Pathein Catholic Diocese Untitled Document
Untitled Document
အာဒ်ဝင်တူးကာလ စတုတ္ထတနင်္ဂနွေနေ့အတွက်သြဝါဒ

အာဒ်ဝင်တူးကာလ စတုတ္ထတနင်္ဂနွေနေ့

၂၀၂၂ ဒီဇင်ဘာ ၁၈။

ရှင်မာတေဦး ၁း ၁၈-၂၄

ခရစ္စမတ်ပွဲတော်ကြီးသည် အလွန်နီးကပ်လာနေပြီဖြစ်၏။ ကျွန်ုပ်တို့သည် ခရစ္စမတ်ပွဲတော်အတွက် ကြိုတင်ပြင်ဆင်နေကြသည်မှာ ဥပုဒ်သုံးပတ်ခန့်ရှိခဲ့ပြီဖြစ်၏။

ဤယနေ့ ကျမ်းစာအားဖြင့် အမိအသင်းတော်ကြီးက ကြွလာတော်မူမည့် ကယ်တင်ရှင်မက်ဆီးယားသည် မည်သို့သောပုဂ္ဂိုလ်ဖြစ်ကြောင်းကို ကျွန်ုပ်တို့အား သိရှိစေပါသည်။

ကျွန်ုပ်တို့သည် အမိမယ်တော်နှင့် အဖသံဇူဇယ်တို့ကဲ့သို့ ကယ်တင်ရှင်မက်ဆီးယားကို လက်ခံကြရမည်။ ဘုရားသခင်၏အလိုတော်အတိုင်း လိုက်နာဆောင်ရွက်ကြရမည်။ ကယ်တင်ရှင်သည် ဘုရားစင်စစ်လူစင်စစ်ဖြစ်တော်မူ၏။ အမိမယ်တော်နှင့် အဖသံဇူဇယ်တို့သည် ကယ်တင်ရှင်ကို မည်သို့မည်ပုံ လက်ခံကြသည်ကို ယနေ့ကျမ်းစာ၌ဖော်ပြထားလျှက်ရှိ၏။ 

အမိမယ်တော်က သူမ၏ဘဝနှင့် သူမပိုင်ဆိုင်သမျှအရာအားလုံးကို ဘုရားသခင်ပေးသနားတော်မူသော ဆုလာဘ်အဖြစ်ခံယူထား၏။ ဘုရားသခင်က ဤအရာအားလုံးကို ပြန်လည်၍အလိုရှိလျှင် ပေးဆက်ရန်အဆင်သင့်ရှိ၏။ 

ထို့ကြောင့် သိကြားမင်းဂါဗြီအဲလ်က အမိန့်တော်ပြန်သောအခါ မယ်တော်က “ကျွန်မသည် ဘုရားသခင်၏ အစေခံမ ဖြစ်ပါ၏။ သင်၏စကားအတိုင်း ကျွန်မ၌ဖြစ်ပါစေဟု ဆို၏ (ရှင်လုကား ၁း ၃၈)။ သူမ၏နှိမ့်ချခြင်းနှင့် ဘုရားသခင်၏အလိုတော်ကို လက်ခံခြင်းကြောင့် လူအပေါင်းတို့၏ ကယ်တင်ရှင်မက်ဆီးယားသည် ဤလောကသို့ ဆင်းကြွလာတော်မူခဲ့၏။ 

အပြစ်ကြောင့် လူသည် ဘုရားသခင်နှင့် ရန်သူဖြစ်ခဲ့ရ၏။  အမိမယ်တော်သည် လူနှင့်ဘုရားသခင်ကို ပြန်လည် ပေါင်းစပ်ပေးခဲ့၏။ သားတော်ဘုရားသည် အမိမယ်တော်အားဖြင့် လူ့အဖြစ်ကို ယူတော်မူခဲ့၏။ ကယ်တင်ရှင်သည် အမိမယ်တော်၏ အသွေးအသားနှင့် လူဖြစ်လာခဲ့၏။ 

အမိမယ်တော်သည် ဘုရားသခင်၌ ယုံကြည်ကိုးစားခြင်းရှိသောကြောင့် အလွန်ချီးကျူးထိုက်လှပေ၏။ ဧလိဇဘက်က မယ်တော်မာရီးယားအား မိမိအားထာဝရဘုရားမိန့်တော်မူသောစကားသည် ပြည့်စုံလိမ့်မည်ဟု ယုံကြည့်သော မိန်းမသည် မင်္ဂလာရှိ၏ ဟု ဆိုခဲ့သည် (ရှင်လုကာ ၁း ၄၅)။ 

အမိမယ်တော်သည် ကယ်တင်ရှင်ယေဇူးခရစ်တော်ကို ကြိုဆိုလက်ခံရာ၌ ကျွန်ုပ်တို့အတွက် စံနမူနာပင်ဖြစ်၏။ ကျွန်ုပ်တို့သည်လည်း အမိမယ်တော်ကဲ့သို့ ဘုရားသခင်၏အလိုတော်ကို လက်ခံကြရမည်။ မိမိတို့၏အားနည်းခြင်းများကို သိမှတ်ဝန်ခံကြလျက် ဘုရားသခင်၏ချစ်ခြင်း ကြင်နာခြင်းကို ယုံကြည်ကိုးစားကြရမည်။ 

ယနေ့ကျမ်းစာ၌ အဖသံဇူဇယ်၏ အကြောင်ကိုလည်း ကြားနာခဲ့ကြရ၏။ အဖသံဇူဇယ်သည် အမိမယ်တော်၌ သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်အားဖြင့် ပဠိသန္ဓေစွဲလျက်ရှိသည်ကို တွေ့ရှိခဲ့၏။ 

အဖသံဇူဇယ်သည် ဖြောင့်မတ်သောသူဖြစ်သောကြောင့် အမိမယ်တော်ကို အရှက်တကွဲမဖြစ်စေလိုသောကြောင့် တိတ်တဆိတ်စွန့်ခွာသွားရန်ကြံစည်ခဲ့၏။ 

တရားဟောရာကျမ်း၌ ယောက်ျားနှင့် စေ့စပ်ထားသောမိန်းကလေးသည် အခြားယောက်ျားနှင့် ပြစ်မှားမိလျှင် ကျောက်ခဲနှင့်ပေါက်သတ်ရသော ဥပဒေရှိ၏။ ကျမ်းစာ၌ အပျိုကညာကို ယောက်ျားနှင့် ဆောင်နှင်းပြီးမှ အခြားသောယောက်ျားနှင့် မြို့ထဲမှာ တွေ့၍ သင့်နေလျှင် ထို့နှစ်ယောက်တို့ကို မြို့တံခါးသို့ ထုတ်ဆောင်ပြီး ကျောက်ခဲနှင့်ပေါက်၍ အသေသတ်ရမည် ဟု ပါရှိ၏ (တရားဟောရာကျမ်း ၂၂း ၂၃)။ 

တရားဥပဒေအရဆိုလျှင် အမိမယ်တော်၏ ကိုယ်ဝန်မှာ အဖသံဇူဇယ်နှင့် မပတ်သက်သောကြောင့် သက်ဆိုင်ရာအာဏာပိုင်များကို အကြောင်းကြားရန် အဖသံဇူဇယ်၌ တာဝန်ရှိ၏။ အကယ်၍အမိမယ်တော်၌ အပြစ်ရှိသည်မှန်လျှင် အမိမယ်တော်သည် တရားဥပဒေအရ တရားစီရင်ခြင်းကို ခံရမည်ဖြစ်၏။ 

သို့သော်အဖသံဇူဇယ်သည် ဖြောင့်မတ်သောသူဖြစ်သောကြောင့် တရားဥပဒေကိုကျော်လွန်၍ သနားကြင်နာခြင်းကို ပြသခဲ့၏။ အဖသံဇူဇယ်သည် သူတစ်ပါးကို အပြစ်မစီရင်ခဲ့ပေ။ မေတ္တာအကြင်နာကိုသာ ပြသခဲ့၏။ အဖသံဇူဇယ်သည် ကျွန်ုပ်တို့အတွက် အတုယူစရာပင်ဖြစ်၏။ 

ယနေ့ကျမ်းစာအားဖြင့် ကယ်တင်ရှင်ယေဇူးနှင့်တကွ အမိမယ်တော်နှင့် အဖသံဇူဇယ်တို့၏အကြောင်းကို သိရှိကြရ၏။ ကယ်တင်ရှင်ယေဇူးသည် အမိမယ်တော်၏ဝမ်းတော်၌ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏တန်ခိုး တော်အားဖြင့် ပဠိသန္ဓေစွဲယူခဲ့သောကြောင့် ဘုရားစင်စစ် လူစင်စစ်ဖြစ်၏။ 

အမိမယ်တော်သည် နှိမ့်ချခြင်းပါရမီနှင့်ပြည့်ဝသောသူဖြစ်သောကြောင့် ဘုရားသခင်၏အလိုတော်ကို လိုက်နာခဲ့၏။ မယ်တော်က “ကျွန်မသည် ဘုရားသခင်၏ကျွန်မဖြစ်၏။ ဘုရားသခင်၏အလိုတော်အတိုင်း ကျွန်မ၌ဖြစ်ပါစေဟု” လက်ခံခဲ့သောကြောင့် သားတော်ဘုရားသည် လူ့အဖြစ်ကို ယူခဲ့၏။ 

အဖသံဇူဇယ်သည် ဖြောင့်မတ်သူဖြစ်သည်ဟု ကျမ်းစာက ဖော်ပြထား၏။ အဖသံဇူဇယ်သည် သံသယနှင့် နှလုံးစိတ်ဝမ်းကြေကွဲချိန်၌ပင် အမိမယ်တော်ကို မေတ္တာအကြင်နာနှင့်ဆက်ဆံခဲ့၏။ 

အမိမယ်တော်နှင့် အဖွသံဇူဇယ်တို့သည် ဘုရားသခင်၏အလိုတော်ကို လိုက်နာကြသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ဘုရားသခင်၏အလိုတော်ကို လိုက်နာကြရန်လိုအပ်လေသည်။ 

 

ပုသိမ်ကက်သလစ်သာသနာမှ ရဟန်းတစ်ပါး

စိန့်မိုင်ကယ်ရဟန်းဖြစ်သင်ကျောင်း၊ တောင်ကြီးမြို့။

gospel reflection