Pathein Catholic Diocese Untitled Document
Untitled Document
ယုံကြည်ခြင်း၏အရည်အသွေးများ

ကျွန်ုပ်တို့ယုံကြည်ခြင်းမှာ သီးခြားအရည်အသွေးတွေရှိရပါမယ်။

၁။ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းဟာ အသက်ရှင်နေတဲ့ယုံကြည်ခြင်းဖြစ်ရပါမယ်။ အသက်ရှိတဲ့ ယုံကြည်ခြင်းဟာ နိုးနိုးကြားကြားရှိတယ်။ ဘုရားသခင်အတွက်ဖြစ်စေ၊ လူအများအတွက်ဖြစ်စေ ကောင်းကျိုးသယ်ပိုးဖို့အသင့်ရှိတယ်။ ဝိညာဉ်ကယ်တင်ရေးအတွက်လည်း စိတ်အားထက်သန်တယ်။ မိမိဟာဘုရားသခင်နဲ့ အတူရှိနေတယ် ဆိုတာကိုလည်း ယုံကြည်တယ်။ ယုံကြည်တဲ့အတိုင်းလည်းကျင့်တယ်။ စိန့်ဂျိမ်းက ယုံကြည်ခြင်းရှိတယ်ဆိုပြီးမကျင့်ရင် ဒီယုံကြည်ခြင်းဟာ အသေဘဲလို့ ပြောပါတယ် (James 2: 13)။ ကျွန်ုပ်တို့ကိုယ်တိုင်က ဘာမှမလုပ်ဘဲ ဘုရားသခင်က ကျွန်ုပ်တို့အတွက် အရာခပ်သိမ်းကို လုပ်ဆောင်ပေးမယ်လို့ ယုံကြည်တာဟာ အယူတိမ်းခြင်းသာဖြစ်တယ်လို့ မာတင်းလူသာကင်း က ပြောပါတယ်။

၂။ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းဟာ ကျစ်လစ်ခိုင်မာ ရပါမယ်။ မယိမ်းမယိုင် မတုန်မလှုပ်ဘဲ ကျောက်ခိုင်ကျောက်သားလို ခိုင်ခံမြဲမြံရပါမယ်။ ဒီနေ့တစ်မျိုး မနက်ဖြန်တစ်ဖုံ ပြောင်းလဲခြင်းမျိုးမရှိရပါဘူး။ ဘယ်အခါမျိုးမဆို ယုံကြည်ခြင်းဟာ မူလအတိုင်း ရှိရင်းစွဲအတိုင်း ရှိရပါမယ်။ ဘယ်သူတွေ ယုံကြည်ခြင်း ပျက်ပျက်၊ ကျွန်ုပ်တို့ယုံကြည်ခြင်းမပျက်ရပါဘူး။ ယုံကြည်ခြင်းပျက်စရာအကြောင်းတွေနဲ့ ဘယ်လောက်ပဲ ကြုံရကြုံရ ကျွန်ုပ်တို့ယုံကြည်ဟာ သံမဏိလို မာကြောရပါမယ်။

၃။ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းဟာ သူရသတ္တနဲ့ ပြည့်ဝရပါမယ်။ သူရသတ္တိနဲ့ပြည့်ဝတဲ့ ယုံကြည်ခြင်းဆိုတာ တည်ကြည်မြဲမြံတဲ့ ရည်ရွယ်ချက်နဲ့ သံဓိဌာန်ချမှတ်ခြင်းကို ဆိုလိုပါတယ်။ အထူးသဖြင့် ကျွန်ုပ်တို့သူတော်စင်တွေမှာ ဒီလိုမျိုးယုံကြည်ခြင်းရှိဘို့ လိုပါတယ်။ ကျွန်ုပ်တို့ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရတဲ့အခါ ကြံ့ကြံ့ခံနိုင်ရပါမယ်။ လုပ်ဖော်ဆောင်ဖက်တွေက စိတ်ပျက်ရင် ကျွန်ုပ်တို့စိတ်ထက်သန်မှု ပိုရှိရပါမယ်။ အများက လက်မြောက်အရှုံးပေးရင် ကျွန်ုပ်တို့က ရဲစွမ်းသတ္တိ ပိုရှိရမယ်။ ဘယ်သူတွေ လမ်းမှာကိုဘဲလျှောက်လျှောက် ကျွန်ုပ်တို့အမှန်တရားကို ဖက်တွယ်ထားရပါမယ်။

၄။ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းဟာ လက်တွေ့ကျရပါမယ်။ ကျွန်ုပ်တို့ရဲ့ဘဝကို လွှမ်းမိုးနေရပါမယ်။ ကျွန်ုပ်တို့ယုံကြည်ခြင်းဟာ ကျွန်ုပ်တို့ရဲ့ အပြောအဆိုအပြုအမူတွေကို ထိမ်းကျောင်းနေရပါမယ်။ ဇွဲလုံးလကို တွန်းအားပေးနေရပါမယ်။ ကျွန်ုပ်တို့ဘာမဆို ယုံကြည်ခြင်းနဲ့ ပြုမူနေရပါမယ်။

ဒီခေတ်ဒီအချိန်မှာ လူတွေရဲ့ ယုံကြည်ခြင်းနဲ့ ဘာသာရေးခံယူချက်တွေ လျော့နည်းလို့နေပါတယ်။ ဒီအထဲမှာ ကျွန်ုပ်တို့သူတော်စင်တွေတစ်ချို့ တောင်ပါဝင်နေပါတယ်။  ဝိညာဉ်ကယ်တင်ရေးနဲ့ ဘုရားနိုင်ငံတော်ချဲ့ထွင်ရေးမှာ ကာယ၊ ညာဏ၊ အလုပ်ပေါ်မှာဘဲ မူတည်နေတယ်လို့ ယူဆလာနေကြပါပြီး။ မိမိဘဝရဲ့ သန့်ရှင်းစုံလင်ခြင်းနဲ့ ဆုတောင်းခြင်းအပေါ်မှာ တည်တယ်လို့ သိပ်မယုံကြည်တော့ပါဘူး။ တကယ်တော့ ဝိညာဉ်ကယ်တင်ခြင်းနဲ့ ဘုရားသခင်ရဲ့ နိုင်ငံတော်ချဲ့ထွင်ရေးမှာ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ကောင်းကြီးတော်မပါရင် ကာယ၊ ညာဏနဲ့လုပ်တဲ့အလုပ်တွေဟာ အချည်းအနှီးသာဖြစ်ရပါလိမ့်မယ်။ ဒါ့ကြောင့် ဝိညာဉ်ကယ်တင်ခြင်းလုပ်ငန်းမှာ မိမိဘဝရဲ့ ရှင်သန်ဖြောင့်မတ်ခြင်းနဲ့ ဆုတောင်းခြင်းများ လိုအပ်ပါတယ်။ ဟစ်ပိုမြို့က စိန့်ဩဂုတ်စတင်းက “ယုံကြည်ခြင်းဆိုတာ ကျွန်ုပ်တို့ မျက်စိနဲ့ မမြင်နိုင်ရာကို ယုံကြည်ခြင်းဖြစ်တယ်။ ယုံကြည်ခြင်းရဲ့ဆုဟာ ကျွန်ုပ်ယုံကြည်ရာကို မြင်တွေ့ရမယ်” လို့ ဆိုထားပါတယ်။

ဒီကနေ့ အသင်းတော်ကြီးမှာ ယုံကြည်ခြင်းနဲ့ပါတ်သက်တဲ့ ပြဿနာအခက်အခဲတွေရှိလို့နေပါတယ်။ ကျွန်ုပ်တို့ ခရစ်ယာန်တွေမှာ ယုံကြည်ခြင်းအားနည်းလာကြတယ်။ အမိအသင်းတော်နဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ သွန်သင်ချက်တွေကို မနာခံကြဘူး။ ဧဝံဂေလိသတင်းကောင်းကို မယုံကြည်ကြဘူး။ လူအမြောက်အများဟာ သခင်ယေဇူးနဲ့ အမိအသင်းတော်ကြီးကို ကျောခိုင်းလို့ သွားနေကြတယ်။ အထူးသဖြင့် အနောက်နိုင်ငံတွေမှာ တွေ့ရတာများပါတယ်။

သခင်ယေဇူးက တပည့်တော်ကြီးတွေကို မေးသလို “သင်တို့ရော-ကျွန်ုပ်ကိုကျောခိုင်းပြီးသွားချင်ကြသလား” လို့ကျွန်ုပ်တို့ကို မေးလိုပါတယ်။ ကိုယ်တော်ထံပါးမှာ ထာဝရအသက်ပေးတဲ့ နုတ်ကပတ်တော်ရှိတော်မူပါတယ်။ ကိုယ်တော်ထံမှအပ အဘယ်မည်သူ့ထံကိုမှ အကျွန်ုပ်သွားစရာမရှိပါ” လို့ တပည့်တော်ကြီး ရှင်ပေထရူးက (John 6: 68) ဖြေခဲ့ပါတယ်။

မမြင်ဘဲနဲ့ ယုံကြည်တဲ့သူတွေမင်္ဂလာရှိတယ်လို့ သခင်ယေဇူးမိန့်တော်မူထားပါတယ်။ ဒါ့ကြောင့်ဘုရားသခင်ဖွင့်လစ်ထုတ်ဖော်မိန့်တော်မူသမျှကို ယုံကြည့်ဖို့ ကြိုးစားကြပါစို့။

ကျွန်ုပ်တို့မှာ ကျစ်လစ်ခိုင်မာတဲ့ တည်ကြည်မြဲမြံတဲ့ ယုံကြည်ခြင်းရှိဘို့ ဘုရားသခင်ထံမှာတောင်းခံကြပါစို့။ ကျမ်းစာထဲမှာ တပည့်တော်ကြီးဆုတောင်းသလို “ကျွန်ုပ်ရဲ့ ယုံကြည်ခြင်းတိုးပွားစေပါ” လို့ တောင်းခံကြပါစို့။

နောက်ဆုံးသေခါနီးအချိန်မှာ “ကျွန်ုပ်ရဲ့ ယုံကြည်ခြင်းကို ကျွန်ုပ်သေသည့်တိုင်အောင် စောင့်ထိမ်းခဲ့ပါတယ်” လို့ သခင်ယေဇူးကို ပြောပြနိုင်ရအောင်ကြိုးစားကြပါစို့။

သက်ကြီးဝါကြီးရဟန်းတစ်ပါးရဲ့ ဝေမျှချက်အဟောင်းတွေကို သူ့ရဲ့ ခွင့်ပြုချက်နဲ့ပြန်လည်တင်ပေးခြင်းသာဖြစ်ပါတယ်။ ဧရာအလင်းရ့ အာဘော်မဟုတ်ကြောင်းအသိပေးပါရစေ။

catechism