Pathein Catholic Diocese Untitled Document
Untitled Document
(ဂ) ဆက်သွယ်ခြင်း

"ဘုရားသခင်၏ပုံသဏ္ဍာန်တော်" ဆိုသည်မှာ အတိုချုပ်အားဖြင့်"အဆက်အသွယ်ပြုရမည့်အရာ" ဟု အဓိပ္ပာယ်ရသ်။ လူကို ဘုရားမှ အဆက်အသွယ်ပြုရန် ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် "ဘုရားသခင်၏ပုံသဏ္ဍာန်တော်" ဟု ဆိုလိုက်သည်နှင့် "အဆက်အသွယ်ပြုရမည်"ဟူသောအချက်ကိုဖော်ပြလျက်ရှိသည်။ လူ၏ဇာတိအတွင်းသို့ လှုပ်ရှားမှုပြုရန် ထည့်သွင်းပေးလိုက်ခြင်းဖြစ်သည်။ ဤအချိန်မှစတင်ကာ လူသား၏ပင်ကိုယ်သဘာဝအတွင်း၌ အပြင်ဘက်နှင့်ဆက်သွယ်လိုသော သန္ဓေတစ်ခုတည်ရှိလာရသည်။ မိမိ၏အတွင်းမှ အပြင်ဘက်သို့ တစ်နည်းမဟုတ်တစ်နည်းအားဖြင့် ထွက်ရောက်ကာ ဆက်သွယ်ခြင်းပြုရန် ကြိုးစားလျက်ရှိသည်။ လူအမြောက်အများ၌ သိသာထင်ရှားစွာတွေ့နိုင်သည်။ မိမိတစ်ဦးတည်း အချိန်အနည်းငယ်မျှပင် မနေနိုင်ပေ။ ထွက်ဖို့အစဉ်အမြဲကြိုးစားလျက်ရှိသည်။ ယနေ့ခေတ်၏အလွန်အမင်း စွဲလမ်းတပ်မက်ခြင်းရောဂေါ (Addiction) အထူးသခြင့် (Online Addiction) သည် ဤအချက်ပေါ်တွင် အရင်းတည်သည်။

ပိုမိုရှင်းလင်းစွာနားလည်နိုင်ရန် ၄င်းဇာတိပကတိအခြေအနေအား တိုတိုတုတ်တုတ်ဖြင့် "မနေနိုင်မထိုင်နိုင်ဖြစ်ခြင်း" ဟု ဤနေရာ၌ခေါ်ကြပါစို့။ ဤသို့"မနေနိုင်မထိုင်ဖြစ်ခြင်း စိတ်ဓာတ်အခြေခံကို ကောင်းစွာအသုံးပြုတတ်မည်ဆိုပါက မိမိအတွက်နှင့်လူအများအတွက် အကျိုးပြုနိုင်သော အစွမ်းအစများပင် ဖြစ်တော့သည်။ အများနှင့်ပေါင်းသင်းဆက်ဆံနိုင်ခြင်း၊ ဘုရားသခင်နှင့်အဆက်အသွယ်ပြုနိုင်ခြင်းတည်းဟူသော အကျိုးပြုသည့် "အစွမ်းအစ" များအဖြစ် ပေါ်ထွက်လာမည်ဖြစ်သည်။ ဤနေရာ၌ ဘုရားကိုလက်ခံနိုင်သော လူ၏ "အစွမ်းအစ" အဖြစ်အထွတ်အထိပ်သို့ ရောက်ရှိလာမည်ဖြစ်သည်။

ဘုရားသခင်၏ပုံသဏ္ဍာန်တော်ကို ဤနည်းဖြင့်နားလည်လာရသည်။ လူမှ ဘုရားကို လက်ခံနိုင်သော "အစွမ်းအစ" (Human Capacity for God) တစ်ခုအဖြစ်နားလည်ရမည်။ လူတစ်ဦးစီ၌ အစွမ်းအစများစွာရှိပါသည်။ ဤအစွမ်းအစများစွာအနက် အနန္တတန်းခိုးရှင်ဘုရားကိုပင် အဆက်အသွယ်ပြုနိုင်ခြင်းသည် လူသား၏အကြီးမားဆုံးသော အစွမ်းအစအဖြစ် မှတ်ယူရမည်။ ဘုရားသခင်ကို လက်ခံနိုင်သော လူ၏အစွမ်းအစ ပိုမိုကြီးမားလေလေ ဘုရားနှင့်လူကြားဆက်ဆံရေး ပိုမိုတိုးတက်လေလေဖြစ်သည်။ ဘုရားနှင့်ဆက်သွယ်ရေး ပိုကောင်းလေလေ မိမိကိုယ်မိမိ ပို၍တွေ့ရှိလေလေဖစ်မည်။ 

လူသားများသည် မိမိတို့အထဲမှထွက်ကာ ဤသို့သော ဆက်ဆံရေးကို တည်ဆောက်ရန်လိုအပ်သည်။ အထက်၌ တင်ပြထားသကဲ့သို့ ငါ့ကို 'ငါ' ၏အထဲတွင်ပြန်မရှာဘဲ ဘုရား၏အထဲသို့ ဝင်ရောက်ရှာဖွေမှသာ တွေ့ရှိမည်ဖြစ်ပါသည်။ လူ့ဘဝတစ်လျှောက်လုံးသည် ငါ့ကို 'ငါ' ၌ ပြန်ရှာဖွေနေသောအချိန်များနှင့်သာ ပြည့်နှက်လျက်ရှိသည်။ "ငါဘယ်လိုစားရမည်၊ ဘယ်လိုနေရမည်၊ ဘယ်လိုအသက်ဆက်ရမည်၊ ငါ့အတွက်လုံခြုံစိတ်ချမှု ဘယ်မှာရနိုင်မည်" ဆိုသော 'ငါ့' ကိုယ်ငါရာဖွေသော ခရီးလမ်းတစ်ခုသာဖြစ်သည်။ "ငါ၏အထဲမှာ ငါ့ကို ပြန်လည်မတွေ့နိုင်" ဆိုသည့် အချက်ကို သမိုင်းတစ်လျှောက် လူများ၏အတွေ့အကြုံအရလည်း သိခဲ့ကြပြီဖြစ်ပါသည်။ ဤနေရာ၌ ကြိုးစား၍ ရှင်းပြနေသည့်အချက်မှာ "ငါအစစ်ကို ဘယ်နေရာ၌ တွေ့နိုင်မည်နည်း" ဆိုသည့်အချက်ပင်ဖြစ်သည်။

ငါဟူသော 'ငါအစစ်" ကို အမှန်တကယ်တွေ့ရှိလိုလျှင် ငါ၏အရင်းအမြစ်ဖြစ်သည့် ဘုရားသခင်ထံသို့သာ ပြန်လည်ဦးတည်ရမည်ဖြစ်တော့သည်။ 'သူ' နှင့်အဆက်အသွယ်မပြတ်မှသာ 'ငါ' ဆိုသောအရာသည် တည်တံ့ခိုင်မြဲနိုင်မည်ကိုယုံကြည်ကြရန်လိုအပ်သည်။ လူသည် လူပီသရန်အတွက် လူ၏အထဲမှာပင် ပိတ်လှောင်ထား၍ မရပါ။ မိမိ၏အထဲမှ ထွက်ကာ ဘုရားနှင့်ရင်းနှီးကျွမ်းဝင်စွာဖြင့်  အဆက်အသွယ်တစ်ခုကို တည်ထောင်မှသာ လူပီသမည်ဖြစ်သည်။ 

လူနှင့် တိရစ္ဆာန်ကွာခြားချက်မှာ ဤအချက်ပင်ဖြစ်သည်။ ဘုရားအကြောင်းတွေးတောနိုင်ခြင်း၊ ဆုတောင်းနိုင်ခြင်း စသောအချက်များသည် လူ၌ပင်ရှိပါသည်။ တိရစ္ဆာန်များ၌ မရှိပါ။ ဤအချက်သည် တိရစ္ဆာန်နှင့်လူကို ကွဲပြားစေသော အချက်ပင်ဖြစ်သည်။

လူသည်ပို၍လူပီသရန်၊ မိမိကိုယ်မိမိ ပို၍ပိုင်ဆိုင်နိုင်ရန်အတွက် ဖန်ဆင်းရှင်နှင့် အဆက်အသွယ်ပြုရမည်ဖြစ်သည်။ ပို၍အဆက်အသွယ်ပြုနိုင်လေလေ၊ ပို၍ စစ်မှန်သော 'ငါ' ကိုတွေ့ရှိလေလေဖြစ်မည်။ ထို့ကြောင့် ဘုရား၏ပုံသဏ္ဍာန်တော်' ဆိုသည်မှာ လူသည် 'ချစ်ခြင်းမေတ္တာ' နှင့် 'စကားလုံး' တို့၏ သတ္တဝါတစ်ဦးအဖြစ် မိမိကိုယ်ကို နားလည်ရန်ဖြစ်သည်။ ချစ်နေမှလူပီသမည်။ စကားအပြန်အလှန်ပြောဆိုနေမှ လူမည်သည်။ အခြားသူ (ဘုရားသခင်) ထံသို့ အစဉ်အမြဲ ဦးတည်ရွေ့လျားနေပြီး အခြားသူများ အတွက် မိမိကိုယ်ကို ပေးဆပ်ရန် ဦးတည်နေသော ပုဂ္ဂိုလ်လည်းဖြစ်ရမည်။

catechism