Pathein Catholic Diocese Untitled Document
Untitled Document
ဘုရားရဲ့ ချစ်ခြင်းမေတ္တာကိုမယုံ နိူင်ကြခြင်း

၂၃ ကြိမ်မြောက်၊တနင်္လါနေ့။

စက်တင်ဘာလ၊ ၅ ရက်။

ရှင်လုကာ၊ ၆ : ၆ မှ ၂၁။

ဘုရားရဲ့ ချစ်ခြင်းမေတ္တာကိုမယုံ နိူင်ကြခြင်း

 

သခင်နဲ့ ကျမ်းတတ်များ၊ဖရိရှဲများတို့ရဲ့ ပဋိပက္ခ။ ဥပုသ်နေ့မှာ သခင်တရားဟောတယ်၊ ကုသခြင်းပေးတယ်၊ လူတို့ကို ကယ်တင်ဖို့ တစ်ခုတည်းသော၊ သာသနာ့ လုပ်ငန်းပါ။ဒါကို သူတို့က အကောင်းလို့ မမြင်၊တရားရုံးမှာ စွဲချက်တင်ဖို့ အပြစ်ရှာနေကြတယ်။

ဥပုသ်နေ့မှာ လူ့အသက်ကို ကယ်အပ်သလော၊ ဖျက်ဆီးအပ်သလော၊လို့သူတို့ကို သခင်က ပြန်မေးတယ်၊လူအသက်ကို ဖျက်ဆီးဖို့လာခြင်းမဟုတ်ကြောင်း သခင်ပြောလိုတယ်။တည်ဆောက်ပေးဖို့၊ အသက်ကိုပေးဖို့အတွက် လာတာဖြစ်ကြောင်းကိုသခင်ပြောပြတယ်၊ရှင်မာကု ကျမ်းမှာတော့၊ လူ့အသက်ကို ကယ်အပ်သလော၊ သတ်ဖြတ်အပ်သလောလို့ဖတ်ရတယ်၊ပြောချင်တာ၊ရှင်လုကာကျမ်းက သခင်ရဲ့တည်ဆောက်ပေးလိုခြင်း သဘောကိုပိုအသားပေးရေးထားတယ်လို့ ကျွန်ပ်တို့ မှတ်ယူရပါတယ်။

ကျမ်းတတ်ဆရာ၊ ဖရိရှဲ တို့က သူတို့အဖွဲ့အစည်း အတွင်းရှိတဲ့ နေရာကိုသခင်က လာရောက်ဖျက်ဆီးလိုသူ၊ လုယူလိုသူ အဖြစ် မှတ်ယူကြတယ်၊သူတို့ရဲ့ ထင်ပေါ်ကျော်ကြားမှုများကိုမှေးမှိန် သွားစေသူ၊ လူတို့ရဲ့လေးစားခြင်းများ သူတို့ထံမှ ယူသွားမဲ့လူ၊သူ့တို့အဖွဲ့အစည်းတွင်း၊ ရနေကြတဲ့ရာထူး၊ ခေါင်းဆောင်မှု နေရာကိုလာရောက် ခြိမ်းချောက် နေသူ၊သူတို့ ကျင့်ကြံ အားထုတ် နေတာတွေကို တန်ဖိုး မရှိအောင် လုပ်ပစ်လိုက်သူ၊သူတို့ ပိုင်ဆိုင် မြတ်နိူးဖက်တွယ်ထားတဲ့ အရာများကိုဖျက်ဆီးပစ်မဲ့သူ၊ရယ်လို့ မှတ်ယူကြ၊သူတို့ ရပြီး ရှိပြီးဖြစ်တဲ့ပြည့်ဝ စုံလင်မှု များကို လာရောက် ယူဆောင်သွားမဲ့ ပုဂ္ဂိုလ်ရယ်လို့ မြင်နေကြတယ်။သူတို့ကို အသက်ပေးမဲ့လူ၊အသက်တည်ဆောက်ပေးမဲ့ လူပါလားလို့မမြင်ကြပါဘူး။

အမှန်က သူတို့ကို ဖျက်ဆီးပစ်မဲ့၊အကြံ ဘုရားမှာ လုံးဝ မရှိပါဘူး၊သူတို့ကို အသက်ပေးဖို့၊ စီမံကိန်းဘဲရှိပါတယ်၊ ပြည့်ဝစုံလင် အသက်တာကို ပေးဖို့၊အကြံအစည်၊ အလိုတော်သာ ရှိပါတယ်၊ သခင်က သူတို့တွက်ဘဝ အဓိပ္ပါယ် ရှာပေးမဲ့သူ သာဖြစ်ပါတယ်၊သူတို့ ကြိုးပမ်း လုပ်ဆောင်ချက်များကို ပိုမို တောက်ပြောင်စေပြီး အောင်မြင်မှုတွေကို အထွဋ်ထိပ်ပို့ပေးဖို့၊ လာရောက်တဲ့ ပုဂ္ဂိုလ်ဘဲဖြစ်ပါတယ်၊ သူတို့ကို အတိုင်းဆမရှိ ချစ်တဲ့ပုဂ္ဂိုလ်၊ အတိုင်းဆမရှိမေတ္တာကြောင့် သူ့ကဲ့သို့ အတိုင်းဆမရှိတဲ့ ဘဝ ပြည့်စုံခြင်းကို လာပေးနေသူ အဖြစ် မမြင်ကြဘူး၊ ဘုရားသူတို့ကိုချစ်တယ်ဆိုတာမယုံကြဘူး အတိုင်းအဆ မရှိတဲ့ မေတ္တာကိုဖရိရှဲ ကျမ်းတတ်ဆရာတို့က အကန့်အသတ် နဲ့သာ နားလည်တယ်၊သူတို့ မှာရှိတဲ့ လူလူချင်းသာမန်ထားနိူင်တဲ့ မေတ္တာလောက်သာမြင်ကြတယ်၊ချစ်စရာကို ချစ်မယ်၊ မုန်းစရာကို မုန်းမယ်၊ အတိုင်းဆရှိတဲ့ မေတ္တာလောက်ဘဲမြင်ပြီး၊ ဘုရားရဲ့အတိုင်းအဆ မရှိ မေတ္တာကို လက်မခံနိူင် ကြပါ။

သူတို့ဟာ သူတို့ ကိုယ်တိုင်ကြိုးစားအားထုတ်နေမှုက လုံလောက်နေပြီးသား၊ပြည့်ဝစုံလင်ပြီးသားလို့လည်း မှတ်ယူကြတယ်။သူတို့က စင်ကြယ်ပြီးသားဖြစ်လို့ လာပြီးစင်ကြယ် စေဖို့ မလို၊ဘုရားသခင်ကိုလောကစံနှုန်း များနဲ့ တိုင်းတာပြီး၊ လောကလူတို့ အချင်းချင်း ချစ်နိူင်လောက်တဲ့ အချစ်လောက်သာဘဲ ဘုရားမေတ္တာကို မှတ်ယူကြတယ်၊ဘုရားရဲ့ချစ်ခြင်းဟာ၊သူတို့တွက် ဘာမှတန်ဖိုးရှိတဲ့အရာ မဟုတ်ဘူး၊အရေးပါတဲ့ အရာလို့လည်း မမှတ်ယူကြပါ။ကျွန်ပ်တို့ တစ်ဦးစီ မိမိကိုယ်ကို ပြည့်ဝနေပြီ မှတ်ယူတဲ့စိတ်ထားကို ချွတ်ခွာကြဖို့ ဒီကနေ့ သခင်ဖိတ်ခေါ်နေတယ်၊သူ့ရဲ့နှိမ့်ချခြင်းကို အတုယူကြဖို့၊ သူပေးလာတာကို နှိမ့်ချစွာလက်ဝါးဖြန့် လက်ခံကြဖို့၊ ဖိတ်ခေါ်နေတယ်၊ လမ်းမှားနေတဲ့ ကျွန်ပ်တို့ကို အိမ်ပြန်လာကြဖို့ ခေါ်နေတယ်။

 သူ့ ချစ်ခြင်းကို လက်ခံဖို့ ကိုယ်တိုင်နှိမ့်ချစွာ ကျွန်ပ်တို့ထံ လာတယ်၊တို့ကို စင်ကြယ်ပေးဖို့ ဖြစ်တယ်၊သူနဲ့အတူ စားပွဲ တစ်ခုတည်းမှာထိုင်ပြီး၊သူရဲ့ ဘုန်းစည်းစိမ်တွေ အတူတူခံစားကြဖို့ ဖြစ်တယ်။ ပထမ ကျမ်းမှာ ရှင်ပေါလုက သူ့ရဲ့အသင်းသားတွေကို ၊ ပြန်လည်ဖိတ်ခေါ်တယ်၊ ကျင့်ဝတ် ပျက်ပြားနေတဲ့အသင်းသားတွေကို ပြန်လည်ဖိတ်ခေါ်နေတယ်၊ သူတို့ ဘဝဟောင်းကနေ ဘဝသစ်သို့ ကူးပြောင်းဖို့ အချိန်ရောက်ပြီ၊အကြောင်းမှာ ဘဝသစ်ကိုပေးအပ်ခြင်း ခံကြရနေပြီ၊တဆေးအဟောင်းချန်ထားခဲ့ပြီး၊ တဆေးမဲ့ဘဝသစ်မှာ ရှင်သန်ကြစို့ ဖိတ်ခေါ်နေတယ်။

ဒီ ကျမ်းပိုဒ် အထက်နားလေးမှာ၊သူတို့က ဝိုင်အဟောင်းကို ပိုကြိုက်တယ်လို့ သခင်ပြောခဲ့တယ်။အမှန်လည်း နှစ်ချို့ ဝိုင်အဟောင်းက ပိုလို့ကောင်းပါတယ်၊ ဒါပေမဲ့ သခင်ပေးလာတဲ့ဝိုင်က ဒီလောကဝိုင် မျိုးမဟုတ်ရပါ၊ရှင်ယောဟန် အခန်းကြီး ၂ မှာပါတဲ့၊မင်္ဂလာဆောင်ပွဲမှာတွေ့ရဝိုင်လို၊ အကောင်းတကာ့အကောင်းဆုံး ဝိုင်ဖြစ်လို့ပါ။သခင်ပေးလာတဲ့ အသက်တာသည်လည်း၊ကျွန်ပ်တို့ထင်ထား၊နားလည်ထားတဲ့ လူ့လောက အသက်တာမျိုးမဟုတ်ပါဘဲ ၊ ဒါတွေနဲ့ နှိုင်းမရတဲ့အသက်တာဖြစ်နေတာတွေ့ရမယ်၊ဒါကြောင့် အသက်တာသစ်၊ရပြီးလက်ထဲရောက်နေကြပြီး ဆိုသူများအသစ်သောနေထိုင်မှု ပုံစံနဲ့နေထိုင်ကြဖို့ ရှင်ပေါလုက တိုက်တွန်းတယ်၊ကျမ်းပိုဒ် နှစ်ခုကို ဆက်စပ်ကြည့်ရင်ဘုရားက ပေးခဲ့ပြီ၊အသစ်ဖြစ်ခဲ့ပြီ၊ဒီအတိုင်း ကိုက်ညီတဲ့ဘဝကို နေထိုင်အသက်ရှင်ဖို့၊ကျွန်ပ်တို့ဖက်ကလည်းပြန်လည်ကြိုးစားကြရမှာဖြစ်တယ်။

ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

Fr.Florence Aung Kyaw Oo ထောက်ရှုချက်ကို မျှဝေသည်။

gospel reflection