Pathein Catholic Diocese Untitled Document
Untitled Document
အာဒ်ဝင်တူးကာလ ပထမတနင်္ဂနွေနေ့ အတွက် ဩဝါဒ

အာဒ်ဝင်တူးကာလ ပထမတနင်္ဂနွေနေ့

(၂၀၂၂ နိုဝင်ဘာ ၂၇)။

ရှင်မာတေဦး ၂၄း ၃၇-၄၄

ယနေ့မှစ၍ ကျွန်ုပ်တို့သည် အာဒ်ဝင်တူး အချိန်ကာလကို ရောက်ရှိနေကြပြီဖြစ်သည်။ အာဒ်ဝင်တူးကာလသည် ဥပုဒ်လေးပတ်ခန့်ကြာမြင့်၏။ ဤအချိန်ကာလသည် သခင်ယေဇူးကြွလာခြင်းအတွက် ပြင်ဆင်ရသော အချိန် ကာလ ဖြစ်၏။

သခင်ယေဇူးကြွလာခြင်းမှာ နှစ်ကြိမ်ဖြစ်မည်။ ပထမအကြိမ်တွင် ကိုယ်တော်သည် လူ့အဖြစ်နှင့် ဤလောကသို့ ကြွလာခဲ့၏။ အမိမယ်တော်၏ ဝမ်းတော်၌ ပဠိသန္ဓေစွဲယူခဲ့၏။ ဗက်သလင်ဟင်မြို့ နွားစားခွက်တွင် ဖွားမြင်ခြင်း ကိုခံခဲ့၏။ နာဇရက်မြို့၌ ကြီးပြင်းလာပြီး အဖသံဇူဇယ်နှင့်အတူ လက်သမားအလုပ်ကို လုပ်ကိုင်ခဲ့၏။ ကာလ်ဝါရီ တောင်ပေါ်တွင် လူသားအားလုံး၏ ကယ်တင်ခြင်းအတွက် အသေခံခဲ့၏။ တတိယနေ့တွင် သေခြင်းမှ ရှင်ပြန် ထမြောက်တော်မူ၏။ ကောင်းကင်ဘုံသို့တက်ကြွတော်မူ၍ အဖခမည်းတော်ဘုရား၏ လက်ယာဘက်၌ စံမြန်း တော်မူ၏။

ကိုယ်တော်သည် ဒုတိယအကြိမ်ကြွလာတော်မူသောအခါ ဘုန်းတန်ခိုးနှင့် ကြွလာတော်မူမည်ဖြစ်သည်။ ဒုတိယ အကြိမ်ကြွလာတော်မူသောအခါ ကမ္ဘာကုန်သည့်အချိန်ဖြစ်မည်။ ကိုယ်တော်သည် ကြွလာတော်မူပြီး ရာဇပလ္လင် ပေါ်၌ ထိုင်တော်မူ၍ သေသူရှင်သူတို့ကို စီရင် စစ်ကြောတော်မူလိမ့်မည်။

ကျမ်စာတော်က သခင်ယေဇူးသည် ဒုတိယအကြိမ် ကြွလာတော်မူမည်ဟု ဆို၏။ သို့သော် မည်သည့်အချိန် ကြွလာတော်မူမည်ကို ဖော်ပြထားခြင်းမရှိပေ။ ကျမ်းရေးပုဂ္ဂိုလ်ကြီး ရှင်မာတေဦးက သခင်ယေဇူး၏ ဒုတိယ အကြိမ်ကြွလာခြင်းသည် အလွန်နီးကပ်နေပြီးဟု ဆို၏။ “ငါအမှန်ဆိုသည်ကား ယခုဖြစ်သောလူများမကုန်မှီ ထိုအကြောင်းအရာအလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏ (ရှင်မာတေဦး ၂၄း ၃၄)။

ရှင်မာတေဦးကျမ်းတွင် သခင်ယေဇူး၏ တတိယအကြိမ်ကြွလာခြင်းကို မည်သူမျှမသိရဟု ဆိုထား၏။ ထိုအချိန် နာရီကိုကား အဘယ်သူများ မသိ။ ငါ့ခမည်းတော်တစ်ပါးတည်းသာ သိတော်မူ၏ဟု ဆို၏ (ရှင်မာတေဦး ၂၄း ၃၆)။

ကျမ်းပိုဒ်တော်တော်များများတွင် သခင်ယေဇူး၏ ဒုတိယအကြိမ်ကြွလာခြင်းသည် ယခုချက်ချင်း မဖြစ် နိုင်သည့် ကြောင်းကို ဖော်ပြထား၏။ သခင်ယေဇူးက “ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရ လိမ့်မည်။ ပြီးမှ အဆုံးသည် ဖြစ်လတံ့” ဟု မိန်တော်မူ၏ (ရှင်မာတေဦး ၂၄း ၁၄)။

သခင်ယေဇူး ဒုတိယအကြိမ်ကြွလာခြင်းကိ နှစ်မျိုးနှစ်စား ခွဲခြား၍ ရှုမြင်နိုင်၏။ ပထမတစ်မျိုးမှာ လူတစ်ဦး ခြင်းနှင့်ဆိုင်၏။ ဒုတိယတစ်မျိုးမှာ လူအများနှင့် ဆိုင်၏။

ပထမတစ်မျိုးမှာ ကျွန်ုပ်တို့သေဆုံးသောအခါ သခင်ယေဇူးကြွလာမည်ဖြစ်၏။ ဤကဲ့သို့ သခင်ယေဇူး ကြွလာခြင်းသည် ယနေ့ဖြစ်နိုင်၏။ မနက်ဖြန်ဖြစ်နိုင်၏။ နောင်နှစ်ပေါင်းအတန်ကြာမှလည်း ဖြစ်နိုင်၏။

ဒုတိယတစ်မျိုးမှာ လူအားလုံးအတွက်ဖြစ်၏။ ဤသို့ ဒုတိယကြွလာခြင်းမျိုးသည် ကမ္ဘာကုန်သည့်အခါ၌ ဖြစ်မည်။ ဤသို့ဆိုလျှင် လူအားလုံးအတွက် ကြွလာခြင်းသည် နောင်နှစ်ပေါင်းများ စွာကြာဦးမည်ဖြစ်၏။ ကျွန်ုပ်တို့သေသည့်အချိန်၌ သခင်ယေဇူး၏ ကြွလာခြင်းသည် ကျွန်ုပ်တို့အတွက်အရေးကြီးဆုံးဖြစ်၏။

သခင်ယေဇူး၏ကြွလာခြင်းအတွက် ကျွန်ုပ်တို့အဆင်သင့် ပြင်ဆင်ထားကြရန် ယနေ့ကျမ်းစာက ကျွန်ုပ်တို့ကို သတိပေးလျက်ရှိ၏။ သခင်ယေဇူး၏ ဒုတိယအကြိမ်ကြွလာမည့် အချိန်နာရီကို မသိသောကြောင့် ကျွန်ုပ်တို့က အဆင်သင့် ပြင်ဆင်ထားကြရန် လိုအပ်လေသည်။ ကျွန်ုပ်တို့က အဆင်သင့်ပြင်ဆင်မထားကြလျှင် သခင်ယေဇူး ဒုတိယအကြိမ်ကြွလာတော်မူသောအခါ ဘေးဒုက္ခနှင့် ကြုံတွေ့ကြရပါလိမ့်မည်။

သခင်ယေဇူးဒုတိယအကြိမ်ကြွလာတော်မူသောအခါ သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို သီးခြားစီခွဲခြားသကဲ့သို့ လူကောင်းတို့ကို ဆုချတော်မူ၍ လူဆိုးတို့ကို ဒဏ်ခတ်တော်မူလိမ့်မည်။

ကျွန်ုပ်တို့တွင် အပြစ်ရှိနေလျှင် အလျင်အမြန်နောင်တယူကြရန် လိုအပ်၏။ ဤယနေ့ကျမ်းစာ၌ နောဧ ခေတ် အခါကလူများ၏အကြောင်းကို ကြားနာကြရ၏။ လူတို့သည် သောက်စားပျော်ပါး၍ အပြစ်၌ ကျင်လည်နေ ကြ၏။ ဘုရားတရားကို မေ့လျော့နေကြ၏။ အပြစ်များအတွက် နောင်တယူကြရန် သတိမရကြချေ။ ထို့ကြောင့် ဘုရားသခင်၏ စီရင်စစ်ကြောခြင်းနေ့ရက်ရောက်ရှိလာသောအခါ သေကြေပျက်စီးကြရ၏။

ဤယနေ့သည် အာဒ်ဝင်တူးပထမတနင်္ဂနွေနေ့ဖြစ်၏။ ဤအာဒ်ဝင်တူးအချိန်ကာလသည် သခင်ယေဇူး ကြွလာ ခြင်းအတွက် မိမိတို့ကိုယ်ကို ပြင်ဆင်ရသောအချိန်ကာလ ဖြစ်၏။ ဤအချိန်ကာလတွင် ကျွန်ုပ်တို့သည် မိမိတို့၏ အပြစ်အမှားအများအတွက် နောင်တယူကြရမည်။ အကျင့်ကောင်းသီလပါရမီများကို ဆည်းပူးတည် ဆောက် ကြရမည်။

ကျွန်ုပ်တို့သည် ကောင်းသောခရစ္စတီယာန်ပီသစေရန် ဘုရားသခင်အလိုတော်အတိုင်း ကျင့်ကြံနေထိုင်ကြရန် ကျေးဇူးတော်များကိုတောင်းခံကြရမည်။ ဘုရားသခင်၏ကျေးဇူးတော်မပါလျှင် ကျွန်ုပ်တို့သည် မည်သည့် ကောင်းမှုမျှ မပြုနိုင်ချေ။ ထို့ကြောင့် သခင်ယေဇူး ဒုတိယအကြိမ် ကြွလာတော်မူသောအခါ ကိုယ်တော့်ကို ကောင်းမွန်ထိုက်တန်စွာနှင့် ကြိုဆိုလက်ခံနိုင်ရန် လိုအပ်သောခွန်အားကျေးဇူးတော်ကို အဖဘုရားသခင်ထံ တောင်းခံကြစို့။

ပုသိမ်ဂိုဏ်းအုပ်သာသနာမှ စာချဘုန်းတော်ကြီးတစ်ပါး

စိန့်မိုက်ကယ်ရဟန်းဖြစ်သင်ကျောင်း၊ တောင်ကြီးမြို့ ။

gospel reflection