Pathein Catholic Diocese Untitled Document
Untitled Document
အာဒ်ဝင်တူးကာလ ဒုတိယတနင်္ဂနွေနေ့အတွက် တရားဒေသနာတော် (ဩဝါဒ)

အာဒ်ဝင်တူးကာလ ဒုတိယတနင်္ဂနွေနေ့

၄ ဒီဇင်ဘာ ၂၀၂၂။

ရှင်မာတေဦး ၃း ၁-၁၂

အာဒံနှင့် ဧဝတို့၏အပြစ်ကြောင့် ကောင်းကင်တံခါးပိတ်သွားခဲ့၏။ သို့သော် ဘုရားသခင်သည် ကမ္ဘာလူသားတို့ကို စွန့်ပစ်၍မထားပေ။ ကယ်တင်ရှင်ကို စေလွှတ်ပေးမည်ဟု ကတိထားခဲ့၏။ ကယ်တင်ရှင်သည် ကမ္ဘာလူသားတို့၏ အပြစ်ကိုဆပ်ဖြေ၍ ကောင်းကင်တံခါးကိုဖွင့်ပေးရန် ဤလောကသို့ဆင်းကြွလာခဲ့၏။ ကယ်တင်ရှင်သခင်ယေဇူး သည် နာဇရက်မြို့ကလေး၌ နှစ်ပေါင်းသုံးဆယ်တိုင်တိုင် မထင်မရှားနေထိုင်ခဲ့၏။ ကမ္ဘာလူသားတို့ကို ကယ်တင်ရန်အချိန်ကျရောက်လာသောအခါ ကယ်တင်ရှင်ယေဇူးသည် လူ့ဘုံအလယ်လို့ပေါ်ထွက်လာခဲ့၏။ လူအပေါင်းတို့သည် ကယ်တင်ရှင်ကို ထိုက်တန်စွာကြိုဆိုလက်ခံနိုင်စေရန် ရှေ့တော်ပြေးတစ်ယောက်ကို စေလွှတ်ခဲ့၏။

ဘုရားသခင်သည် ကယ်ကယ်ရှင်၏ရှေ့တော်ပြေးကို စေလွှတ်ပေးမည့်အကြောင်းကို ပရောဖက် ဟေရှာယအားဖြင့် ကြိုတင်၍ မိန့်ကြားခဲ့၏။ ပရောဖက်ဟေရှာယက ဤသို့ဟောကြားထား၏။ တော၌ဟစ်ကြွေးသော သူ၏အသံမှာ ထာဝရဘုရားကြွတော်မူရာလမ်းကို ပြင်ဆင်ကြလော့။ ချိုင့်ဝှမ်းရှိသမျှတို့ကိုဖို့ရမည်။ တောင်ကြီးတောင်ငယ်ရှိသမျှ တို့ကို ဖြိုရမည်။ ကောက်သောလမ်းများကို ဖြောင့်တန်းစေရမည်။ ကြမ်းတမ်းသောလမ်းများကိုလည်း ချောမွေ့အောင်ပြင်ဆင်ရမည်။ ထာဝရဘုရား၏ ဘုန်းတော်ပေါ်ထွန်း၍ လူအပေါင်းတို့သည် အတူမြင်ကြရလတံ့ဟု ထာဝရဘုရား၏ နုတ်တော်ထွက်စကား အမိန့်ရှိ၏ ဟု ဟောကြားတော်မူ၏ (ဟေရှာယ ၄၀း ၃-၅)။

ပရောဖက်ဟေရှာယ ကြိုတင်ဟောကြားထားသောကယ်တင်ရှင်၏ ရှေ့ပြေးသည် ယောဟန် ဗတ္တိဇံပင်ဖြစ်၏။ ယောဟန်သည် ကယ်တင်ရှင်၏ ရှေ့ပြေးပီပီ သန့်ရှင်းဖြောင့်မတ်စွာ ကျင့်ကြံနေထိုင်ခဲ့၏။ မြို့ကြီးပြကြီးနှင့် စည်းစိမ်ချမ်းသာကို စွန့်၍တောကန္တရသို့ သွား၍တရားအားထုတ်ခဲ့၏။ ဆင်းရဲခြင်း၊ ချိုးခြံဝါရှောင်ခြင်း တို့ကို ကျင့်ကြံခဲ့၏။

ပရောဖက်ဟေရှာယဟောကြားသည်ကား“တော်၌ဟစ်ကြွေးသောအသံမှာ ထာဝရဘုရား ကြွလာတော်မူရာ လမ်းကို ပြင်ဆင်ကြလော့။ လမ်းခရီးတော်ကို ဖြောင့်စေကြလော့” ဟူသောအချက်၌ ထိုယောဟန်ကို ဆိုလိုသတည်း။ ယောဟန်သည် ကုလားအုပ်အမွေးနှင့် ရက်သောအဝတ်ကို ဝတ်လျက် ခါး၌ သားရေးခါးပန်းကိုစည်းလျက် ကျိုင်းကောင်နှင့်တော၌ရသော ပျားရည်ကိုသာ စား၏” ဟု ယောဟန်၏ အကြောင်းကို ဖော်ပြထား၏ (ရှင်မာတေဦး ၃း ၃-၄)။

ကယ်တင်ရှင်ကို ထိုက်တန်စွာလက်ခံနိုင်ကြရန် ယောဟန်သည် လူတို့ကိုပြင်ဆင်ပေးခဲ့၏။ ယောဟန်က လူများကို ဘုရားသခင်နှစ်သက်တော်မူသော လူများဖြစ်စေရန် နောင်တတရားအားဖြင့် မိမိတို့ကိုယ်ကို သန့်ရှင်းဖြောင့်မတ်စေရမည်ဟု ဟောပြောသွန်သင်ခဲ့၏။ “ထိုကာလ၌ ဗတ္တဇံဆရာယောဟန်သည် ပေါ်ထွန်းလာလျှင် ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။ ထို့ကြောင့် နောင်တယူကြလော့ဟု ယုဒတော့၌ ဟောလေ၏” ဟု ကျမ်းစာ၌ တွေ့ရ၏ (ရှင်မာတေဦး ၃း ၁-၂)။

လူအမြောက်အများတို့သည် ယောဟန် တရားဟောကြားသည့်နေရာသို့ လာကြ၏။ ဖာရီရှဲနှင့် ဇဒ္ဒုကဲတို့သည်လည်း လာကြ၏။ ယောဟန်က သူတို့ကို မြွေဆိုးမျိုးဟု ခေါ်ခဲ့၏။

ယောဟန်က “သင်တို့သည် အာဗြံဟန်မှ ဆင်းသက်လာကြသောကြောင့် ကယ်တင်ခြင်းရမည်ဟု လွှဲလွှဲမှားမှား မယုံကြည်ကြနှင့်။ အပြစ်များအတွက် နောင်တယူကြလော့။ ကောင်းသော သက်တော်စဉ်နှင့် နေထိုင်ကြလော့။ သို့မဟုတ်လျှင်အသီးမသီးသော သစ်ပင်ကဲ့သို့ ခုတ်လှဲခြင်းကို ခံရမည်” ဟု ဆုံးမတော်မူ၏။

ယောဟန်က “ဖာရီရှဲနှင့် ဇဒ္ဒုကဲတို့ဆေးကြောခြင်ကို ခံရန်လာကြသည်ကို မြင်တော်မူလျှင် “ရောက်လုနီးသော ဘေးဒဏ်မှ လွှတ်စိမ့်သောငှာ အဘယ်သူသည် သင်တို့ကို သတိပေးသနည်း။ နောင်တရခြင်းနှင့်ထိုက်တန်သော အကျင့်ကို ကျင့်ကြလော။ အာဗြံဟန်သည် ငါတို့အဖဖြစ်သည်ဟူ၍ စိတ်ထဲ၌ မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤကျောက်ခဲတို့မှ အာဗြံဟန်၏ သားတို့ကို ဖန်ဆင်းနိုင်၏။ သစ်ပင်၏အနားမှာ ပုဆိန်ထားလျှက်ရှိ၏။ ကောင်းသောအသီး မသီးသော အပင်ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်၏” ဟု ဆို၏ ( ရှင်မာတေဦး ၃း ၇-၁၀)။

ယောဟန်က ဖာရီရှဲနှင့် ဇဒ္ဒုကဲတို့အား နောင်တရရန် ဟောကြားခဲ့၏။ ရဟန္တာ ရှင်အန်ဘရို့စ်က (St. Ambrose) က “နောင်တဆိုသည်မှာ ဝမ်းနည်းခြင်း၊ ငိုကြွေးခြင်းတို့ဖြင့် မလုံလောက်ပေ။ မိမိတို့၏ဘဝကို ပြုပြင်ပြောင်းလဲပစ်ရမည်”ဟု ဆို၏။

ယနေ့သည် အာဒ်ဝင်တူးကာလ ဒုတိယတနင်္ဂနွေနေ့ဖြစ်၏။ ကယ်တင်ရှင် မက်ဆီးယားကြွလာခြင်းအတွက် မိမိတို့ကိုယ်ကို ပြုပြင်ကြရန် အမိအသင်းတော်ကြီးက ကျွန်ုပ်တို့ကို သတိပေးနှိုးဆော်လျှက်ရှိ၏။ ယနေ့ကျမ်းစာ၌ကြားနေရသော ယောဟန်၏ သတင်းစကားကို ကျွန်ုပ်တို့လိုက်နာကြရန် အလွန်အရေးကြီးလှ၏။

ယောဟန်က “ကောင်းကင်နိုင်ငံတည်လုနီးပြီ။‌ နောင်တရကြလော့။ ဘုရားသခင်နှစ်သက်သောသူများဖြစ်စေရန် နောင်တတရားဖြင့် မိမိတို့ကိုယ်ကို ဖြူစင်ဖြောင့်မတ်စေရမည်” ဟု ဆုံးမသွန်သင်၏။ ကျွန်ုပ်တို့သည် ယောဟန်ကဲ့သို့ စိတ်ကွယ်ရာ၌ ဘုရားသခင်ထံ ဆုတောင်းခြင်း၊ ချိုးခြံဝါရှောင်ခြင်းနှင့်အတူ အပြစ်များအတွက် နောင်တယူ၍ သခင်ဘုရားကြွလာခြင်းအတွက် ပြင်ဆင်ကြပါစို့။

ပုသိမ်သာသနာမှ စာချဘုန်းတော်ကြီးတစ်ပါးရဲ့ ဩဝါဒ

စိန့်မိုက်ကယ်ရဟန်းဖြစ်သင်ကျောင်း၊ တောင်ကြီးမြို့။

gospel reflection