Pathein Catholic Diocese Untitled Document
Untitled Document
မတူကွဲပြားခြင်း၌စည်းလုံးကြစို့

ကျွန်ုပ်တို့တတွေ တိုင်းနိုင်ငံအသီးသီးကို လေ့လာကြည့်တဲ့အခါမှာ နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ အသင်းအဖွဲ့အသီးသီး ရှိကြတယ်ဆိုတာကို တွေ့ကြရမှာဖြစ်ပါတယ်။ ဝေးဝေးမှာကြည့်စရာမလိုပဲနဲ့ ကျွန်ုပ်တို့ရဲ့နိုင်ငံတော်ကို ကြည့်တဲ့အခါမှာ အသင်းအဖွဲ့အသီးသီးကို တွေ့ကြရပါတယ်။ ကြက်ခြေနီအသင်း၊ အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောင့်ရေးအသင်း၊ ဆရာဝန်အသင်း၊ မီးသတ်အသင်းစသည်ဖြင့် အသင်းအဖွဲ့ အသီးသီးရှိကြပါတယ်။ ဒီအသင်းအဖွေဲ့တွေဟာ ဘာအတွက်ဖွဲ့ စည်းထားတာလဲ။ ဘာလုပ်ဖို့လဲ မေးခွန်းမေးလို့ရပါတယ်။ ဒီအသင်းအဖွဲ့တွေရှိခြင်းက တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်သင်းနဲ့တစ်သင်း တိုက်ခိုက်ဖို့ အတွက်လား။ မဟုတ်ပါဘူး။ ဒီအသင်းအဖွဲ့တွေတည်ရှိလာခြင်းရဲ့ တစ်ခုတည်းသောရည်ရွယ်ချက်က နိုင်ငံတော်အတွက်ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အတွက် အဓိကထားလုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။

ထိုနည်းတူပဲ နိုင်ငံအသီးသီးကို လေ့လာကြည့်တဲ့အခါမှာလည်း ဘာသာအသီးသီးရှိကြတယ်။ အထူးသဖြင့် မြန်မာပြည်မှာဆိုရင် ဗုဒ္ဓဘာသာရှိတယ်။ ခရစ်ယာန်ဘာသာရှိတယ်။ အီစလမ်ဘာသာရှိတယ်။ ဟိန္ဒူဘာသာ ရှိတယ်။ ဗုဒ္ဓဘာသာကိုကြည့်ရင်လည်း ထေရဝါဒဗုဒ္ဓဘာသာနဲ့ မဟာယာန ဗုဒ္ဓဘာသာရှိတယ်။ ကျွန်ုပ်တို့ယုံကြည်လက်ခံတဲ့ခရစ်ယာန်ဘာသာမှာလည်း ကက်သလစ်ခရစ်ယာန်အသင်းတော်၊ မြန်မာနှစ်ခြင်း အသင်းတော်၊ ပိုးကရင်နှစ်ခြင်းအသင်းတော်၊ ကချင်နှစ်ခြင်းအသင်းတော်၊ ချင်းနှစ်ခြင်းအသင်းတော်၊ အင်္ဂလီကန်အသင်းတော် စသည်ဖြင့် အမျိုးမျိုးရှိကြတယ်။ ဒီလိုအသင်းတော်အမျိုးမျိုးရှိနေခြင်းက တိုက်ခိုက်ဖို့ ဆန့်ကျင်ဘက်ပြုဖို့အတွက်လား။ မဟုတ်ပါဘူး။ ဒီလိုအမျိုးမျိုးရှိနေခြင်းရဲ့ တစ်ခုတည်းသော အဓိက ရည်ရွယ်ချက်က နိုင်ငံတော်အတွက်ပဲဖြစ်ပါတယ်။ ဘယ်သူ့နိုင်ငံတော်အတွက်လဲ။ ဘုရားသခင်ရဲ့ နိုင်ငံတော် The Kingdom of God အတွက်ပဲဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ နိုင်ငံတော်အတွက် အမှုတော်ဆောင်ကြဖို့ဖြစ်ပါတယ်။

ဘုရားသခင်ရဲ့နိုင်ငံတော်အတွက် လုပ်ဆောင်ကြတဲ့အခါမှာ ရှင်ပေါလုရဲ့ ဆုံးမစကားကို ပြန်လည်သတိရ ဖို့လိုပါတယ်။ ရှင်ပေါလုက ကျွန်ုပ်တို့ကို ဘယ်လိုဆုံးမထားသလဲဆိုတော့ “သင်တို့သည် သင်တို့၏ ခေါ်တော်မူခြင်းနှင့်သက်ဆိုင်သည့် တစ်ခုတည်းသောမျှော်လင့်ခြင်းသို့ ခေါ်တော်မူခြင်းခံကြရသည်နည်းတူ ကိုယ်ခန္ဓာတစ်ခု ဝိညာဉ်တော်တစ်ပါး၊ သခင်တစ်ပါး၊ ယုံကြည်ခြင်းတစ်ပါး၊ ဆေးကြောခြင်းတစ်ပါးတည်းသာ ရှိတော်မူ၏။ ထို့အတူ ငါတို့အားလုံး၏ အဖဖြစ်သော ဘုရားသခင်တစ်ပါးတည်းသာ ရှိတော်မူ၏” လို့ ဧဖက်ဩဝါဒစာ ၄း ၄-၅ မှာ အဲလို ဆုံးမထားပါတယ်။ ဒါက ကက်သလစ်ကျမ်းစာမှာ အဲလိုရေးသားထားပါတယ်။

ဆရာယုဒသန်ဘာသာပြန်ရေးထားတဲ့ကျမ်းစာထဲမှာလည်း ဒီလိုရေးသားထားပါတယ်။ “သင်တို့ကိုခေါ် တော်မူခြင်း နှင့် စပ်ဆိုင်သော မျှော်လင့်ခြင်းတစ်ပါးထဲသို့ ခေါ်သွင်းတော်မူသည်နှင့်အညီ ကိုယ်တစ်ကိုယ်၊ ဝိညာဉ်တစ်ဝိညာဉ် တည်းရှိ၏။ သခင်တစ်ပါး၊ ယုံကြည်ခြင်းတစ်ပါး၊ ဗတ္တိဇံတစ်ပါး၊ ခပ်သိမ်းသောငါတို့၏ အဘဖြစ်တော်မူသော ဘုရားသခင်တစ်ဆူတည်းရှိတော်မူ၏” လို့ ရေးထားတာကို တွေ့ရပါတယ်။

ဒီတော့ ကျွန်ုပ်တို့ဟာ တစ်ဆူတည်းသောဘုရား၊ တစ်ပါးတည်းသောသခင်ကို တစ်ပါးတည်းသောဆေးကြောခြင်း၊ တစ်ပါးတည်းသော ယုံကြည်ခြင်းနဲ့ အမှုတော်ဆောင်နေကြတာပဲဖြစ်ပါတယ်။ ဒါက ဘာအတွက်လည်း ဘုရား သခင်ရဲ့ နိုင်ငံတော် The Kingdom of God အတွက်ပဲဖြစ်ပါတယ်။

ဘုရားသခင်ရဲ့နိုင်ငံတော်အတွက် အမှုတော်ဆောင်တဲ့အခါမှာတော့ လုပ်ဆောင်ချက်တွေ၊ အခေါ်အဝေါ်အသုံး အနှုန်းတွေ မတူညီကွဲပြာမှုတော့ရှိနေအုံးမှာ ဖြစ်ပါတယ်။ အခေါ်အဝေါ်အသုံးအနှုန်းနဲ့ပတ်သက်လို့ ဥပမာပေး ရမယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ ညီအစ်ကိုအသင်းတော်တွေက ယေရှု လို့ခေါ်ဝေါ်သုံးနှုန်းကြတယ်။ ကျွန်ုပ်တို့ကက်သလစ် တွေကတော့ လာတင်းဘာသာစကားနဲ့ ယေဇူး လို့ ခေါ်ကြတယ်။ အင်္ဂလိပ်ဘာသာစကားနဲ့ကျတော့ Jesus လို့ခေါ်တယ်။ ယေရှုပဲခေါ်ခေါ်၊ ယေဇူးပဲခေါ်ခေါ်၊ Jesus ပဲခေါ်ခေါ် ဒီပုဂ္ဂိုလ်က ဒီပုဂ္ဂိုလ်ပဲဖြစ်ပါတယ်။ တကယ်တော့ ပုဂ္ဂိုလ်တစ်ပါးတည်းကိုပဲ ခေါ်ဆိုခြင်းဖြစ်ပါတယ်။ အခေါ်အဝေါ်အသုံးအနှုန်းတွေ မတူကွဲပြား လို့ ဒါမှမဟုတ် အမည်သုံးမျိုးဖြစ်လို့ ပုဂ္ဂိုလ်သုံးဦးဖြစ်သွားတာတော့ မဟုတ်ပါဘူး။ ပုဂ္ဂိုလ်တစ်ဦးတည်းကိုပဲ ခေါ်ဆိုတာဖြစ်ပါတယ်။

အခေါ်အဝေါ်တွေမတူကြသလို လုပ်ဆောင်တဲ့နေရာမှာလည်း ကွဲပြားမှုအနည်းငယ်ရှိတတ်ကြပါသေးတယ်။ ကျွန်ုပ်တို့ ကက်သလစ်ခရစ်ယာန်တွေက ဆေးကြောခြင်းလို့ သုံးတယ်။ ညီအစ်ကိုအသင်းတော်တွေကတော့ နှစ်ခြင်းပေးတယ်လို့ သုံးကြတယ်။ ကက်သလစ်ခရစ်ယာန်တွေက ရေနဲ့ နဖူးပေါ်လောင်းပြီးဆေးကြောတယ်။ ညီအစ်ကိုအသင်းတော်တွေက ရေကန်လေးထဲမှာနှစ်ပြီး ဗတ္တိဇံကိုပေးတယ်။ လုပ်ဆောင်ပုံတွေ အနည်းငယ် ကွဲတယ်။ ဒါပေမဲ့ အဓိပ္ပာယ်နဲ့ ဦးတည်ချက်ကတော့ မတိန်းမယိမ်းပါပဲ။ အခေါ်ဝေါ်အသုံးအနှုန်းတွေ၊ လုပ်ဆောင်ချက်တွေ ဘယ်လိုပဲ မတူကွဲပြားကြပါစေ ကျွန်ုပ်တို့ ရှင်ပေါလုရဲ့ ဆုံးမဩဝါဒစကားကို နှလုံးသွင်း ဆင်ခြင်ကြပါစို့။ ရှင်ပေါလုက ကျွန်ုပ်တို့ကို ဘယ်လိုဆုံးမထားလဲဆိုတော့ “အကြောင်းမူကား ကိုယ်ခန္ဓာ တစ်ခုတည်း၌ ကိုယ်အင်္ဂါအစိတ်အပိုင်းများစွာရှိပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံးသည် အရေအတွက် အားဖြင့်များသော်လည်း ကိုယ်ခန္ဓာတစ်ခုတည်းရှိသကဲ့သို့ ခရစ်တော်၌လည်း ထိုနည်းတူပင်ဖြစ်၏” လို့ ၁ကော ၁၂း ၁၂ ဆုံးမထားပါတယ်။ ဒါက ကက်သလစ်ခရစ်ယာန်တွေသုံးတဲ့ ကျမ်းစာမှာ အဲလိုရေးသားထားတာဖြစ်ပြီး ဆရာယုဒသန်ဘာသာပြန်ရေး ထားတဲ့ ကျမ်းစာထဲမှာတော့ “ဥပမာကား ကိုယ်တစ်ခုတည်း၌ အင်္ဂါအများရှိသည်ဖြစ်၍ ထိုတစ်ခုတည်းသော ကိုယ်၏အင်္ဂါအပေါင်းတို့သည် များလျက်နှင့် ကိုယ်တစ်ခုဖြစ်သကဲ့သို့ ထိုနည်းတူ ခရစ်တော်ဖြစ်၏” လို့ ရေးထားတာကို တွေ့ရပါတယ်။ အင်္ဂါအစိတ်အပိုင်းတွေအများကြီးရှိလို့ လုပ်ဆောင်ချက်တွေ မတူသော်လည်း ကိုယ်ခန္ဓာတစ်ခုတည်းပဲ ဖြစ်ပါတယ်။

အဲဒီတော့ အခေါ်အဝေါ်တွေ လုပ်ဆောင်ချက်တွေမတူသော်လည်း ကျွန်ုပ်တို့ဟာ ခရစ်တော်ရဲ့ အမည်နာမတော်ကို ခံယူ ထားကြတဲ့ ခရစ်ယာန်တွေပဲဖြစ်ကြပါတယ်။ ခရစ်ယာန်ဆိုတဲ့ စကားလုံးက အန္တီအုတ်မြို့ကနေ စတင်ထွက်ပေါ် လာခဲ့ပါတယ် (တမန်တော် ၁၁း၂၆)။ အဓိပ္ပာယ်ကတော့ Follower or disciple of Christ ခရစ်တော်ရဲ့ နောက်လိုက် သို့မဟုတ် တပည့် ပဲဖြစ်ပါတယ်။ ခရစ်ယာန်ဆိုတာ ခရစ်တော်ရဲ့ နေက်လိုက်တွေ ဖြစ်တဲ့အတွက် “ခရစ်တော်သည် ကွဲပြားသလော့” (၁ကော်လောသဲ ၁း၁၀-၁၇) မှာ မေးထားတဲ့အမေးကို ကျွန်ုပ်တို့ ဖြေဆိုနိုင်ပါတယ်။ ခရစ်တော်ဟာ မကွဲပြားပါဘူး။ မခွဲခြားဘူး။ ဆင်းရဲချမ်းသာ၊လူဖြူလူမဲ့၊ ပညာတတ်ပညာမတတ်ဆိုပြီး မခွဲခြားဘူ။ မစွဲစားဘူး။ ခရစ်တော်ဟာ မကွဲပြားသော်လည်း သူ့နောက်ကိုလိုက်နေတဲ့ ခရစ်ယာန်တွေဟာ အခေါ်အဝေါ်အသုံးအနှုန်းတွေ၊ လုပ်ဆောင်ချက်တွေ မတူကွဲပြားကြသော်လည်း မတူကွဲပြား ခြင်း၌စည်းလုံးနေကြပါတယ် (Unity in Diversity) ဆိုတာ ဒီနေ့က သက်သေပါပဲ။

ဘာ့ကြောင့်ကျွန်ုပ်တို့ဟာ မတူကွဲပြားခြင်း၌စည်းလုံးနေကြရတာလည်းဆိုရင် ခရစ်တော်ရဲ့ သွန်သင်ဆုံးမလမ်းပြ ခဲ့ခြင်းကြောင့်လို့ ယုံကြည်ပါတယ်။ တစ်ပါးတည်းသောခရစ်တော်က ကျွန်ုပ်တို့ကို ဘယ်လို မိန့်မြွက်ခဲ့သလဲဆိုတော့ “အကြောင်းမူကား ငါတို့နှင့်ဆန့်ကျင်ဘက်မဟုတ်သောသူသည် ငါတို့ဘက်တွင်ပါဝင်သောသူဖြစ်၏” လို့ ရှင်မာကု ၉း၃၈-၄၀ မှာ ဆိုထားပါတယ်။
ဆရာယုဒသန်ဘာသာပြန်ထားတဲ့ကျမ်းထဲမှာတော့ “သင်တို့၏ ရန်သူဘက်၌မရှိသောသူသည်သင်တို့ဘက်၌ရှိ၏” လို့ တွေ့ရပါတယ်။ ယောဟန်က “အရှင်ဘုရား ကိုယ်တော့ရဲ့ အမည်နာမကို အမည်ပြုပြီး နတ်ဆိုးတွေကို နှင်ထုတ်နေတဲ့ သူတစ်ယောက်ကို တပည့်တော်တို့တွေ့မြင်ခဲ့ပါတယ်။ သူဟာ တပည့်တော်တို့နဲ့ အတူ မပါဝင်တဲ့ အတွက်ကြောင့် သူ့ကိုတပည့်တော်တို့ တားမြစ်ခဲ့ပါတယ်” လို့ လျှောက်တင်ခဲ့တယ်။ အဲဒီအခါမှာ ခရစ်တော်ဘုရားရှင်က ဘယ်လိုပြန်ပြီးမိန့်ဆိုခဲ့လဲဆိုတော့ “သူ့ကိုမတားမြစ်ကြနဲ့။ အကြောင်းမှာ ငါတို့နှင့်ဆန့်ကျင့် ဘက်မဟုတ်သောသူသည် ငါတို့ဘက်မှာပါဝင်တဲ့သူဖြစ်တယ်” လို့ မိန့်ဆိုခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ခရစ်တော်သခင်ဟာ သူ့ရဲ့နာမနဲ့ အမှုတော်ဆောင်နေတဲ့သူတွေကို မငြင်းဆန်ဘူး။ လက်ခံတယ်လို့ ယုံကြည်ပါတယ်။

အဲဒီတော့ ကျွန်ုပ်တို့ဟာ ခရစ်တော်နောက်လိုက်ခရစ်ယာန်တွေအားလုံးကို အသိအမှတ်ပြု လက်ခံကြရမှာ ဖြစ်ပါတယ်။ သူလည်းခရစ်ယာန်၊ ကိုယ်လည်းခရစ်ယာန်တွေပဲလို့ သဘောထားကြရမယ်။ လက်ခံကြရမယ်။ အတိုက်အခံ လုပ်ကြဖို့မဟုတ်ဘူး။ အခုခေတ်ပိုတောင်သတိထားကြရမယ်။ လူမှုကွန်ယက်တွေမှာ တစ်ဦးကိုတစ်ဦး ပုတ်ခတ်တိုက်ခတ်တာတွေ၊ တစ်ဦးနဲ့တစ်ဦးထိပါးစေတဲ့အပြောအဆိုတွေ၊ အရေးအသားတွေ တွေ့မြင်လာ နေရတာဟာ စိတ်မကောင်း စရာတွေပဲလို့ ရှုမြင်သုံးသပ်မိပါတယ်။ တစ်ဦးနဲ့တစ်ဦး လူမှုကွန်ယက်မှာ သော်လည်းကောင်း၊ အပြင်မှာ သော်လည်းကောင်း ပုတ်ခတ်တိုက်ခိုက်တဲ့လူတွေထဲမှာ ကျွန်ုပ်တို့ မပါဝင်ကြဖို့လိုသလို ပုတ်ခတ်တိုက်ခိုက် နေတဲ့သူတွေကို မြင်တွေ့တဲ့အခါမှာလည်း အားပေးအားမြောက်တာတွေ မလုပ်ကြဖို့ လို့ပါတယ်။ လုပ်ချင်လာတဲ့ စိတ်တွေဝင်လာတဲ့အခါ ရှင်ပေါလုရဲ့ ဆုံးမစကားကို ပြန်လည်သတိရကြပါစို့။ “သင်တို့၏နုတ်မှ မကောင်းသော စကားမထွက်စေနှင့်။ သင်တို့၏စကားကို ကြားသောသူတို့သည် အကျိုးခံစားရစေခြင်းငှာ အခွင့်အခါကြုံလျှင် ကောင်းသောသဘောကိုဆောင်သည့် စကားကိုပြောဆိုကြလော့” လို့ ဧဖက်ဩဝါဒစာ ၄း ၂၉ မှာ တွေ့ရပါတယ်။ ကောင်းကျိုးဖြစ်စေတဲ့ စကားတွေကို ပြောဆိုခြင်းဟာလည်း တစ်ဦးကိုတစ်ဦး အသိအမှတ်ပြု လက်ခံနေတဲ့ သဘောပဲဖြစ်ပါတယ်။ တစ်ဦးကိုတစ်ဦး ပုတ်ခတ်တဲ့စကား၊ ထိပါးစေတဲ့စကားတွေ ရေးသားပြောဆိုမှုတွေကို ရှောင်ကြဉ်တာ၊ ရေးသားပြောဆိုသူတွေကို သတိပေးတားမြစ်တာကလည်း ကောင်းကျိုးဖြစ်စေတဲ့လုပ်ရပ်ပါပဲ။

၂၀၂၃ ခုနှစ်အတွက် ရွေးချယ်ထားတဲ့ ကျမ်းပိုဒ်ကလည်း “ကောင်းသောအကျင့်ကို ကျင့်ကြလော့၊ တရားသဖြင့် ပြုခြင်းငှာ ရှာကြံကြလော့” လို့ ဟေရှာယ (၁း ၁၂-၁၈) ကိုရွေးချယ်ထားပါတယ်။ သူတစ်ပါးအကြောင်း အကောင်းပြောခြင်း၊ ရေးခြင်းဟာ ကောင်းသောအကျင့်ကို ကျင့်ကြံခြင်းလည်းဖြစ်ပါတယ်။

ဒါ့အပြင်ရှင်ပေါလုကကျွန်ုပ်တို့တတွေကို ဘယ်လိုသွန်သင်ထားသေးလဲဆိုတော့ “ထို့ကြောင့်သင်တို့သည် ဘုရား သခင် ရွေးကောက်ထား သော သူ များ ဖြစ် ၍ ကိုယ်တော် ချစ်မြတ်နိုး တော်မူ သော သန့်ရှင်း သူ များ ဖြစ်ကြသည့် အလျောက် ကရုဏာထား ခြင်း ၊ ကြင်နာ ခြင်း ၊ နှိမ့်ချ ခြင်း ၊ နူးညံ့သိမ်မွေ့ ခြင်း နှင့် စိတ်ရှည် သည်းခံခြင်းစသည် တို့ ကို ကျင့်ကြံ ကြလော့။ လူ တစ်ဦး သည် အခြား တစ်ဦး အပေါ် အပြစ် တင်စရာရှိ လျှင် လည်း တစ်ဦး ကို တစ်ဦး သည်းခံ လျက် ခွင့်လွှတ် ကြလော့။ ဘုရားသခင် သည် သင် တို့ ကို ခွင့်လွှတ် တော်မူ ခဲ့ သည့် နည်းတူ သင်တို့ သည် လည်း အချင်းချင်း ခွင့်လွှတ် ကြရမည်’ လို့ (ကော်လောဆေ ၃း ၁၂-၁၃)မှာ တွေ့ရပါတယ်။ တစ်ဦးရဲ့အပြစ်ကိုတစ်ဦးက မြင်တဲ့အခါ သည်းခံခွင့်လွှတ်ကြဖို့ ကျွန်ုပ်တို့ကို ဆုံးမသွန်သင်ထားခြင်းဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ ခရစ်ယာန်ညီအစ်ကို မောင်နှမတွေဖြစ်တဲ့အတွက် တစ်ဦးကိုတစ်ဦး ချစ်ခင်ကြင်နာ သည်းခံ ခွင့်လွတ်ကြပြီး ကွဲပြားကြသော်လည်း စည်းလုံးနေဆဲပါဆိုတာ ဆက်လက်ပြသကြပါစို့။

ပုံပြင်လေးတစ်ပုဒ်ပြောပြချင်ပါတယ်။ တစ်ချို့သူတွေလည်းကြားဖူးပြီးသားဖြစ်မှာပါ။
တစ်နေ့တော့ သခင်ယေဇူးကပြောတယ်။ “ငါဘောလုံးပွဲတစ်ခါမှ မကြည့်ဖူးသေးဘူးလို့ ပြောတဲ့အခါမှာ လူငယ် လေးတစ်ယောက်က သူ့ရဲ့သူငယ်ချင်းနဲ့အတူ သခင်ယေဇူးကို ဘောလုံးပွဲကို ခေါ်သွားတယ်။ ဘောလုံးပွဲက ကျွန်ုပ်တို့ ညီအစ်ကို အသင်းတော်နဲ့ ကက်သလစ်အသင်းတော်ကန်တဲ့ပွဲဖြစ်ပါတယ်။ ပွဲစဉ်က အင်မတန်မှ ကြမ်းတဲ့ပွဲတစ်ပွဲပါပဲ။

ကက်သလစ်ဘက်က ပထမဦးဆုံး ဂိုးသွင်းလိုက်တဲ့အခါမှာ သခင်ယေဇူးက သူ့ရဲ့ ဦးထုပ်ကိုချွတ်ပြီး လေထဲကို မြောက်တင်ပြီး အားရပါးရ အားပေးပါတယ်။ များမကြာမီ ညီအစ်ကိုအသင်းတော်ဘက်က ချေပဂိုးကို ပြန်သွင်း ခဲ့တယ်။ အဲဒီအခါမှာ သခင်ယေဇူးက သူ့ရဲ့ ဦးထုပ်ကိုလေထဲကို မြောက်တင်ပြီး အားရပါးရ အားပေးပြန်တယ်။ သခင်ယေဇူးရဲ့ လုပ်ရပ်ကိုနားမလည်နိုင်တဲ့ နောက်ကကြည့်နေတဲ့ ပရိတ်သတ်က သခင်ယေဇူးရဲ့ ပခုံးကို ပုတ်ပြီး “ဆရာဘယ်အသင်းကို အားပေးပါသလဲ” လို့မေးလိုက်တယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကက်သလစ်ဘက်က ဂိုးသွင်းရင်လည်း အားပေးလိုက်တယ်။ ညီအစ်ကိုအသင်တော်ဘက်က ဂိုးသွင်းရင်လည်း အားပေးလိုက်တဲ့ အတွက်ဖြစ်ပါတယ်။ ဘောလုံးပွဲကို အရမ်းစိတ်ဝင်စားနေတဲ့ သခင်ယေဇူးက “ကျွန်ုပ်လာ၊၊ ဘယ်အသင်းမှ အားပေးတာမဟုတ်ဘူး။ ဘောလုံးပွဲကြည့်ရတာသဘောကျလို့ပါ”လို့ ပြန်ဖြေခဲ့တယ်။ အဲဒီအခါမှာ မေးခွန်းမေးတဲ့ ပုဂ္ဂိုလ်က သူ့ဘေးနားမှာရှိတဲ့ သူငယ်ချင်းဘက်ကိုလှည့်ပြီး ဒီလူဟာဘုရားမယုံတဲ့ပုဂ္ဂိုလ်ပဲလို့ လှောင်ပြောင် ပြောဆိုခဲ့တယ်။

ဘောလုံးပွဲပြီးလို့ ပြန်ကြတဲ့အခါမှာ လူငယ်လေးက သခင်ယေဇူးကိုမေးတယ်။ “ကိုယ်တော်ဟာ ဘက်မလိုက် တဲ့ဝါဒကိုအမြဲကျင့်သုံးလေ့ရှိသလား” လို့မေးတဲ့အခါအကျတော့ သခင်ယေဇူးက “လူနဲ့ဘာသာယှဉ်လိုက်ရင် ငါဟာ လူတွေဘက်ကပဲ အမြဲဦးစားပေးတယ်။ လူက ဥပုသ်နေ့ထက်ပိုမမြတ်ဘူးလား” လို့ ပြန်ပြောခဲ့တယ်။

ကက်သလစ်ခရစ်ယာန်၊ နှစ်ခြင်းခရစ်ယာန်၊သူတို့က နှစ်ခြင်းခံတာ ငါတို့က ဆေးကြောခြင်းခံတာဆိုပြီး မခွဲခြားကြပဲနဲ့ ခရစ်တော် နောက်လိုက်နေကြတဲ့ ခရစ်ယာန်တွေအားလုံးဖြစ်တယ်ဆိုတာကို အသိအမှတ် ပြုလက်ခံရင်း ဘုရားသခင်ရဲ့ နိုင်ငံတော်အတွက် ဆက်လက်ပြီး အမှုတော်များကို ထမ်းဆောင်ကြပါစို့။ မတူညီကွဲ ပြားခြင်း၌ ကျန်ုပ်တို့ အတူတကွ စည်းလုံးကြပါစို့။

သခင်ယေဇူးကိုယ်တိုင်ဆုတောင်းပေးခဲ့သလို “အဖ၊ ကိုယ်တော်သည် ကျွန်ုပ်၌လည်းကောင်း၊ အကျွန်ုပ်သည်လည်း ကိုယ်တော်၌လည်းကောင်းတည်ရှိသကဲ့သို့ သူတို့သည် တစ်လုံးတစ်ဝတည်းရှိကြပြီး အကျွန်ုပ်၌လည်း တည်ရှိ စေတော်မူပါ။ ဤသို့ဖြင့် ကိုယ်တော်သည် အကျွန်ုပ်အား စေလွှတ်တော်မူကြောင်းကို ဤလောကသည် ယုံကြည် ပါလိမ့်မည်။ (ရှင်ယောဟန် ၁၇း၂၁) မှာ ပြောထားပါတယ်။

ဆရာယုဒသန်ဘာသာပြန်ကျမ်းထဲမှာတော့ “ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူသည်ကို လောကီသား တို့သည် ယုံကြမည်အကြောင်း ထိုသူအပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်လျှက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ရှိသကဲ့သို့၊ ထိုသူအပေါင်းတို့သည် ငါတို့၌တစ်လုံး တစ်ဝ တည်းဖြစ်စေခြင်းငှာ ဆုတောင်းပါ၏။
ကျွန်ုပ်တို့ ခရစ်ယာန်များ မတူကွဲပြားခြင်း၌ စည်းလုံးကြပါစို့လို့ ဖိတ်ခေါ်ရင်း အယောက်တိုင်းစီအပေါ်သို့ ဘုရား သခင်ရဲ့ကောင်းကြီးမင်္ဂလာများသက်ရောက်ပြီး နှလုံးစိတ်ဝမ်းအေးချမ်းလျှက် အန္တရာယ်ခပ်သိမ်းမှကင်းဝေး ကြပါ စေလို့ ဆုတောင်းရင် နိဂုံးချုပ်လိုက်ပါတယ်။

ဖာသာရ် ရေမွန်
ကက်သလစ်ခရစ်ယာန်အသင်းတော်
ကိုသာဖြူဘုရားကျောင်း‌
ပုသိမ်မြို့။
၂၅ ဇန်နဝါရီ ၂၀၂၃။

gospel reflection