Pathein Catholic Diocese Untitled Document
Untitled Document
သန်းခေါင်ယံည နာတာလူးပွဲတော်ကြီး

နာတာလူးပွဲတော်ကြီး

(သန်းခေါင်ယံည)

ရှင်လုကာ ၂း ၁-၁၄

ယနေ့ညသည် သခင်ယေဇူးဖွားမြင်ခြင်းကို ခံတော်မူသော ခရစ္စမတ်ပွဲတော်ညဖြစ်၏။ ရောမဧကရာဇ်ဘုရင်ကြီး ဆေဇာဩဂုတ်စတုစ်သည် ဂျူဒေယာပြည်၌နေထိုင်သောသူ အပေါင်းတို့ကို သန်းခေါင်စားရင်းကောက်ခံစေခဲ့၏။

ဒါဝိတ်မင်းကြီးသည်ဂျူဒေယာပြည်နယ်ရှိဗက်သလင်ဟင်မြို့၌နေထိုင်ခဲ့၏။အဖသံဇူဇယ်သည်ဒါဝိတ်မင်းကြီး၏အမျိုးအနွယ်ဖြစ်၏။ ထို့ကြောင့် အဖသံဇူဇယ်နှင့်အမိမယ်တော် မာရီယားတို့သည် သန်းခေါင်စာရင်းပေးသွင်းရန်အတွက် ဗက်သလင်ဟင်မြို့သို့ သွားကြရ၏။ ထိုအချိန်မယ်တော်မာရီယားသည် ကိုယ်ဝန်အရင့်အမာရှိနေပြီဖြစ်၏။

ဗက်သလင်ဟင်ရှိ တည်းခိုခန်းများသည် သန်းခေါင်စာရင်းပေးသွင်းရန် အနယ်နယ်အရပ်ရပ်မှ လာသော ဧည့်သည်များနှင့် ပြည့်နှက်လျှက်ရှိ၏။ အဖသံဇူဇယ်သည် တည်းခိုစရာနေရာကို ကြိုးစား၍ရှာဖွေခဲ့သော်လည်း မရရှိခဲ့ပေ။ ထို့ကြောင့်အဖသံဇူဇယ်နှင့် အမိမယ်တော်တို့သည် နွားတင်းကုတ်၌ သွားရောက်၍တည်းခိုခဲ့ကြရ၏။ မယ်တော်သည် သူငယ်တော်ယေဇူးကို နွားတင်းကုတ်၌မွေးဖွားခဲ့၏။

ထိုအချိန်တွင် ကောင်းကင်တမန်တော်များသည် ပေါ်လာ၍ အမြင့်ဆုံးသောအရပ်၌ ဘုရားသခင်အား ဘုန်းတော်ဂုဏ်တော်ရှိစေသတည်း။ မြေကြီးပေါ်၌လည်း စိတ်ကောင်းနှလုံးကောင်းရှိသူတို့အား ငြိမ်သက်ခြင်းရှိစေသတည်း” ဟု သီဆိုချီးမွမ်းကြ၏။

ကောင်းကင်တမန်တော်များက ကယ်တင်ရှင်မက်ဆီးယားဖွားမြင်တော်မူသည့် သတင်းကို ပတ်ဝန်းကျင်၌ရှိသော သိုးထိန်းများအား ဦးစွာပထမ ပြောကြားကြ၏။ ကောင်းကင်တမန်တော်များက သိုးထိန်းတို့အား ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့အတွက် အလွန်ဝမ်းမြောက်စရာသတင်းကောင်းကို ငါသည်သင်တို့အား ပြောကြားရာ၏။ ယနေ့တွင် ဒါဝိတ်မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်ရှင်မက်ဆီးယားသည် သင်တို့အဖို့အလို့ငှါ ဖွားမြင်တော်မူပြီ” ဟု သတင်းကောင်းပါးလေ၏ (ရှင်လုကာ ၂း ၁၀-၁၂)။

သခင်ယေဇူး ဤလောက၌ မွေးဖွားလာခြင်းအပေါ်လူအများက အမျိုးမျိုးတုန့်ပြန်ကြ၏။ အမိမယ်တော်၊ အဖသံဇူဇယ်နှင့် သိုးထိန်းများအတွက်မှာမူကား သခင်ယေဇူး ဤလောက၌ မွေးဖွားလာခြင်းသည် အလွန်ဝမ်းမြောက်ပျော်ရွှင်ဖွယ်ဖြစ်ပြီး ချစ်ခြင်းနှင့် ပြည့်ဝနေသောအချိန်ပင်ဖြစ်၏။ ဟေရုဒ်မင်းကြီးအတွက်မူကား အလွန်ပင် စိုးရိမ်ထိတ်လန့်ရသောအချိန်ဖြစ်၏။

သိုးထိန်းများသည် နေ့စဉ်နေ့တိုင်း မိမိတို့၏ သိုးများနှင့်အတူ တောထဲတွင်နေကြရ၏။ မိမိတို့၏သိုးများကို ခိုးသားဓါးပြများနှင့် သားရိုင်းများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ပေးကြရ၏။ မိမိတို့၏သိုးများ အစာကိုကောင်းစွာစားရရန်နှင့် မပျောက်မပျက်ရန် ထိန်းကျောင်းပေးရ၏။ ကောင်းကင်တမန်တော်က သူတို့ကို သူငယ်တော်ယေဇူးရှိရာ နွားစားခွက်သို့ ပို့ဆောင်ပေးသောကြောင့် အလွန်ပင်ဝမ်းမြောက်ကြ၏။

သို့သော် သူငယ်တော်ယေဇူး ဖွားမြင်ခြင်းသည် အချို့သောသူများအတွက် ကြောက်ရွံ့ထိန့်လန့်ခြင်းကို ဖြစ်စေ၏။ ဂျေရုစလင်မြို့ရှိ ဟေရုမင်းကြီးသည် ကယ်တင်ရှင်ဖွားမြင်ကြောင်းကို ကြားသိရသောအခါ ထိန့်လန့်သွားခဲ့၏။ သူ၏ထီးနန်းကို လုယူမည်ဟု ထင်မှတ်၍ စိုးရိမ်သောကဖြစ်ခဲ့ရ၏။ သူ၏အမှန်တရားကြောင့် ဗက်သလင်ဟင်မြို့ဝန်းကျင်၌ရှိသည့် အသက်နှစ်နှစ်အောက်ယောကျ်ားလေးများ အသတ် ခံခဲ့ရ၏။

သခင်ယေဇူးဤလောကသို့ ကြွလာခြင်းသည် ရာထူးစည်းစိမ်ကို ခုန်မင်သော ဟေရုဒ်မင်းကြီးအတွက် အကျိုးမရှိခဲ့ချေ။ ကျွန်ုပ်တို့သည်လည်း ဟေရုဒ်မင်းကြီးကဲ့သို့ ရာထူးစိမ်းစည်များကို ခုန်မင်နေလျှင် သခင်ယေဇူး ဤလောကသို့ ကြွလာခြင်းသည် ကျွန်ုပ်တို့အတွက် အကျိုးမရှိနိုင်။

ကျွန်ုပ်သည် အမိမယ်တော်၊ အဖသံဇူဇယ်နှင့် သိုးထိန်းများကဲ့သို့ သူငယ်တော်ယေဇူးကို ကြိုဆိုလက်ခံကြလျှင် ကျွန်ုပ်တို့အတွက် အကျိုးကျေးဇူးကြီးမားပေလိမ့်မည်။

ဗက်သလင်ဟင်မြို့ နွားစားခွက်၌ ဖွားမြင်တော်မူသော သူငယ်တော်ယေဇူးသည် ကျွန်ုပ်တို့အတွက် ငြိမ်းချမ်းခြင်းကို ယူဆောင်ပေးခဲ့၏။ ကိုယ်တော်ကို ကြိုဆိုလက်ခံနိုင်ရန် ဦးစွာပထမ ကျွန်ုပ်တို့၏စိတ်နှလုံးများကို ပြင်ဆင်ကြရမည်။ ကျွန်ုပ်တို့နှလုံးသားများအတွင်းမှ လောဘ၊ ဒေါသ၊ မောဟ နှင့်အမုန်းတရားများကို ဖယ်ရှားပစ်ရမည်။ ၎င်းတို့၏နေရာတွင် မေတ္တာ၊စေတနာ၊ အကြင်နာတို့ဖြင့် အစားထိုးကြရမည်။

သူငယ်တော်ယေဇူး ဤလောကသို့ ကြွလာသည့် အကြောင်းရင်းမှာ ဆာလောင်မွတ်သိမ့်နေသော သူများကို ကြွေးမွေးရန်၊ ဝမ်းနည်းကြေကွဲနေသောသူများကို အားပေးနှစ်သိမ့်ရန် ဖျားနာနေသောသူများကို နေကောင်းကျန်းမာစေရန်နှင့် ကမ္ဘာသူ ကမ္ဘာသားအားလုံးကို ကောင်းကင်သုခချမ်းသာကို စံစားစေကြရန်ဖြစ်၏။

လူတို့သည် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ဝမ်းမြောက်ရွှင်လန်းခြင်း တို့ကိုသာ လိုလားတောင်းတကြ၏။ ဒုက္ခဆင်းရဲခြင်းနှင့်ဝမ်းနည်းကြေကွဲခြင်းများကို မည်သူမျှ အလိုမရှိကြချေ။ ကောင်းကင်သုခချမ်းသာကို စံစားကြရမှသာလျှင် လူတို့၏လိုအင်ဆန္ဒများပြည့်ဝကြမည်ဖြစ်၏။ ကမ္ဘာလူသားအားလုံးတို့သည် ဆင်းရဲဒုက္ခမှ ကင်းဝေ၍ သုခချမ်းသာကို စံစားနိုင်ကြစေရန် သူငယ်တော်ယေဇူးသည် ဤလောကသို့ ဆင်းကြွလာခဲ့ခြင်းဖြစ်၏။

ဤယနေ့သည် ဘုရားရှင်သားတော်ယေဇူးခရစ်တော် ဤလောက၌မွေးဖွားသည့် ခရစ္စမတ်ပွဲ့နေ့ကြီးဖြစ်၏။ ဤယနေ့၌ ဘုရားသခင်က ကမ္ဘာသူ ကမ္ဘာသားတို့ကို မည်ရွေ့မည်မျှ ချစ်ကြောင်းကို ပြသခဲ့၏။ ကျွန်ုပ်တို့ကို အတိုင်းအဆမရှိချစ်တော်မူသော ဘုရားသခင်ကို ကျွန်ုပ်တို့က ပြန်လည်၍ ချစ်ကြရမည်။ ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းကြရမည်။ ရှိခိုးကိုးကွယ်ကြရမည်။

သက်ကြီးဝါကြီးရဟန်းတစ်ပါး

ပုသိမ်ကက်သလစ်သာသနာ

 

gospel reflection