချက်သည် ကျွန်ုပ်တို့လူသားများ၏ နားလည်နိုင်မှုနှင့် အလွန်ဝေးကွာလျက်ရှိကာ တစ်ခါတစ်ရံ အချို့သောလူများလက်ခံရန် ခက်ခဲပါလိမ့်မည်။ လက်ခံနိင်သည်ထား ထားဦးတော့ နေ့စဉ်လက်တွေ့ဘဝနှင့် အလှမ်းဝေးသော အချက်တစ်ခုကဲ့သို့ဖြစ်နေပေလိမ့်မည်။ 

လူသားများအားကယ်တင်ခြင်း၌ ကိုယ်တော်၏အဖြစ်တော်နှစ်ပါးစလုံး ပါဝင်ပတ်သက်ကာ လုပ်ဆောင်လျက်ရှိသည်။ သို့သော်လူ့အဖြစ်တော်ကို ဤနေရာ၌ ပညာရှင်များက အသားပေးထောက်ရှုရခြင်းမှာ လူသားများ လက်တွေ့ သိမြင်နားလည်ရန် ပို၍လွယ်ကူသော ချဉ်းကပ်မှုတစ်ခုဖြစ်သောကြောင့်ဖြစ်သည်။ 

မမြင်နိုင်သောဘုရားကို နားလည်ဖို့ရန် မြင်နိုင်သောယေဇူးသခင်၏ လူ့အဖြစ်တော်ကို ဆွဲယူကာ ရှင်းပြလိုက်ခြင်းဖြစ်သည်။ လက်တွေ့သိကျွမ်းခဲံ့ရသောလူပုဂ္ဂိုလ်၏ အဖြစ်အပျက်များအပေါ်မူတည်ကာ အလှမ်းဝေးကွာလှသော ဘုရားအဖြစ်တော်ကို နားလည်ရန် ကြိုးစားခြင်းမျှသာဖြစ်သည်။ 

ယေဇူးသခင်၌ရှိသော လူ့အဖြစ်တော်ကို ကိုယ်၏တော်၏ဘုရားအဖြစ်တော်မှ ခွဲထုတ်ရန်ကြိုးစားခြင်းမဟုတ်ပါ။ 

ကိုယ်တော်၏လူ့အဖြစ်တော်ကြောင့်သာ ဘုရားသခင်သည်ကျွန်ုပ်တို့နှင့် မိတ်သဟာယဖွဲ့ပေါင်းစည်းလျှက်ရှိသည်ကို ပို၍လွယ်ကူစွာ နားလည်လာရသည်။ 

တမန်တော်များနှင့် မျက်မြင်သက်သေတော်များ၏ အတွေ့အကြုံများပေါ်မူတည်ကာ ဘုရားသခင်သည် ကျွန်ုပ်တို့လူသားများနှင့် မည်ကဲ့သို့ပေါင်စပ်နိုင်သနည်းဆိုသည်ကို နားလည်ရန်ကြိုးစားခြင်းဖြစ်သည်။ 

ကျွန်ုပ်တို့ဘိုးဘေးများကို ကျွန်ုပ်တို့ကိုယ်တိုင် မတွေ့မြင်ခဲ့ကြသော်လည်း လက်ဆင့်ကမ်းခြင်းအရ သူတို့အမှန်တကယ်ရှိခဲ့ကြသည်ကို နားလည်ကြရသည်။ အသင်းတော်၏ယုံကြည်ခြင်းကို လက်ဆင့်ကမ်းရာတွင် ဤမျက်မြင်သက်သေများအပေါ်အခြေခံသည်။

ခရစ်တော်၏လူ့အဖြစ်တော်ကို လက်တွေ့မြင်တွေ့ခဲ့ရသော ပုဂ္ဂိုလ်များ၏ လက်ဆင့်ကမ်းမှုများအပေါ်အခြေခံကာ ကိုယ်တော်သည် ဘုရားအဖြစ်၊ လူ့အဖြစ်နှစ်ပါးစလုံးပိုင်ဆိုင်သော ပုဂ္ဂိုလ်အဖြစ် ယုံကြည်ကြလေသည်။ 

စုတ်ပြတ်ကြွေကျညစ်ပတ်လျက်ရှိသော လူသားဇာတိကိုယူခြင်းသည် ပုံပြင်မဟုတ်ပါ။ ဤသို့ လူ့ဇာတိကိုခံယူခြင်းဖြင့် ငါဘုရားကိုယ်တိုင် ဤနေရာ၌ရှိနေပါသည်ဟု ဖော်ပြလိုက်ခြင်းပင်ဖြစ်သည်။ 

ကိုယ်တော်သည်တစ်ဦးစီနှင့်သော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုလုံးနှင့်သော်လည်းကောင်း ပေါင်းစည်းနိုင်ပါသည်။ ပေါင်းစည်းလျက်ရှိပါသည်။ 

ကျွန်ုပ်တို့၏ ကျရှုံးခြင်းများ၊ မျက်ရည်များ၊ မတတ်စွမ်းနိုင်ခြင်းများ၊ မကျော်လွှားနိုင်ခြင်းများနှင့် မေတ္တာတရားခေါင်းပါးကာ မချစ်နိုင်ခြင်းများ၌ ကိုယ်တော်သည် အမှန်တကယ်ပင် တည်ရှိပါသည်။ 

သေခြင်းမှာပင် ကိုယ်တော်လိုက်ပါကာ ရှင်ပြန်ထမြောက်ခြင်းဖြင့် သူပါရှိနေသည်ကို သက်သေပြခဲ့ပါသည်။ 

ထို့ကြောင့် ဘုရားနှင့်လူသား ပေါင်းစည်းနိုင်သည်ဟု ဆိုခြင်းမှာ လက်တွေ့မပါသည့် စိတ်ကူးယဉ်သက်သက်မဟုတ်ပါ။ 

လက်တွေ့ကျကျသိမြင်ခဲ့ကြရပြီး ဆက်လက်တည်ရှိနေဦးမည်ဆိုသည်ကို ခရစ်ယာန်များအနေဖြင့် ဤအချက်ပေါ်မူတည်ကာ ယုံကြည်ကြပါသည်။

ကိုယ်တော်၏အပြစ်မဲ့ခြင်း အဖြစ်အခြေအနေသည် လူသားများနှင့် အပြည့်အဝပေါင်းစပ်ရန် အခြေအနေတစ်ခုဖြစ်ပါသည်။

အပြစ်နှင့်ကင်းလေလေ အခြားသူကို ပို၍ပေးနိုင်လေလေ၊ အခြားသူနှင့်ပို၍ ပေါင်းစည်းနိုင်လေလေ ဖြစ်သည်။

အပြစ်အစွန်းအကွက်နှင့် လုံးဝကင်းစင်သောသူဖြစ်သောကြောင့် အခြားသူများနှင့် အပြည့်အဝပေါင်းစည်းနိုင်သူ ဖြစ်ပါသည်။

catechism