Pathein Catholic Diocese Untitled Document
Untitled Document
အာဒ်ဝင်တူးကာလ တတိယတနင်္ဂနွေနေ့အတွက် ထောက်ရှုချက် (သြဝါဒ)

အာဒ်ဝင်တူး တတိယတနင်္ဂနွေ

၁၁ ဒီဇင်ဘာ ၂၀၂၂

ရှင်မာတေဦး ၁၁း ၂-၁၁

ယနေ့ကျမ်းစာ၌ သခင်ယေဇူးက ရှင်ယောဟန် ဗတ္တဇံကို ချီးမွမ်းထားကြောင်းတွေ့ရ၏။ သခင်ယေဇူးက “ငါဧကန်အမှန်ဆိုသည်ကား မိန်းမများမှဖွားမြင်သောသူတို့သည် ယောဟန်ထက်ကြီးမြတ်သောသူ မပေါ်ထွန်းသေး” ဟု မိန့်တော်မူ၏ (ရှင်မာတေဦး ၁၁း ၁၁)။

ယောဟန်သည် အမှန်တရားကို ချစ်မြတ်နိုးသူဖြစ်၏။ မှန်လျှင် ဟေရုဒ်မင်းကြီးကိုပင် ပြောရဲ၏။ ဟေရုဒ်မင်းကြီးအား ညီဖြစ်သူ၏ ဇနီးနှင့် တရားမဝင်ပေါင်းသင်းခြင်းအတွက် ရှုတ်ချခဲ့၏။ ယောဟန်သည် ကြီးမြတ်သော ပရောဖက်ဖြစ်သည်။ သူသည် ကယ်တင်ရှင်မက်ဆီးယား၏ ရှေ့တော်ပြေးဖြစ်ကြောင်းကို ပရောဖက် ယေရမိယက ကြိုတင်ဟောကြာတော်မူ၏။ ယောဟန်ကြွလာခြင်းသည် ကယ်တင်ရှင်မက်ဆီးယားကြွလာမည့်အကြောင်းကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်၏။ 

ယောဟန်သည် အလွန်ကြီးမြတ်သော ပရောဖက်တစ်ပါးဖြစ်၏။ ယောဟန်သည်အခြား ပရောဖက်များထက်သာ၍ ကြီးမြတ်ရသောအကြောင်းရင်းများရှိ၏။ သိကြားမင်း ဂါဗြီအဲလ်သည် ယောဟန်ဖွားမြင်မည့်အကြောင်းကို ကြိုတင်၍အသိပေးကြေညာခဲ့၏။ ဤသိကြားမင်းပင်လျှင် သခင်ယေဇူးဖွားမြင်မည့်အကြောင်းကိုလည်း ကြေညာခဲ့၏။ 

မယ်တော်မာရီယားသည် ဧလိဇဘက်ထံသို့ အကြည့်အရှုရောက်ရှိလာသောအခါ ယောဟန်သည် အမိ၏ဝမ်းအတွင်း၌ ခုန်မြူးခဲ့၏။ ယောဟန်သည် မိမိတပည့်တော်များကို သခင်ယေဇူးအား ညွှန်ပြခဲ့၏။ သခင်ယေဇူးကိုလည်း ကိုယ်တိုင်ဆေးကြောခြင်းပေးခဲ့၏။ သခင်ယေဇူးကလည်း ယောဟန်ကို မိန်းမများမှ မွေးဖွားလာသောသူတို့တွင် အကြီးမြတ်ဆုံးဖြစ်သည်ဟု ချီးမွမ်းပြောဆို ခဲ့၏။ စိန့်ဂျွန်းခရစ္စတောစတွန်းက ပရောဖက်များသည် ဘုရားသခင်ထံမှ ဆုကျေးဇူးများကို ခံယူကြရသည်။ ပရောဖက်အားလုံးတို့သည် နှုတ်ကပတ်တော် (သခင်ယေဇူး) ကို သက်သေခံကြ၏။ သို့သော် ယောဟန်သည် နှုတ်ကပတ်တော် အသံစစ်စစ်ဖြစ်၏။ 

ယောဟန်၏ အလုပ်တာဝန်သည် အကောင်းနှင့် အဆိုးကို မီးမောင်းထိုးပြရန်ဖြစ်၏။ ဟေရုဒ်မင်းကြီးသည် သူ့ညီ၏ဇနီးနှင့် တရားမဝင် ပေါင်းသင်းနေထိုင်သည်ကို ယောဟန်ထောက်ပြခဲ့၏။ အပြစ်တင် ရှုတ်ချခဲ့၏။ လူအများကို သန့်ရှင်းဖြောင့်မတ်စွာနေထိုင်ကြရန် ဆုံးမသတိပေး၏။ 

ယောဟန်က “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် ရောက်လုနီးပြီ”ဟု ဟောကြားခဲ့၏ (ရှင်မာတေဦး ၃း ၂)။ ယောဟန်သည် လူတို့ကို ညွှန်ပြပေးသော လမ်းညွှန်ဆိုင်းဘုတ် ဖြစ်၏။ သူ၏အဓိက အလုပ်ကား သခင်ယေဇူးကို လူအများသိစေရန် ညွှန်ပြပေးရသော အလုပ်ဖြစ်၏။ 

ကျမ်းစာပညာရှင် Hagner ဟာနား က ယောဟန်သည် ဓမ္မဟောင်းက မျှော်လင့်စောင့်စားနေသော ကယ်တင်ရှင်မက်ဆီးယား ရောက်ရှိနေပြီးဟု ပြောဆို ညွှန်းပြသော သူဖြစ်သည်ဟု ဆို၏။ ယောဟန်သည် လူတို့ကို ကယ်တင်ရှင်မက်ဆီးယားကို ညွှန်ပြပြီးနောက် လူဘုံအလယ်မှာ ပျောက်ကွယ်သွားလေ၏။ 

ယောဟန်သည် ထောင်ကျနေစဉ် မိမိ၏တပည့်နှစ်ဦးကို ယေဇူးထံသို့စေလွှတ်၍ ကိုယ်တော်သည် ကြွလာသောသူ (မက်ဆီးယား) မှန်သလော သို့မဟုတ် အခြာသောသူကို မျှော်လင့်ရမည်လော့ ဟု မေးလျှောက်စေခဲ့၏ (ရှင်လုကား ၁၁း ၃)။

ယောဟန်က ဤသို့မေးမြန်းခြင်းသည် မိမိအတွက်မဟုတ်ဘဲ တပည့်တော်များအတွက် မေးမြန်းခြင်းဖြစ်၏။ ယောဟန်က သခင်ယေဇူးသည် မက်ဆီးယားဖြစ်ကြောင်းကို သိရှိထားနှင့်ပြီဖြစ်၏။ သို့သော် တပည့်တော်အချို့နှင့် လူအများက သခင်ယေဇူးအပေါ်၌ သံသယရှိကြ၏။ ထို့ကြောင့် ယောဟန်က မိမိ၏တပည့်နှစ်ယောက်ကို သခင်ယေဇူးထံသို့ စေလွှတ်၍ မေးမြန်းစေခြင်းဖြစ်၏။ 

သခင်ယေဇူးက ယောဟန်၏တပည့်များမေးသည့်မေးခွန်းကို တိုက်ရိုက်မဖြေကြားခဲ့ချေ။ သွယ်ဝိုက်၍သာ ဖြေကြားခဲ့၏။ သခင်ယေဇူးက ယောဟန်၏တပည့်များအား “သင်တို့ ကြားရသမျှတို့ကို ယောဟန်အားပြောကြားကြလော့။ မျက်စိကန်းသောသူတို့သည် မြင်ကြရ၏။ ခြေမစွမ်းသောသူတို့သည် လမ်းလျှောက်ကြ၏။ နားပင်းသောသူတို့သည် နားကြားရကြ၏။ သေသောသူတို့သည်လည်း ထမြောက်ခြင်းသို့ ရောက်ကြ၏။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာသတင်းကို ကြားရကြ၏ ဟု မိန့်တော်မူ၏ (ရှင်မာတေဦး ၁၁း ၄-၅)။

သခင်ယေဇူး၏အဖြေထဲတွင် မက်ဆီးယား၏ ဂုဏ်အင်္ဂါရပ်များ အပြည့်အစုံပါရှိနေ၏။ မျက်စိကမ်းသောသူတို့ကို မြင်စေခြင်း၊ ခြေမစွမ်းသောသူတို့ကို လမ်းလျှောက်နိုင်စေခြင်း၊ သေသောသူတို့ကို ရှင်ပြန်ထမြောက်နိုင်စေခြင်းတို့ကို ဘုရားသခင်သာလျှင် ပြုလုပ်နိုင်၏။ ထို့ကြောင့် သခင်ယေဇူးက မိမိသည် ကယ်တင်ရှင်မက်ဆီးယား ဖြစ်ကြောင်းကို ကိုယ်တိုင်ပြောပြခဲ့၏။ ယောဟန်သည် ကြီးမြတ်သော ပရောက်ဖက်တစ်ပါးဖြစ်၏။ မိန်းမများမှ ဖွားမြင်သောသူတို့တွင် ယောဟန်ထက်ကြီးမြတ်သောသူ မရှိချေ။ ယောဟန်သည် သခင်ယေဇူး၏ ရှေ့တော်ပြေးဖြစ်၏။ သင်ယေဇူးကြွလာခြင်းအတွက် လူတို့အား နောင်တတရားရရှိစေရန် ဆုံးမသွန်သင်ခဲ့၏။ ကောင်းကင်နိုင်ငံတည်လုနီးပြီဟု လူတို့ကို သတိပေးခဲ့၏။ သခင်ယေဇူးကြွလာတော်မူသောအခါ လူတို့ကို သခင်ယေဇူးအား ညွှန်ပြပေးခဲ့၏။ ယောဟန်သည် လူတို့ကို သခင်ယေဇူးနှင့် မိတ်ဆက်ပေးပြီးနောက် လူဘုံအလယ်မှ ပျောက်ကွယ်သွားလေ၏။ 

ပုသိမ်ကက်သလစ်သာသနာမှ ရဟန်းတစ်ပါး

စိန့်မိုင်ကယ်ရဟန်းဖြစ်သင်ကျောင်း၊ တောင်ကြီးမြို့။

 

gospel reflection