Pathein Catholic Diocese Untitled Document
Untitled Document
ရဟန္တာအပေါင်းပွဲနှင့်သက်ဆိုင်သောကျမ်းစာကောက်နုတ်ချက်များ

All Saints day

၁။ ကောင်းကင်အိမ်တော်။

ငါ့ခမည်းတော်၏ အိမ်တော်၌ အခန်းများစွာရှိ၏။ ထိုသို့မဟုတ်ခဲ့ပါလျှင် ငါသည် သင်တို့အတွက် နေရာပြင်ဆင်ရန် သွားမည်ဟု ပြောပါမည်လော။- ငါသည် သင်တို့အတွက် နေရာပြင်ဆင်ရန် သွားပြီးလျှင် တစ်ဖန်ပြန်လာ၍ ငါရှိသောနေရာတွင် သင်တို့လည်း ရှိစေရန် သင်တို့ကို ငါ့ထံသို့ ခေါ်ဆောင်မည်။ (ရှင်ယောဟန်ခရစ်ဝင်  14:2-3)

ငါတို့နေထိုင်ကြသော ကမာ္ဘပေါ်မှနေအိမ် ပျက်စီးသွားလျှင် ကောင်းကင်ဘုံ၌ လူတို့၏လက်ဖြင့် ဆောက်လုပ်မထားသော ထာဝရတည်မည့် နေအိမ်တစ်လုံးကို ဘုရားသခင်ထံတော်မှ ရရှိမည်ဖြစ်ကြောင်း ငါတို့သိကြ၏။ (ကောရိန်သုဩဝါဒစာ ဒုတိယစောင် 5:1)

သို့သော် ငါတို့၏ ဇာတိအရပ်သည် ကောင်းကင်နိုင်ငံတော်၌ တည်ရှိ၍ ငါတို့သည် ထိုအရပ်၌ ယေဇူး ခရစ်တော်သခင်ကို စောင့်မျှော်နေကြ၏။ (ဖိလိပ္ပိဩဝါဒစာ 3:20)

ငါတို့သည် ကိုယ်တော်၏ ကတိတော်အတိုင်း ဖြောင့်မတ်ခြင်းတရား တည်ရှိရာ ကောင်းကင်သစ်နှင့် ကမာ္ဘသစ်ကို စောင့်မျှော်လျက် နေကြ၏။ (ရှင်ပေတရုဩဝါဒစာ ဒုတိယစောင် 3:13)

ထို့နောက် ကောင်းကင်သစ်နှင့် ကမာ္ဘသစ်ကို ငါမြင်ရ၏။ အကြောင်းမူကား ပထမကောင်းကင်နှင့် ပထမကမာ္ဘသည် ကွယ်ပျောက်သွားခဲ့ပြီး ပင်လယ်သည်လည်း မရှိတော့ချေ။ (ဗျာဒိတ်ကျမ်း 21:1)

အတွင်းစိတ်၌ ဆင်းရဲသော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။ (ရှင်မဿဲခရစ်ဝင် 5:3)

စိတ်နှလုံး နူးညံ့သိမ်မွေ့သော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် မြေကို အမွေခံကြရလိမ့်မည်။ (ရှင်မဿဲခရစ်ဝင် 5:5)

၂။ ကောင်ကင်အိမ်တော်၌ ရှိနေမည့်သူများ။

ယေဇူးသခင်အား သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသော အရှင်သည် ငါတို့ကိုလည်း ယေဇူးသခင်နှင့်အတူ ရှင်ပြန်ထမြောက်စေပြီးလျှင် ငါတို့အား သင်တို့နှင့်အတူ မိမိ၏ မျက်မှောက်သို့ ခေါ်ဆောင်တော်မူမည်ဖြစ်ကြောင်း ငါတို့သိကြ၏။ (ကောရိန်သုဩဝါဒစာ ဒုတိယစောင် 4:14)

ထို့နောက် ငါကြည့်လိုက်သောအခါ အဘယ်လူသားမျှ မရေမတွက်နိုင်အောင် များပြားလှသော လူအစုအဝေးကြီးကို မြင်ရ၏။ ထိုသူတို့သည် တိုင်းနိုင်ငံပေါင်းစုံ၊ အမျိုးအနွယ်ပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံမှ လူများဖြစ်ကြ၏။ သူတို့သည် ဝတ်ရုံဖြူများကို ဝတ်ဆင်ထားပြီး မိမိတို့လက်များတွင် စွန်ပလွံခက်များ ကိုင်ဆောင်ထားကြလျက် ပလ္လင်တော်နှင့် သိုးငယ်တော်ရှေ့တွင် ရပ်နေကြ၏။ (ဗျာဒိတ်ကျမ်း 7:9)

ဤသူတို့သည် ကြီးစွာသော ဆင်းရဲဒုက္ခမှ လွတ်မြောက်လာကြသူများ ဖြစ်ကြ၏။ သူတို့သည် မိမိတို့၏ ဝတ်ရုံများကို သိုးငယ်တော်၏သွေး၌ ဆေးကြော၍ ဖြူစင်စေခဲ့ကြပြီ။ (ဗျာဒိတ်ကျမ်း 7:14)

ထာဝရဘုရား မိန့်တော်မူသည်ကား၊ လာကြ။ တရားစီရင်ကြကုန်အံ့။ သင်တို့အပြစ်သည် နီသော အဆင်းရှိသော်လည်း မိုဃ်းပွင့်ကဲ့သို့ ဖြူလိမ့်မည်။ ကတ္တီပါနီနှင့်အမျှ နီသော်လည်း သိုးမွေးကဲ့သို့ ဖြစ်လိမ့်မည်။ (Isa 1:18)

ထို့ကြောင့်  လူမျိုးခြားများနှင့် ဧည့်သည်များ မဟုတ်တော့ပေ။ သင်တို့သည် သူတော်သူမြတ်တို့နှင့်အတူ အမျိုးသားချင်းများ ဖြစ်ကြ၍ ဘုရားသခင်၏ အိမ်တော်သားများလည်း ဖြစ်ကြ၏။ (ဧဖက်ဩဝါဒစာ 2:19)

ဝမ်းနည်းငိုကြွေးသော သူတို့သည် မင်္ဂလာရှိကြ၏။အကြောင်းမူကား သူတို့သည် နှစ်သိမ့်ခြင်း ခံကြရလိမ့်မည်။ (ရှင်မဿဲခရစ်ဝင် 5:4)

ဖြောင့်မတ်ခြင်းတရားကို ဆာမွတ်တောင့်တသော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် လိုအင်ဆန္ဒ ပြည့်၀ကြလိမ့်မည်။ (ရှင်မဿဲခရစ်ဝင် 5:6)

သနားကြင်နာတတ်သော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် သနားကြင်နာခြင်း ခံကြရလိမ့်မည်။ (ရှင်မဿဲခရစ်ဝင် 5:7)

ဖြောင့်မတ်ခြင်းတရားအတွက် ညှဉ်းပန်းနှိပ်စက်ခြင်း ခံရသော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံ ဖြစ်၏။ (ရှင်မဿဲခရစ်ဝင် 5:10)

လူတို့သည် ငါ့အတွက်ကြောင့် သင်တို့ကို စော်ကားညှဉ်းဆဲပြီး မဟုတ်မမှန်ဘဲ အမျိုးမျိုး ပြစ်တင်ရှုတ်ချ ကြသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။ (ရှင်မဿဲခရစ်ဝင် 5:11)

၃။ ကောင်းကင်အိမ်တော်၌ ဘုရားနှင့်အတူ ရှိနေခြင်း။

စိတ်နှလုံး ရိုးသားဖြူစင်သော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်ကို ဖူးမြင်ကြရလိမ့်မည်။ (ရှင်မဿဲခရစ်ဝင် 5:8)

ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်သော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်၏ သားများဟု အခေါ်ခံကြရလိမ့်မည်။ (ရှင်မဿဲခရစ်ဝင် 5:9)

သေခြင်းကိုလည်း နစ်မွန်ဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း၊ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလ်ိမ့်မည်။ ကိုယ်တော်၏ လူတို့သည် ခံရသော ကဲ့ရဲ့ခြင်းကိုလည်း မြေကြီးတပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု ထာဝရဘုရားအမိန့်တော်ရှိ၏။ (Isa 25:8)

ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့၌ ရောက်ရှိနေကြလျက် ကိုယ်တော်၏ ဗိမာန်တော်တွင် နေ့ညမပြတ် ဝတ်ပြုနေကြခြင်းဖြစ်၏။ ပလ္လင်တော်ပေါ်၌ စံပယ်တော်မူသော ကိုယ်တော်သည်လည်း သူတို့ကို မျက်မှောက်တော်၌ စောင့်ရှောက်ထားတော်မူလိမ့်မည်။- သူတို့သည် နောက်တစ်ဖန် ဆာလောင်ခြင်းသော်လည်းကောင်း၊ ရေငတ်ခြင်းသော်လည်းကောင်း ရှိလိမ့်မည်မဟုတ်။ နေရောင်နှင့် နေ၏အပူရှိန်တို့သည်လည်း သူတို့ကို ထိခိုက်လိမ့်မည်မဟုတ်။- အကြောင်းမူကား ပလ္လင်တော်၏ အလယ်၌ရှိသော သိုးငယ်တော်သည် သူတို့၏ သိုးထိန်းဖြစ်တော်မူလိမ့်မည်။ ကိုယ်တော်သည် အသက်ပေးသောရေရှိရာ စမ်းအိုင်သို့ သူတို့ကို ခေါ်ဆောင်သွားလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့၏ မျက်စိထဲမှ မျက်ရည်များကို သုတ်ပေးတော်မူလိမ့်မည်။ (ဗျာဒိတ်ကျမ်း 7:15-17)

ကိုယ်တော်သည် သူတို့၏ မျက်စိများထဲမှ မျက်ရည်ရှိသမျှကို သုတ်ပေးတော်မူလိမ့်မည်။ သေခြင်းသည်လည်း ရှိလိမ့်မည်မဟုတ်။ ဝမ်းနည်းပူဆွေးခြင်း၊ ငိုကြွေးခြင်းနှင့် နာကျင်ခြင်းများသည်လည်း ရှိကြလိမ့်မည်မဟုတ်။ အကြောင်းမူကား ယခင်ကရှိခဲ့သော အရာတို့သည် ပျောက်ကွယ်သွားကြလေပြီဟူ၍ ဖြစ်သတည်း။ (ဗျာဒိတ်ကျမ်း 21:4)

ချစ်မိတ်ဆွေတို့၊ ယခု ငါတို့သည် ဘုရားသခင်၏ သားသမီးများ ဖြစ်ကြ၏။ နောင်တွင် ငါတို့သည် မည်ကဲ့သို့သောသူများ ဖြစ်မည်ကို မသိရသေးသော်လည်း ကိုယ်တော်ကြွလာတော်မူသောအခါ ငါတို့သည် ကိုယ်တော်ကဲ့သို့ ဖြစ်ကြလိမ့်မည်ကို ငါတို့သိကြ၏။ အကြောင်းမူကား ငါတို့သည် ကိုယ်တော့်ကို ပကတိ အရှိအတိုင်း ဖူးမြင်ကြရမည် ဖြစ်သောကြောင့်တည်း။ (ရှင်ယောဟန်ဩဝါဒစာ ပထမစောင် 3:2)

အကြောင်းမူကား ဤပုပ်ပျက်တတ်သော အရာသည် မပုပ်ပျက်နိုင်သော အရာကို ဆင်မြန်းရမည်။ သေကြေတတ်သော အရာသည် မသေကြေနိုင်သော အရာကို ဆင်မြန်းရမည်။ (ကောရိန်သုဩဝါဒစာ ပထမစောင် 15:53)

ဤကျေးဇူးတော်များကြောင့် ........

ငါတို့၏သခင် ယေဇူးခရစ်တော်အားဖြင့် ငါတို့အား အောင်မြင်ခြင်းကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ (ကောရိန်သုဩဝါဒစာ ပထမစောင် 15:57)

အကြောင်းမူကား ........

အဖဘုရားသခင်သည် ငါတို့အတွက် ကောင်းကင်အိမ်တော်ကို ပြင်ဆင်ပေးထားသည်။

သခင်ခရစ်တော်၏ အသွေးတော်အားဖြင့် ကောင်းကင်အိမ်တော်သို့ ဝင်ခွင့်ရစေခဲ့သည်။

သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် လိုအပ်နေသော ကျေးဇူးတော်များကို စဉ်ဆက်မပြတ် သွန်းလောင်း ပေးသနားတော်မူသည်။

ထို့ကြောင့် ........

ငါချစ်ခင်ရသော ညီအစ်ကိုတို့၊ တည်ကြည်ခိုင်မာစွာ ရပ်တည်ကြလော့။ သခင်ဘုရား၏ အမှုတော်မြတ်ကို ဆောင်ရွက်ခြင်းသည် မည်သည့်အခါမျှ အချည်းအနှီး မဖြစ်ကြောင်း သိမှတ်လျက် ကိုယ်တော်၏ အမှုတော်မြတ်ကို အစဉ်ထမ်းရွက်ကြလော့။ (ကောရိန်သုဩဝါဒစာ ပထမစောင် 15:58)

ဤသို့ဖြင့် သင်တို့၏ စိတ်နှလုံး အသိဉာဏ် ပွင့်လာပြီးနောက် သင်တို့သည် ကိုယ်တော်၏ ကြီးမြတ်သော ဘုန်းတန်ခိုးတော်၏ လုပ်ဆောင်ချက်တို့ကိုထောက်၍ သင်တို့အား ကိုယ်တော် ခေါ်တော်မူခဲ့သော မျှော်လင့်ချက်မှာ မည်သည့်အရာဖြစ်သည်ကို လည်းကောင်း၊ သူတော်သူမြတ်တို့ ခံစားရမည့် ဘုန်းစည်းစိမ် အမွေတော် မည်မျှကြီးမားသည်ကို လည်းကောင်း၊- ယုံကြည်သူဖြစ်သော ငါတို့၌ ပြတော်မူသော ကိုယ်တော်၏ ဘုန်းတန်ခိုးတော်မှာ အတိုင်းအဆမဲ့ ကြီးမားသည်ကို လည်းကောင်း သိရှိနိုင်ကြရန် ငါဆုတောင်းပါ၏။ (ဧဖက်ဩဝါဒစာ 1:18-19)

ထိုမျှမက ခရစ်တော်သည် ယုံကြည်ခြင်းအားဖြင့် သင်တို့၏ စိတ်နှလုံးများတွင် ကိန်းဝပ်တော်မူပါမည့်အကြောင်းနှင့် ချစ်ခြင်းမေတ္တာ၌ အမြစ်တွယ်၍ အခြေခိုင်လျက်ရှိကြသော သင်တို့သည်၊- သူတော်သူမြတ်အပေါင်းတို့နှင့်အတူ ခရစ်တော်၏ ချစ်ခြင်းမေတ္တာမှာ မည်မျှတည်မြဲကြောင်း၊ ကျယ်ဝန်းကြောင်း၊ နက်ရှိုင်းကြောင်း၊ မြင့်မားကြောင်း စသည်တို့ကို သိရှိနားလည် နိုင်သောစွမ်းအား ရရှိမည့်အကြောင်း ငါဆုတောင်း၏။- ထို့အတူ အသိပညာထက် ပိုမိုပြည့်စုံသော ခရစ်တော်၏ ချစ်ခြင်းမေတ္တာကို သိရှိနားလည်ခြင်းဖြင့် သင်တို့သည် ဘုရားသခင်နှင့် အကြွင်းမဲ့ ပေါင်းစပ်ကြမည့်အကြောင်း ငါဆုတောင်းပါ၏။ (ဧဖက်ဩဝါဒစာ 3:17-19)

ဤသို့ဖြင့် ငါတို့၏အရှင် ယေဇူးသခင်သည် မိမိ၏ သူတော်သူမြတ်အပေါင်းနှင့် ကြွလာတော်မူသောအခါ သင်တို့သည် ငါတို့၏အဖ ခမည်းတော်ဘုရား ရှေ့တော်၌ သင်တို့၏ စိတ်နှလုံးများကို အပြစ်တင်ဖွယ် မရှိရလေအောင် သန့်ရှင်းမြင့်မြတ်ခြင်း၌ ခိုင်မြဲစွာ တည်ထောင်ပေးတော်မူပါစေသော်။ (သက်သာလောနိတ်ဩဝါဒစာ ပထမစောင် 3:13)

ထိုနေ့ရက်တွင် ကိုယ်တော်သည် မိမိ၏ သူတော်သူမြတ်များအကြား၌ ဘုန်းဂုဏ်တော်ထင်ရှားစေရန်နှင့် မိမိကိုယုံကြည်သောသူ အပေါင်းတို့၏ အံ့ဩချီးမွမ်းခြင်းကို ခံယူရန် ကြွလာတော်မူသောအခါ သင်တို့သည်လည်း ချီးမွမ်းထောမနာပြုသော သူများထဲတွင် ပါဝင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်တို့အား ငါတို့ဟောပြော သက်သေခံရာကို သင်တို့ ယုံကြည်ခဲ့ကြသောကြောင့်ဖြစ်၏။ (သက်သာလောနိတ်ဩဝါဒစာ ဒုတိယစောင် 1:10)

ရှာဖွေပြုစုသူ-ဖာသာရ် ခင်မောင်အေး

scriptures